ရခိုင်တွင် ညမထွက်ရအမိန့်ကြောင့် လုပ်ငန်းများထိခိုက်နေရ၍ ရုပ်သိမ်းသင့်ပြီဟု ဒေသခံများပြော

ရခိုင်ပြည်နယ်သည် လက်ရှိတည်ငြိမ်သည့်အနေအထားတွင်ရှိနေသဖြင့် မြို့နယ်အချို့၌ထုတ်ပြန်ထားသော ပုဒ်မ-၁၄၄(ညမထွက်ရအမိန့်)ကို ရုပ်သိမ်းသင့်ပြီဟု ဒေသခံများကပြောဆိုကြသည်။

22 Mar 2022

DMG ၊ မတ် ၂၂

ရခိုင်ပြည်နယ်သည် လက်ရှိတည်ငြိမ်သည့်အနေအထားတွင်ရှိနေသဖြင့် မြို့နယ်အချို့၌ထုတ်ပြန်ထားသော ပုဒ်မ-၁၄၄(ညမထွက်ရအမိန့်)ကို ရုပ်သိမ်းသင့်ပြီဟု ဒေသခံများကပြောဆိုကြသည်။

ညမထွက်ရအမိန့်ရှိနေသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တောတောင်ကိုအမှီပြုကာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အခက်အခဲဖြစ်ပေါ်စေပြီး ကုန်စည်စီးဆင်းမှုအပိုင်းတွင်လည်း နှောက်နှေးကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

ပြည်မဘက်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ညမထွက်ရအမိန့်ကြောင့် အမ်းဂိတ်ကို ဖြတ်သန်းသွားလာခွင့်မရရှိဘဲ ကုန်စည်စီးဆင်းမှုနှောက်နှေးကာ ဆုံးရှုံးနစ်နာမှုများရှိသည်ဟု စစ်တွေ-ရန်ကုန်ပြေးဆွဲနေသော ကေသီဦးကားဂိတ်မှ ဦးအောင်မြင့်ကပြောသည်။

“ကျွန်တော်တို့က နာရီနဲ့မောင်းနေရတာဖြစ်တယ်။ ကျွန်တော်တို့ စစ်တွေကနေထွက်လာချိန် ဥပမာ-ကားဘီးပေါက်တာတို့ တစ်ခုခုကြောင့် လမ်းမှာကြာသွားရင် အမ်းကိုအချိန်နဲ့မဖြတ်နိုင်ရင် အဲဒီမှာဘဲအိပ်ရတယ်။ ကျွန်တော်တို့က ဂဏန်းတင်ပို့တာလေ။ အချိန်နဲ့မကိုက်တော့ ဆုံးရှုံးမှုရှိတာပေါ့။ အချိန်နဲ့မတင်ပို့နိုင်ရင် ဆုံးရှုံးသွားရတယ်။ ကုန်သည်တွေက အရှုံးနဲ့ပိုပြီးခံကြရတယ်”ဟု ဦးအောင်မြင့်ကပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့သည့်ကာလက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ကျဆင်းမှုမဖြစ်စေရန်၊ အုပ်ချုပ်ရေးယန္တရားတည်ဆောက်နိုင်ရန်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ဟုဆိုကာ ရခိုင်ကမြို့နယ်တချို့တွင် ညမထွက်အမိန့်ကို ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်နေသည့်ကာလတွင်လည်း ညမထွက်ရအမိန့်ကို ဆက်လက်သက်တမ်းတိုးထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့်မြို့နယ်များတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ ညမထွက်ရအမိန့်ကို နှစ်လသက်တမ်းတိုးထားသည်။ ယင်းအပြင် အမ်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှစ၍ ဧပြီလ ၃၁ ရက်နေ့ထိ ညမထွက်ရအမိန့်ကို နှစ်လတာသက်တမ်းတိုးထုတ်ပြန်ထားသည်။

တိုက်ပွဲကာလအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ခြင်းကို လက်ခံ၍ရသော်လည်း တည်ငြိမ်နေသည့် ယခုကာလ၌ ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်နေခြင်းမှာ မလိုအပ်ဟု ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာမှ ဒေသခံဦးအောင်ကျော်မြက ပြောသည်။

