စစ်တွေမြို့မှထွက်ပြေးစဉ် ဖမ်းဆီးခံရသူ ၁၀၀ ကျော် ပြန်မလွတ်သေး 

မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ စစ်တွေဒေသခံ ၂၀၀ ခန့်မှာ ဧပြီ ၂၀ ရက်က စက်လှေဖြင့်ထွက်ခွာစဉ် ကံ့ကော်ကျွန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်တားဆီးခဲ့သည်။

By Admin 25 Apr 2024

ရခိုင်စစ်ပွဲမဖြစ်မီက စစ်တွေမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီ အချုပ်ကားတစ်စီး။ 
ရခိုင်စစ်ပွဲမဖြစ်မီက စစ်တွေမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီ အချုပ်ကားတစ်စီး။ 

DMG ၊ ဧပြီ ၂၅ 

ရခိုင်ပြည်၊ စစ်တွေမြို့မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသော ဒေသခံ ၁၀၀ ကျော်မှာ ယနေ့အချိန်ထိ ပြန်လွတ်မလာသေးကြောင်း သိရသည်။ 

မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ စစ်တွေဒေသခံ ၂၀၀ ခန့်မှာ ဧပြီ ၂၀ ရက်က စက်လှေဖြင့်ထွက်ခွာစဉ် ကံ့ကော်ကျွန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်တားဆီးခဲ့သည်။ ပစ်ခတ်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးကြရာ မိုင်းနင်းမိ၍  ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရသွားကာ လူ ၁၀၀ ကျော်မှာလည်း ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

“အဖမ်းခံရသူတွေက ပြန်မလွတ်သေးပါဘူး။ မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်မရဘူးဖြစ်နေတယ်။ သူတို့ကို အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု  ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်၊ အသက်ကြီးပိုင်းများပါဝင်ပြီး လက်ရှိ၎င်းတို့ အခြေအနေများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိရသည့်အပြင် မိသားစုဝင်များအနေဖြင့် သွားရောက်တွေ့ဆုံရန်လည်း အခက်အခဲရှိနေသည်။ 

“သူတို့မှာ ဘာအပြစ်မှမရှိဘူး။ စစ်ဘေးရှောင်တဲ့သူတွေပဲဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”  ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများစုကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စစ်တွေမြို့ကို လုံခြုံရေးတိုးမြှင့်ကာ မြို့ပတ်ပတ်လည်၌ မြေ/ရေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။ 

စစ်တွေနှင့် ကျောက်ဖြူမြို့အတွင်း ပိတ်မိကျန်နေသော ဒေသခံများအား ဘေးလွတ်ရာသို့ ထွက်ခွာကြရန် AA တပ်မှူးချုပ်က ပြောဆိုပြီးနောက် ဒေသခံများမှာ နည်းမျိုးစုံဖြင့် မြို့မှထွက်ခွာရန် ကြိုးပမ်းနေကြသည်။ 

စစ်ကောင်စီကလည်း မြို့နေပြည်သူများ ထွက်မပြေးနိုင်စေရန် စက်လှေ၊ ဘုတ်၊ သဗ္ဗာန်များအား မီးရှို့ဖျက်ဆီးခြင်း၊ ထွက်ပြေးသူများအား လိုက်ခံပစ်ခတ်ဖမ်းဆီးမှုများကို လုပ်ဆောင်လျက်ရှိသည်။ 

စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက “ဒီမှာနေရင်လည်း လုံခြုံမှုမရှိဘူး။ လုံခြုံတဲ့နေရာသို့ သွားမယ်ဆိုရင်လည်း ဗုံးပေါက်တာ၊ ဖမ်းဆီးတာတွေ ရှိနေတော့ တော်တော်လေး ဒုက္ခရောက်နေပါတယ်” ဟု ပြောသည်။ 

လက်ရှိမှာ မြို့နေပြည်သူအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြပြီဖြစ်သော်လည်း ငွေကြေးအခက်အခဲ၊ လမ်းခရီးသွားလာမှု အခက်အခဲတို့ကြောင့် မြို့ပေါ်တွင် ပိတ်မိနေသူများလည်း ရှိနေသည်။ 

ဗီဒီယိုများ