ထမင်းတစ်နပ်လျှော့စားချိန် ရောက်နေပြီလား

တောင်သူလယ်သမားတွေမှာ မရှိဆင်းရဲလုပ်ကိုင်နေရတဲ့အတွက် လယ်တွေမှာ မြေဆီမကြဲနိုင်၊ စိုက်ဘဏ် ချေးငွေမဆပ်နိုင်၊ စပါး၊ဆန်တွေ ဈေးကောင်းမရတဲ့အတွက် ခံစားခဲ့ရတယ်။ စပါး မပေါ်သေးတဲ့အချိန်မှ ဆန်၊စပါးဈေးတွေ တက်လာတာကတော့ တောင်သူတွေအတွက် တရားမျှတမှုမရှိဘူး ” ဟု တောင်သူ ဦးမောင်ယဉ်စိန်က ပြောသည်။

By နေဝင်းစံ 21 Oct 2018

 နေဝင်းစံ

မြန်မာပြည်တွင်း၌ ဆန်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လျက်ရှိနေပြီး စားသုံးသူပြည်သူများ အပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်လာနေသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည့် ရခိုင်ပြည်နယ်တွင်လည်း ဆန်ဈေးနှုန်းများ မြင့်မားလျက်ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများသည် ဧပြီလနောက်ပိုင်းမှစ၍ မြင့်တက်လာခဲ့ပြီး ယခု အောက်တိုဘာလ ဒုတိယပတ်အထိ ဆန်ဈေးနှုန်းမှာ အကျမရှိဘဲ အတက်သာရှိကြောင်း စစ်တွေမြို့မဈေးကြီး၏ ဆန်အရောင်း အဝယ်လုပ်ငန်းများက  သိရသည်။

ပြည်နယ်အတွင်း အဓိကစားသုံးကြသော ပေါ်ဆန်းမွေး(ရှယ်)၊ စာပစိ၊ သီရိဒုံ၊ ရွှေဝါထွန်း စသော ဆန်ဈေးများ မြင့်တက်နေပြီး ကောက်ညှင်း(ရှယ်)ဆန်အမျိုးအစားဈေးနှုန်းတစ်ခုသာ တည်ငြိမ် လျက်ရှိသည်။

ဆန်က အရောင်းအဝယ်မလိုက်ဘူး။ ဒီနေ့ဝယ်လိုက်တဲ့ဆန်က မနက်ဖြန် အဲဒီဈေးနဲ့ မရတော့ဘူး။ ဒီတော့ ရောင်းဝယ်ရတာ အဆင်မပြေဖြစ်ကြတယ်။ စားသုံးသူတွေကလည်း အခုဆန်ကို နှစ်မျိုး ရောပြီးစားကြတယ်” ဟု စစ်တွေမြို့မဈေးကြီးမှ ဆန်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးအောင်တိုးရွှေက ပြောသည်။

စစ်တွေမြို့မဈေးကြီး၏ ဆန်အရောင်းအဝယ်လုပ်ငန်းများ၏ အချက်အလက်အရ ဧပြီလအတွင်း ဆန်ဈေး နှုန်းများမှာ ပေါ်ဆန်းမွှေး(ရှယ်) ကျပ် ၃၂၀၀၀၊ စာပစိ ကျပ် ၂၇၀၀၀၊ ဆန်ကြီး ကျပ် ၂၂၀၀၀၊ သီရိဒုံ ကျပ် ၁၉၀၀၀၊ ရွှေဝါထွန်း ကျပ် ၁၅၀၀၀၊ ကောက်ညှင်း(ရှယ်) ကျပ် ၃၁၀၀၀ ရှိသည်။

ဆန်ဈေးများမြင့်တက်လာပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့အထိ ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းမွှေး(ရှယ်) ကျပ် ၅၆၀၀၀၊ စပါးစိ ကျပ် ၅၀၀၀၀၊ ဆန်ကြီး ၄၂၀၀၀၊ သီရိဒုံ ၂၉၀၀၀၊ ရွှေဝါထွန်း ၂၈၀၀၀၊ ကောက်ညှင်း(ရှယ်) ကျပ် ၃၁၀၀၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။ ပေါ်ဆန်းမွေး(ရှယ်) ဆန်တစ်အိတ်ကို ကျပ် ၃၂၀၀၀ မှ ကျပ် ၅၆၀၀၀ အထိ ၇ လအတွင်း ကျပ် ၂၄၀၀၀ ဈေးတက်လာခြင်းဖြစ်သည်။

