မောင်တောတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီးဖြစ်သည့် ကြိမ်ချောင်းစခန်းကို ယနေ့ ဧပြီလ ၈ ရက်တွင်လည်း AA က ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း AA နှင့်နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။ 

By Admin 08 Apr 2024

မောင်တောတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

DMG ၊ ဧပြီ ၈ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်  ရက္ခိုင့်တပ်တော်(AA)က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။ 

အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီးဖြစ်သည့် ကြိမ်ချောင်းစခန်းကို ယနေ့ ဧပြီလ ၈ ရက်တွင်လည်း AA က ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း AA နှင့်နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။ 

“ဟိုတစ်နေ့ကတော့ အမှတ်(၂၄)ဗျူဟာကို သိမ်းလိုက်ပြီ။ ဒီနေ့လည်း ကြိမ်ချောင်းစခန်းကို ထိုးစစ်ဆင်နေတယ်။ ကြိမ်ချောင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ နောက်ထပ် စခန်း ၄ ခုလောက် ကျန်သေးတယ်” သူက ဆိုသည်။ 

ဧပြီလ ၅ ရက်က ကြိမ်ချောင်းနယ်ခြားစောင့်စခန်းရှိ အမှတ်(၂၄)ဗျူဟာကို AA က သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့် စခန်းများကို ထပ်မံသိမ်းပိုက်နိုင်ရေးအတွက်  AA က ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ 
 
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းများဖြင့် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန်နေကြောင်း မောင်တောဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကလည်း အဲဒီစခန်းအနီးကို ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်လာတာရှိတယ်။ အခုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်နေတယ်။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်”ဟု သူက ပြောသည်။ 

ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း AA က မတ်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါစခန်းကို AA က ဖေဖော်ဝါရီလ ၉ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိတ်အနယ်ခုခံနေသဖြင့် နှစ်လနီးပါးထိ ကြာမြင့်လာသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင်စတင်သည့် ရခိုင်စစ်ပွဲ ငါးလနီးပါးအတွင်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်းပေါင်းရာနှင့်ချီ သိမ်းပိုက်ရရှိထားပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝ မြို့နယ်တို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဗီဒီယိုများ