စစ်တွေတွင် စစ်ကောင်စီက သံချပ်ကာကားများဖြင့် လှည့်လည်အင်အားပြ၊ ညအချိန် အပြင်မထွက်ကြရန်လည်း ကြေညာထား

“စစ်အစိုးရအုပ်ချုပ်တဲ့ ကာလမှာတော့ သူတိုရဲ့လက်နက်ပိုင်ဆိုင်မှု၊ အာဏာပိုင်ဆိုင်မှုကိုတော့ ရတဲ့နည်းလမ်းနဲ့ ပြသနေမှာပဲ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

By Admin 13 Nov 2023

စစ်တွေမြို့တွင်း၌ ယနေ့ လှည့်လည်သွားလာနေသည့် သံချပ်ကာကားတစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ 
စစ်တွေမြို့တွင်း၌ ယနေ့ လှည့်လည်သွားလာနေသည့် သံချပ်ကာကားတစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ 

DMG ၊ နိုဝင်ဘာ ၁၃ 

ရခိုင်ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှစပြီး ည (၉) နာရီနောက်ပိုင်း အပြင်မထွက်ကြရန် ထုတ်ပြန်လိုက်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ကလည်း သံချပ်ကာကားများဖြင့် မြို့တွင်းလှည့်လည် အင်အားပြနေကြောင်း သိရသည်။ 

ည ၈ နာရီ ၃၀ မိနစ်တွင် စားသောက်ဆိုင်နှင့် လမ်းဘေးဈေးဆိုင်များ အပြီးပိတ်သိမ်းရန်၊ ပြည်သူများအနေဖြင့် ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ကြရန်နှင့် ညွှန်ကြားချက်အား မလိုက်နာပါက အရေးယူသွားမည်ဟု ဆိုသည်။ 

စစ်တွေမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “စစ်တွေမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်ပါတယ်။ ဒေသမတည်ငြိမ်တဲ့ အခြေအနေမှာ ပြည်သူတွေ အထိတ်တလန့်မဖြစ်ရအောင်၊ အန္တရာယ်မဖြစ်ရအောင်ဆိုပြီး  ညနေ ၉ နာရီကစလို့ အပြင်ထွက်လို့မရဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မနက်ပိုင်းဆိုရင် ၆ နာရီမှာ စထွက်လို့ ရပါပြီ” ဟု DMG ကို ပြောသည်။ 

ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် ထုတ်ပြန်ချက်တွင် ပုဒ်မ ၁၄၄ ဟု တိုက်ရိုက်ဖော်ပြထားခြင်း မရှိဘဲ မည်သည့်နေ့ရက်အထိ ကန့်သတ်ထားသည်ကိုလည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ 

“ကျမတို့မှာ ညနေဘက်တစ်ခုပဲ အလုပ်လုပ်ရတာ။ ဒီလိုမျိုး ရေရှည်ကန့်သတ်ထားမယ်ဆိုရင်တော့ အခက်အခဲ ရှိလာမှာပါ” ဟု စစ်တွေမြို့ ညဈေးတန်းတွင် အကြော်စုံရောင်းချနေသူ ဒေါ်မကြီးက ပြောသည်။ 

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လယ် ၂ နာရီခန့်မှ စတင်ကာ သံချပ်ကာကားများဖြင့် စစ်တွေမြို့ လမ်းမကြီးတစ်လျှောက် အင်အားပြသွားလာမှုများ ရှိခဲ့သည်။

စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက “ကျမလမ်းမကြီးကပန့်ဆိုင်မှာ ဆိုင်ကယ်ဆီ ဖြည့်နေတဲ့အခါ ၄ စီးလောက် မြို့ထဲကို သွားတယ်။ မြို့ထဲသွားတော့လည်း မြို့ထဲမှာ ၂ စီးလောက် တွေ့ခဲ့တယ်။ တခြားနေရာတွေမှာလည်း သွားလာနေတာတွေရှိတယ်လို့ သိရပါတယ်။ ဘာကြောင့် အခုလိုသွားနေကြတာလဲတော့ မသိဘူး။ ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။ 

ယနေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအနီးရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်ကို AA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အလားတူ မင်းပြားမြို့နယ်တွင်လည်း စစ်ကောင်စီယာဉ်တန်းကို ဖေသာပြင်နှင့် ဖားပြို(ချင်း) ကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

ထို့အပြင် တကျော့ပြန်ရခိုင်စစ်ပွဲ ပထမနေ့တွင် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များမှာ လက်နက်ချအညံ့ခံမှုနှင့် စခန်းစွန့်ခွာ ထွက်ပြေးမှုများလည်း ရှိနေသည်။

တကျော့ပြန် ရခိုင်စစ်ပွဲစတင်ချိန်တွင် စစ်တွေမြို့တွင်း၌ စစ်ကောင်စီက လက်နက်ကြီးများတပ်ဆင်ပြီး အင်အားပြလှည့်လည်ခြင်းမှာ ပြည်သူများကို အထိတ်တလန့် ဖြစ်စေကြောင်း ဒေသခံများက ပြောသည်။

“စစ်အစိုးရအုပ်ချုပ်တဲ့ ကာလမှာတော့ သူတိုရဲ့လက်နက်ပိုင်ဆိုင်မှု၊ အာဏာပိုင်ဆိုင်မှုကိုတော့ ရတဲ့နည်းလမ်းနဲ့ ပြသနေမှာပဲ။ ဒါပေမယ့် ပြည်သူတွေ အထိတ်တလန့်ဖြစ်နေတဲ့အချိန်မှာ ပြသတာကတော့ မကောင်းဘူးလို့ ပြောချင်တယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့် မြောက်ပိုင်းမြို့နယ်များ၌ ညမထွက်ရအမိန့် ၁၄၄ ကို ၂၀၁၈ ခုနှစ် ရခိုင်စစ်ပွဲကာလကပင် သက်တမ်းတိုးထုတ်ပြန်ထားဆဲ ဖြစ်သည်။ 

#D003 #DMG 

ဗီဒီယိုများ