အဓိကတော့ ငွေကြေးဖောင်းဖွမှုများတယ်၊ ဒေါ်လာကိုအကြောင်းပြုပြီးတော့ ကုန်ဈေးနှုန်းတွေ တက်တယ်၊ အခြေခံစားသောက်ကုန်တွေက ဈေးတက်လာတော့ အဲဒီအပေါ်မှာလိုက်ပြီး စပါး ရှိနေတဲ့သူတွေက စပါးဈေးကို တင်ရောင်းကြတာပေါ့ ” ဟု ရခိုင်စီးပွားရေးဦးဆောင် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

လက်ရှိ ဆန်ဈေးနှုန်းများမြင့်တက်နေမှုမှာ စပါးလက်ကျန်နည်းသွားခြင်း၊ ပြည်ပတင်ပို့မှုတွင် အတိုင်းအတာနှင့်မပို့နိုင်ခြင်း၊ ငွေကြေးဖောင်းဖွမှု စသည်တို့အပေါ်မူတည်ကြောင်း ဦးခင်မောင်ကြီးက သုံးသပ်သည်။

စပါးမပေါ်မီကာလများတွင် နှစ်စဉ်ဆန်ဈေးမြင့်မားနေကျဖြစ်သော်လည်း ယခုနှစ် ဆန်ဈေး မြင့်မားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

ဈေးတက်မည့်အခြေအနေကိုမျှော်မှန်း၍ ဆန်များကိုသိုလှောင်ထားခြင်း၊ ဈေးနှုန်းဆွဲတင်ကာ ဈေးကစားမှုများရှိ၍ ဆန်ဈေးနှုန်းတက်လာရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိပေသည်။

ကုန်သည်တွေကနေပြီးတော့ အောက်ဈေးနဲ့ဝယ်ပြီးတော့ လက်ထဲမှာထိန်းထားတယ်။ ဆန်ဈေး တက်လာတဲ့အခါ ကုန်သည်ကထုတ်ရောင်းတယ်။ အကျိုးအမြတ်ကို လယ်သမားတွေမခံစားရဘဲ ကုန်သည်တွေက ခံစားကြရတယ် ” ဟု ရခိုင်ပြည်နယ်လွှတ်တော်လယ်ယာ၊သားငါး၊သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးအောင်ဝင်းကဆိုသည်။

လွတ်လပ်သည့်ဈေးကွက်စီးပွားရေးစနစ်ဖြစ်ခြင်းကြောင့် ဈေးအတက်၊အကျမှာ အဓိကကုန်သည် များ၏ ဝယ်လိုအား၊ ရောင်းလိုအားနှင့်ပတ်သက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က  ပြောသည်။

ဈေးတက်၊ ဈေးကျဆိုတာက အဓိကကုန်သည်တွေရဲ့ ဈေးကွက်ဝယ်လိုအား၊ အဝင်၊ အထွက်နဲ့ပဲ အဓိက ပတ်သက်နေတယ် ”  ဟု ပြည်နယ်ဝန်ကြီး ဦးကျော်လွင်က ပြောသည်။

ယခင်နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းဆန် လက်ကျန် လျော့နည်းစေခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုထားသည်။

လက်ရှိကုန်ဈေးနှုန်းများမြင့်တက်နေခြင်းမှာ အစိုးရအနေဖြင့် စီးပွားရေးထိန်းချုပ်မှုအားနည်းချက် ကြောင့်ဟုလည်း ဦးအောင်ဝင်းက ထောက်ပြသည်။

ဒီကနေ့ ကုန်ဈေးနှုန်းတွေရဲ့အနေအထားကို ပြည်ထောင်စုအစိုးရအနေနဲ့ မထိန်းချုပ်နိုင်ဘူးလို့ မြင်တယ်၊ အဓိကတော့ စီးပွားရေးသမားတွေရဲ့ ကစားကွက်တွေလည်းပါတာပေါ့ ” ဟု ဦးအောင်ဝင်းက ပြောသည်။