“ညမထွက်ဆိုတဲ့အတွက် ညအချိန်မှာ အရေးပေါ်လူနာဖြစ်လို သွားမယ်ဆိုရင် အတားအဆီးတစ်ခုဖြစ်ပြီး ကျွန်တော်တို့ပြည်သူအတွက်လည်း ဒုက္ခဖြစ်ရတယ်။ တည်ငြိမ်အေးချမ်းနေချိန်မှာ ညမထွက်ရဆိုတာက အများပြည်သူရဲ့အခွင့်အရေးတွေဆုံးရှုံးပြီး အခက်အခဲသာဖြစ်တဲ့အတွက် အကျိုးရှိတဲ့ကိစ္စမဟုတ်ဘူး။ ဒါကြောင့် မလုပ်ဆောင်သင့်တော့ဘူး”ဟု ဦးအောင်ကျော်မြကပြောသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟု လက်ရှိထုတ်ပြန်ထားသော ညမထွက်ရအမိန့်စာတွင် ပါရှိသည်။

ထို့အပြင် ရပ်ကွက်/ကျေးရွာအုပ်စုတွင်သော်လည်းကောင်း၊ သာမန်အရပ်သားပြည်သူများအကြားတွင် လည်းကောင်း တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းဆိုသည်။ ယင်းကြောင့် ညအချိန်တွင် လွတ်လပ်စွာ သွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်များထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟုယုံကြသည့်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း အမိန့်စာတွင်ဖော်ပြသည်။

လက်ရှိအနေအထားအရ ရခိုင်ပြည်တွင် ညမထွက်ရအမိန့်ထုတ်ပြန်စရာမလိုအပ်ဟု အမ်းဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးလွင်ကပြောသည်။

“၂၀၁၉ က ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ရဲ့တိုက်ပွဲကာလမှာ ထိခိုက်မှုတွေက စစ်ရေးကာလမှာ ဖြစ်ပွားမှုတွေရှိခဲ့ကြတယ်။ အဲဒီအချိန်တုန်းကထုတ်ပြန်လာတာကို အခုနှစ်လတစ်ကြိမ် သက်တမ်းတိုးပြီး ညမထွက်ရအမိန့်ထုတ်တာက စစ်ရေးကာလကဖြစ်စဉ်တွေကို ကိုးကားထားသည်သာလျှင် အစကဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အငြိုးတကြီးနဲ့ ညမထွက်ရအမိန့်ထုတ်တယ်လို့သုံးသပ်ရတယ်။ အမှန်က လက်ရှိအနေအထား အရဆိုရင် ညမထွက်ရအမိန့်ထုတ်ပြန်စရာမလိုတော့ဘူး”ဟု ၎င်းကပြောသည်။

အေးချမ်းနေသည့်ဒေသတစ်ခုတွင် ပုဒ်မ-၁၄၄(ညမထွက်ရအမိန့်)ထုတ်ထားခြင်းသည် အစိုးရအနေဖြင့် အပိုအလုပ်ကိုလုပ်ဆောင်နေခြင်းဟု မင်းပြားဒေသခံကိုအမ်းသားကြီးက ယူဆသည်။

“ကျွန်တော်တို့ဒေသခံတွေမှာ အလုပ်ကိုအချိန်ပြည့်လုပ်နေရတဲ့အချိန်အခါရှိတယ်။ ညလဲသွားရတယ်။ မိုးရာသီဆိုရင် လယ်ယာလုပ်ရတယ်။ အခုဆိုရင်လည်း ဈေးရောင်းတဲ့သူတွေက ညအချိန်သွားကြရတယ်။ နိုင်ငံရေး၊စစ်ရေး တည်ငြိမ်နေတဲ့အချိန်အခါဖြစ်တာကြောင့် ၁၄၄ ကိုက မရှိသင့်ဘူးလို့မြင်တယ်”ဟု ကိုအမ်းသားကြီးက ပြောသည်။

ပြည်သူလူထုအနေဖြင့် မိမိတို့ဒေသမှာအေးချမ်းနေသည့်အတွက် ညမထွက်ရအမိန့်ကိုရုပ်သိမ်းစေချင်ပါက သက်ဆိုင်ရာအဖွဲ့အစည်းမှတစ်ဆင့် ပြည်နယ်သို့တင်ပြနိုင်သလို သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ သဘောထားအားတင်ပြနိုင်ကြောင်း ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG သို့ ဖြေကြားထားသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစတင်ဖြစ်ပွားခဲ့သော နှစ်ဖက်စစ်ရေးပဋိပက္ခသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းမှရပ်တန့်ခဲ့သဖြင့် လက်ရှိတွင် တိုက်ပွဲငြိမ်သက်နေသည်မှာ တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