စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ၁၉ ရက်အတွင်း အရပ်သား ၂၃ ဦးသေဆုံး  

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တွင် သေဆုံးသူ ၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ရခိုင်တွင် သေဆုံးသူ ၈ ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

By Admin 20 Apr 2024

ဧပြီလ ၄ ရက်က လေကြောင်းဗုံးကြဲမှုကြောင့် မြစ်ထဲသို့ဆင်းပြေးကြသော ကျောက်တော်ဒေသခံများ။ 
ဧပြီလ ၄ ရက်က လေကြောင်းဗုံးကြဲမှုကြောင့် မြစ်ထဲသို့ဆင်းပြေးကြသော ကျောက်တော်ဒေသခံများ။ 

DMG ၊ ဧပြီ ၂၀ 

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီလ ၁ ရက်မှ ၁၉ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးသူ ၂၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်သည်။ 

အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၄ ဦးဖြစ်ပြီး ယင်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ် ၅ ဦး ပါဝင်သည်။ ရှမ်းပြည်နယ်တွင် သေဆုံးသူ ၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ရခိုင်တွင် သေဆုံးသူ ၈ ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် AA ထိန်းချုပ်ထားသည့် ကျောက်တော်မြို့နယ်တွင် ၂ ဦး၊ မင်းပြားမြို့နယ်တွင် ၃ ဦး၊ မြေပုံမြို့နယ်တွင် ၃ ဦး သေဆုံးခဲ့ရသည်။

“စစ်ကောင်စီမှာ လေကြောင်းကလွဲလို့ တခြားလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲမယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းပစ်မယ်၊ အရပ်သားတွေအကျိုးစီးပွားကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ” ဟု မင်းပြားဒေသခံ တစ်ယောက်က ပြောသည်။

လူ့အသက်ပေါင်းများစွာကို တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်သည့် လေကြောင်းပစ်ခတ်မှုကို စစ်ကောင်စီက အလွန်အကျွံအသုံးပြုလာသဖြင့် စစ်ကောင်စီကို လေယာဉ်ဆီ မရောင်းချကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက်တွင် တိုက်တွန်းထားသည်။

၎င်းအပြင် စစ်ကောင်စီအား တရားမဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများ ရောင်းချနေမှုတို့ကို ရပ်တန့်ကြဖို့လည်း လူ့အခွင့်အရေးကောင်စီက တောင်းဆိုထားသည်။ 

“ကုလသမဂ္ဂက ဘယ်လိုပဲတောင်းဆိုတောင်းဆို သူတို့နိုင်ငံအကျိုးအမြတ်အတွက် စစ်ကောင်စီကို လက်နက်တွေ ရောင်းနေကြတာပဲ။ အထူးသဖြင့် ရုရှား၊ အိန္ဒိယ တို့ပေါ့။ လေကြောင်းကို ဒီထက် အများကြီးပိုသုံးလာနိုင်တော့ ပြည်သူတွေအနေနဲ့  သတိထားပြီးနေရမှာပဲ” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရမယှဉ်နိုင်သော စစ်ကောင်စီသည် လေကြောင်းကိုသာ အဓိကအသုံးပြုလာပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလထိ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၅၀ ကျော်ထိ ရှိခဲ့ကြောင်း Justice For Myanmar ၏ ၂၀၂၄ ဧပြီ ၁၅ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

ဗီဒီယိုများ