FIFA စီစဉ်မှုဖြင့် စစ်တွေတွင် ဘောလုံးထူးချွန်လူငယ်များကို အရည်အချင်းစစ်ဆေး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးဆောင်ကာ မျိုးဆက်သစ် ထူးချွန် လူငယ်ဘောလုံးသမားများကို နိုင်ငံတဝန်း စိစစ်ရွေးချယ်နေသည်။

By Admin 26 Apr 2023

စစ်တွေမြို့တွင် ယနေ့ပြုလုပ်ခဲ့သည့် ထူးချွန်လူငယ်အားကစားသမား စစ်ဆေးမှုမြင်ကွင်းများ။
စစ်တွေမြို့တွင် ယနေ့ပြုလုပ်ခဲ့သည့် ထူးချွန်လူငယ်အားကစားသမား စစ်ဆေးမှုမြင်ကွင်းများ။

DMG ၊ ဧပြီ ၂၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးဆောင်ကာ မျိုးဆက်သစ် ထူးချွန် လူငယ်ဘောလုံးသမားများကို နိုင်ငံတဝန်း စိစစ်ရွေးချယ်နေပြီး ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်၊ စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ လူငယ်များအား အရည်ချင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

လူရွေးချယ်မှုအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြီးခဲ့သည့်ရက်ပိုင်းက လျှောက်လွှာခေါ်ယူခဲ့ပြီး လျှောက်ထားသူ အသက် ၁၁ နှစ်ကနေ ၁၅ နှစ်ကြား လူငယ် (၃၅) ဦးကို ဘောလုံးအခြေခံနည်းစနစ် နားလည်မှု အရည်အချင်းစစ်ဆေးမှုများကို တစ်ဦးချင်းစီအလိုက် လေ့လာမှတ်တမ်းယူနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ ဘောလုံးအကယ်ဒမီရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် ဦးတင်အောင် “ရွေးချယ်ထားတဲ့ ကလေးတွေကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ အကယ်ဒမီ (၃) ခု ရှိတယ်။ ရန်ကုန်၊ မန္တလေး၊ ပုသိမ် အဲဒီမှာ ကလေးတွေကိုထားပြီးတော့ မြန်မာ့ဘောလုံးလောကအတွက် တိုးတက်တဲ့ လက်ရွေးစင်ကစားသမား ဖြစ်လာတဲ့အထိ ကျနော်တို့မွေးမြူဖို့ စီမံချက်ရှိပါတယ်” ဟု ပြောသည်။

အရည်အချင်းစစ်ဆေးမှုကို အသက် (၁၁၊ ၁၂၊ ၁၃) နှစ် နှင့် အသက် (၁၄၊ ၁၅) နှစ်ဟူ၍ နှစ်ပိုင်းခွဲထားသည်။ ထူးချွန်လူငယ်ရွေးချယ်ရေးအတွက် နည်းပြ(၃)ဦးပါဝင်ပြီး ဘောလုံးအခြေခံ (၈) ချက်ကို နားလည်မှု၊ ဘောလုံးကျွမ်းကျင်မှု အပေါ်မူတည်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသည့်လူငယ်များကို ဘောလုံးအကယ်ဒမီကျောင်းများတွင် စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး ပြည်တွင်းကလပ်အသင်းများ၊ မြန်မာ့လက်ရွေးစင်အသင်းအပြင် ပြည်ပနိုင်ငံများသို့ သွားရောက်ကစားနိုင်သည်ထိ လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဟု ဦးတင်အောင်က ပြောဆိုသည်။

ယခုအစီအစဉ်သည် အားကစားကို စိတ်ပါဝင်စားသော လူငယ်များအတွက် များစွာအထောက်အကူပြုနိုင်ပြီး ရခိုင်ပြည်အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါကြောင်း ဘောလုံးဝါသနာရှင်များက ရှုမြင်ကြသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ စစ်တွေမြို့နယ်အားကစားမှူး ဦးကောင်းခန့်ထူးက “ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ အားကစားအဖွဲ့ချုပ်တွေက ဆင်းလာပြီး ချိတ်ဆက်အလုပ်လုပ်လာတဲ့ အခါကျတော့ ရခိုင်ပြည်အားကစားတိုးတက်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိတာပေါ့။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ အားကစားကို ဝါသနာပါပြီး စိတ်ပါဝင်စားရင်တော့ အားကစားနဲ့ ကာယပညာဦးစီးဌာအနေနဲ့ ချိတ်ဆက်အကြောင်းကြားပြီးတော့ ပါရမီရှိတဲ့ကစားသမားတွေကို ဖော်ထုတ်ပြီး ရခိုင်အားကစားတိုးတက်အောင် အများကြီးလုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိမှာ အားကစားကဏ္ဍတွင် ရခိုင်ပြည်သည် တခြား တိုင်းနှင့်ပြည်နယ်တို့ထက် နိမ့်ကျနေပြီး ယခုရရှိလာသည့် အခွင့်အရေးများကို အကျိုးရှိရှိအသုံးချပါက နောင်နှစ်များတွင် တိုးတက်လာဖွယ်ရှိကြောင်း ၎င်းက ပြောဆိုသည်။

#I003

ဗီဒီယိုများ