- စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
အမ်းမြို့နယ်က ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေးနေ
မင်းဘူး-အမ်း ကားလမ်းတစ်လျှောက်ရှိ ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ ဒေသခံများကို စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်သားများကိုယ်တိုင် လာရောက်ပြောဆိုခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် ဖိအားပေးခြင်းများ လုပ်ဆောင်နေသည်။
26 Apr 2024
DMG ၊ ဧပြီ ၂၆
ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆယ်ရွာခန့်မှ ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဖိအားပေး ခေါ်ဆောင်နေကြောင်း သိရသည်။
မင်းဘူး-အမ်း ကားလမ်းတစ်လျှောက်ရှိ ချင်းလူမျိုးနေထိုင်သည့် ဆင်ခုံတိုင်၊ ပတ်ကွေ့၊ ကြက်ရေကျွန်း၊ ပိန်ရေစမ်း၊ တောင်စောက် စသည့်ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်သားများကိုယ်တိုင် လာရောက်ပြောဆိုခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် ဖိအားပေးခြင်းများ လုပ်ဆောင်နေသည်။
“စစ်မှုထမ်းဖို့လာပြောတာ နှစ်ကြိမ်ထိရှိပြီ။ ရွာမှာက ဒေသခံတွေသိပ်မရှိတော့ ရှိတဲ့သူတွေကိုပဲ စစ်မှုထမ်းဖို့ မဖြစ်မနေလာရမယ်လို့ ပြောတယ်” ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်မှုထမ်းရန်အတွက် တောင်စောက်ရွာမှ (၂၀)ဦး၊ ပတ်ကွေ့ရွာမှ (၂၀)ဦး၊ ကြက်ရေကျွန်းရွာမှ (၁၀)ဦး၊ ပိန်ရေစမ်းရွာမှ (၁၀)ဦး၊ ကမြင်းကန်ရွာမှ (၁၀)ဦး၊ ဆင်ခုံတိုင်ရွာမှ (၂၀)ဦး အပါအဝင် အခြားကျေးရွာတို့မှ ဒေသခံများကို စစ်ကောင်စီက ဖိအားပေးထားခြင်း ဖြစ်သည်။
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
“စစ်မှုထမ်းဖို့ ခေါ်နေတယ်။ လူစာရင်းလည်း ကောက်သွားပြီလို့ သိရတယ်။ ဒါပေမယ့် သွားတဲ့လူတွေတော့ မတွေ့ရသေးဘူး။ အကုန်လုံးနီးပါးက စစ်ဘေးရှောင်နေကြတော့ ဘာတွေဖြစ်လာမလဲတောင် မသိတော့ဘူး” ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံတဝန်းစစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြဌာန်း လိုက်သည်။
“စစ်ကောင်စီထိန်းချုပ်ဆဲ ဒေသတွေမှာတော့ အာဏာသုံးပြီး စစ်မှုထမ်းဖို့ ခေါ်နေတာတွေကို တွေ့မြင်နေရတယ်။ သူတို့မှာအာဏာရှိတော့ ဒေသခံတွေမှာလည်း မလွန်ဆန်နိုင်ဘူး။ ပြေးစရာမြေလည်း မရှိဘူး” ဟု ချင်းလူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲ ရခိုင်ပြည်အတွင်း မြို့နယ်များမှဒေသခံများကို စစ်မှုထမ်းရန် ဖိအားပေးခြိမ်းခြောက်ကာ အဓမ္မခေါ်ဆောင်နေ၍ လူငယ်အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။