ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီတွင် ပါဝင်မည်မဟုတ်ဟု မြောက်ဦးလူငယ်များအစည်းအရုံး ထုတ်ပြန်

အဆိုပါ ကော်မတီတွင် ဗဟိုချုပ်ကိုင်မှု များပြားနေပြီး ပီပြင်သည့် ဖွဲ့စည်းပုံမရှိခြင်း၊ လူစာရင်းသာရှိပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်အာဏာ မရှိခြင်းကိုတွေ့ရပြီး ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရာထူးကိုလည်း ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ ကိုပေးထားသည်ဟု ွမောက်ဦးလူငယ်များအစည်းအရုံးက ထုတ်ပြန်သည်။

By ဝင်းညွန့် 06 Jan 2020

လူငယ်အခန်းကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် မြောက်ဦးလူငယ်များအစည်းအရုံးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒေသတွင်းလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ (ဓာတ်ပုံ - MUYA)

ဝင်းညွှန့် | DMG
ဇန်နဝါရီ ၆၊ စစ်တွေ

ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ဦးဆောင်ပြီး ခရိုင်လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းလျက်ရှိသော်လည်း ဗဟိုချုပ်ကိုင်မှုများနေပြီး လူငယ်များတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိသည့်အတွက် လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာကော်မတီကို အယုံအကြည်မရှိသောကြောင့် ပူးပေါင်းပါဝင်မည်မဟုတ်ဟု မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ရန် ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကိုယ်စားပြုသူသည် ဒီဇင်ဘာလအတွင်းက MUYA အဖွဲ့အား လာရောက်တွေ့ဆုံပြီး မြောက်ဦးခရိုင် လူငယ်ရေးရာကော်မတီဖွဲ့စည်းရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ညှိနှိုင်းမှုပြုလုပ်ခဲ့သည်။

သို့သော် ယင်းကော်မတီတွင် ပီပြင်သည့် ဖွဲ့စည်းပုံမရှိခြင်း၊ လူစာရင်းသာရှိပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်အာဏာ မရှိခြင်းကိုတွေ့ရပြီး ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရာထူးကိုလည်း ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ ကိုပေးထားသည်။

ခရိုင်အဆင့်တွင် ဥက္ကဋ္ဌရာထူးကို လူငယ်အားပေးထားသော်လည်း ဒုဥက္ကဋ္ဌကို ခရိုင်လူမှုဝန်ထမ်းဌာနက ယူထားခြင်း၊ ပီပြင်သည့် ဖွဲ့စည်းပုံမရှိသည့်အတွက် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရန် အစည်းအဝေးခေါ်ယူမည်ဆိုပါက ခရိုင်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌတွင် လုပ်ပိုင်ခွင့်မရှိသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ကို ခရိုင်က လုပ်ချင်တဲ့လုပ်ငန်းတွေကို ရေးဆွဲပြီးတော့ ပြည်နယ်ကို တင်လို့ပြောတယ်။ ပြည်နယ်ကို တင်ရင်ရော ဒါတွေအမှန်တကယ် အကောင်အထည်ဖော်ပေးမှာလားလို့ ဆိုတဲ့အခါမှာလည်း တာဝန်ယူမူ၊ တာဝန်ခံမူမရှိဘူး။ ခရိုင်က တင်ပေမဲ့ ပြည်နယ်က သဘောမတူရင် ကျနော်တို့ ခရိုင်ရေးရာလူငယ်တွေက အလကားဖြစ်သွားမယ်” ဟု MUYA ဥက္ကဋ္ဌ ကိုမိုးဇော်မြင့်က ပြောသည်။

မိမိတို့အနေဖြင့် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရခြင်းမှာ လိုအပ်သည့်အခါ ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး အစိုးရ၏ ဦးဆောင်မှုအောက်တွင် မရှိကြောင်း ပြည်နယ်လူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုကိုယ်စားလှယ် ကိုစောကလျာထွန်းက ပြောသည်။

“အဓိကတော့ ဒါထင်မြင်ချက်လွဲမှုတစ်ခုပါ။ ဘာဖြစ်လိုလဲဆိုတော့ ကျနော်တို့က အစိုးရနဲ့ အလုပ်လုပ်တယ်ဆိုတာ အစိုးရခိုင်းတာ လုပ်ဖို့မဟုတ်ပါဘူး။ ဖိုရမ်တစ်ခုဖြစ်ဖို့အတွက် ကျနော်တို့ အကြိမ်ကြိမ်အခါခါ နှစ်နဲ့ချီပြီးတော့ ကြိုးစားခဲ့ရတယ်။ အဓိကတော့ သူတို့ပြောတဲ့ဟာက NLD အစိုးရရဲ့ဦးဆောင်မူအောက်မှာ ကျနော်တို့က ခိုင်းတာကိုလုပ်ရတယ်၊ အစိုးရခိုင်းတဲ့ဟာကို လုပ်ရတယ်။ အစိုးရလူတွေလို့ထင်တယ်။ အဲဒါဟာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ခရိုင်ကော်မတီဖွဲ့စည်းရခြင်းသည် လူငယ်ဖွံ့ဖြိုးရေးကိစ္စရပ်များကို မိမိတို့နေထိုင်ရာ ဒေသအလိုက် ထိရောက်စွာ အကောင်အထည်ဖော်ထုတ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ကော်မတီများ၏ သဘောတူညီချက်အရ ဖွဲ့စည်းနေခြင်းဖြစ်သည်ဟု ပြည်နယ်လူငယ်ရေးကော်မတီက ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒထွက်ပေါ်လာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံကိန်းတွင် ထည့်သွင်းကာ တိုင်းနှင့်ပြည်နယ်အားလုံး၌ လူငယ်ဖိုရမ်များကျင်းပကာ အကောင်အထည်ဖော်ခဲ့သည်။

ဗီဒီယိုများ