အောက်တိုဘာလအတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသည့်သတင်းများအရ ပြည်တွင်း၊ ပြည်ပ ကုန်သည် ပွဲစားများသည် မြန်မာနိုင်ငံဒေသအသီးသီးမှထွက်ရှိသော စပါးများကို မှောင်ခို လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများရှိကြောင်း သိရသည်။

ပြည်တွင်းကုန်သည်များမှ တရားမဝင်တင်ပို့မှုများရှိသည့်အပြင် တရုတ်ကုန်သည်များမှာလည်း မြန်မာ ပြည်တွင်းသို့ ဝင်ရောက်ကာ တောင်သူများထံမှစပါးများကို ပြည်တွင်းကုန်သည်များထက် ဈေးကောင်း ပေးဝယ်ယူမှုများကြောင့် စပါးဈေးများမြင့်တက်လာခြင်းဖြစ်ကြောင်းလည်း ပြောဆို မှုများရှိသည်။

ထို့သို့ တရားမဝင်တင်ပို့နေမှုများသည် နိုင်ငံအတွက်အခွန်ငွေလည်းမရသည့်အပြင် နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှု၊ နှစ်စဉ်တင်ပို့နေသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုပမာဏများအားလုံးကို ထိခိုက်မှုရှိ ကြောင်းလည်း ဝေဖန်မှုများရှိသည်။

လက်ရှိ စပါးဈေး၊ ဆန်ဈေးများ မြင့်တက်နေမှုအပေါ် တောင်သူလယ်သမားများမှာလည်း မကျေ မနပ် ဖြစ်နေကြသည်။

စပါးဈေး၊ ဆန်ဈေးများမှာ လယ်သမားများလက်ထဲတွင် စပါးရှိချိန်၌ ဈေးတက်မှုမရှိဘဲ လယ်သမားများ လက်ထဲတွင် စပါးမရှိသည့်အချိန်မှသာ ဈေးတက်နေသည်။ တစ်နည်းအားဖြင့် လယ်သမားများ စိုက်ပျိုးထားသည့် စပါးမပေါ်မီအချိန်မှသာ စပါး၊ ဆန်ဈေးနှုန်းများမှာ မြင့်တက် လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်သာမက မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်သူများဖြစ်ပြီး မြန်မာ့အလုပ်သမားဦးရေ စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းသည် လယ်ယာနှင့် ဆက်စပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှ လယ်ယာမြေစုစုပေါင်းတွင် မိုးစပါးဧက ၁၆ သန်းခန့်နှင့် နွေးစပါးဧက ၄ သန်းခန့်အထိ စိုက်ပျိုးကြသည်။ ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၁၁ သိန်းခန့် စိုက်ပျိုး ကြသည်။

လယ်သမားများမှာ စပါးစိုက်ပျိုးချိန်က ချေးယူထားသည့် စိုက်/ဘဏ်ချေးငွေများကိုဆပ်ရာတွင် စပါးဈေးကောင်းမရ၍ တင်း ၁၀၀ ရောင်းရမည့်နေရာတွင် တင် ၂၀၀ ရောင်းပြီးဆပ်ခဲ့ကြရ သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ တောင်သူဦးမောင်ယဉ်စိန်က ပြောသည်။

တောင်သူလယ်သမားတွေမှာ မရှိဆင်းရဲလုပ်ကိုင်နေရတဲ့အတွက် လယ်တွေမှာ မြေဆီမကြဲနိုင်၊ စိုက်ဘဏ် ချေးငွေမဆပ်နိုင်၊ စပါး၊ဆန်တွေ ဈေးကောင်းမရတဲ့အတွက် ခံစားခဲ့ရတယ်။ စပါး မပေါ်သေးတဲ့အချိန်မှ ဆန်၊စပါးဈေးတွေ တက်လာတာကတော့ တောင်သူတွေအတွက် တရားမျှတမှုမရှိဘူး ” ဟု တောင်သူ ဦးမောင်ယဉ်စိန်က ပြောသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်တွင် လယ်ဧက ၅ သိန်း ၈ သောင်းအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ၈၆ ဘီလီယံကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှထုတ်ချေးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လယ်ဧက ၆ သိန်း အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ၉၀ ဘီလီယံအား ထုတ်ချေးခဲ့သည်။

