စစ်ကောင်စီကြောင့် ရခိုင်တွင် ၄ ရက်အတွင်း အရပ်သား ၉ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

နိုင်ငံတဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျုးလွန်နေသည်။

By Admin 05 Apr 2024

ဧပြီလ ၄ ရက်က ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး။ 
ဧပြီလ ၄ ရက်က ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး။ 

DMG ၊ ဧပြီ ၅

ရခိုင်ပြည်တွင် ယခုလ ၁ ရက်မှ ၄ ရက်အထိ ၄ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း DMG စာရင်းပြုစုချက်အရ သိရသည်။

သေဆုံးသူများမှာ ကျောက်တော်မြို့မှ ၂ ဦး၊ မင်းပြားမြို့နယ် မြစ်နားကျေးရွာမှ ၃ ဦး၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ၃ ဦး၊ ပေါက်တောမြို့နယ် မော်ထုပ်ကြီးကျေးရွာမှ ၁ ဦးတို့ဖြစ်သည်။ 

ဒဏ်ရာရသူများမှာ ကျောက်တော်မြို့မှ ၅ ဦး၊ မင်းပြားမြို့နယ် မြစ်နားကျေးရွာမှ ၈ ဦး၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ၃ ဦးနှင့် ပေါက်တောမြို့နယ် မော်ထုပ်ကြီးကျေးရွာမှ ၆ ဦးတို့ဖြစ်သည်။ 

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားသည့် ဒေသများကို လေကြောင်း၊ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများရှိနေ၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ကျနော်တို့မြို့ကို မကြာခဏဆိုသလို လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်တာရှိတယ်။ မနေ့ကလည်း  ဗုံးလာချသွားတာ သေဆုံးဒဏ်ရာရသူတွေရှိတယ်။ ဒီလို လာပစ်နေတော့ ဒေသခံတွေမှာ ကြောက်လန့်ပြီး စိုးရိမ်နေကြတာပေါ့” ဟု သူက ဆိုသည်။

ဧပြီ ၄ ရက်က ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲခဲ့မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

ဧပြီ ၃ ရက်ကလည်း မင်းပြားမြို့နယ်၊ င/စရိုင်းချောင်းကျွန်း မြစ်နားကျေးရွာ လေကြောင်းဗုံးကြဲခံရ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ရသည်။ 

နိုင်ငံတဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျုးလွန်နေသည်။

“စစ်ကောင်စီကတော့ ဒီကာလမှာ ဒါတွေကို ဆက်လုပ်နေအုန်းမှာပဲ။ ဒေသခံတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ဒီကာလမှာ သတိထားပြီးနေဖို့ လိုအပ်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲ (၅)လနီးပါးအတွင်း ရခိုင်ပြည်က ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့အထိ လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦးရှိကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)စာရင်းအရ သိရသည်။

ဗီဒီယိုများ