တောင်သူများပြောဆိုသည့်အတိုင်းပင် ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအား အချိန်မီ ပြန်မဆပ်နိုင်ခဲ့သည့် လယ်သမားများ ၂၀၁၇ ခုနှစ်က များစွာရှိခဲ့သည်။

လယ်သမားများမှာ စိုက်/ဘဏ်ချေးငွေဖြင့် စပါးစိုက်ပျိုးရန်၊ မိုးတွင်းစားဝတ်နေရေးများအတွက် မလုံ လောက်မှုကြောင့် ပြင်ပမှကြိုတင်ငွေယူကာ စပါးပေါ်သည့်အခါတွင် ၎င်းအချိန်ကာလ ဈေးဖြင့် ကြိုတင်ငွေယူထားသူထားထံ ရောင်းကြရသည်။

ထို့ကြောင့် စပါးဈေး၊ ဆန်ဈေးတက်လာချိန်တွင် လယ်သမားတွင်စပါးမရှိတော့ဘဲ လက်ထဲတွင် သိုလှောင်ထားသည့် စပါးကုန်သည်၊ ဆန်ကုန်သည်များသာ အကျိုးအမြတ်ခံစားကြရသည်။

လယ်သမားတွေအတွက် အမှန်တကယ် အရံအကာလုပ်ပေးနိုင်တဲ့အနေအထားမျိုးက ကျနော်တို့ တိုင်းပြည်မှာ မရှိသေးဘူး” ဟု ရခိုင်စီးပွားရေး ဦးဆောင် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

လယ်သမားများမှာ ကျေးဇူးရှင်တောင်သူဦးကြီးများဟု နာမည်လှလှ အခေါ်ခံကြရရုံမှအပ ၎င်းတို့သည် ရွှံ့ထဲတွင် နွားနှင့်ဖက်ရုန်းနေရသည့်ဘဝများ လှပရေးအတွက်မူ ခေတ်အဆက်ဆက် လျစ်လျူရှုခြင်းကို ခံနေကြရသည်။

အစိုးရကနေ ဆန်ကုန်သည်တွေနဲ့ ညှိနှိုင်းပြီး သူ့အကျိုး၊ ကိုယ့်အကျိုး နှစ်ဦးနှစ်ဘက် အကျိုးရှိနိုင်မယ့် နည်းလမ်းတွေကို ညှိနှိုင်းဆောင်ရွက်တာက ပိုကောင်းမယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ပေါ်ဆန်းမွှေး (ရှယ်)တစ်အိတ်လျင် ကျပ် ၅၆၀၀၀ ရှိနေသည် ဆိုသော်လည်း စပါးပေါ်မည့်အချိန်သို့မရောက်မီ ပေါ်ဆန်မွှေး(ရှယ်)တစ်အိတ်လျင် ကျပ် ၆၀၀၀၀ အထိ ဈေးတက်နိုင်ကြောင်းလည်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက  ဆိုကြသည်။

ယခင်အစိုးရလက်ထက်၌ လယ်သမားများထမင်းတစ်နပ်လျှော့စား၍ အကြွေးဆပ်ရန် လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်က တိုက်တွန်းခဲ့သည်ကို ယခုအခါ ပြန်လည်အမှတ်ရ လာခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ကုန်ဈေးနှုန်း ကျလိုလျင် ဟင်းတစ်မျိုးလျှော့စားရန် ပြောဆိုခဲ့ပြန်သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး  ဒေါက်တာအောင်သူမှ နိုင်ငံတော်ကဘတ်ဂျက် မတတ်နိုင်သော နေရာများတွင် သုံးစွဲသွားနိုင်ရန် လက်ဖက်ရည်တစ်ခွက် နေ့စဉ်လျှော့သောက်မည်ဆိုသည်များကိုလည်း သတိပြုမိလာခဲ့သည်။

ထိုပုဂ္ဂိုလ်များအကြံပြုသကဲ့သို့ ယခုတက်နေသည့် ဆန်ဈေးနှုန်း၊ ကုန်ဈေးနှုန်းများကို လျော့ကျရန် စားသုံးသူပြည်သူများ ထမင်းတစ်နပ်လျော့စားခြင်း၊ ဟင်းတစ်မျိုးလျော့စားချိန် ကျရောက်နေပြီလား။      ။

နေဝင်းစံ 

   

ဗီဒီယိုများ