- ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား
- AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ
- မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
- လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
- AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
ရှုထောင့်အသစ်ဖြင့် ပေါ်ထွက်လာသည့် မွတ်ဆလင်ဒုက္ခသည် ပြဿနာ
လွန်ခဲ့သော ရက်ပေါင်း ၂၀ အတွင်း၌ ပါတီအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များက ၎င်းတို့၏သံသယများကို ဖော်ပြခဲ့ကြပြီး အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့သော အလည်အပတ်ခရီးစဉ်အပြီးတွင် ပါတီအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များက ၎င်းတို့၏သံသယများကို ဖော်ပြလာခဲ့ကြခြင်း ဖြစ်သည်။
23 Apr 2025

လာမည့် ၁၃ ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံရေး ခေါင်းဆောင်များအကြား၌ သံသယများ ဖြစ်ပေါ်လာစေခဲ့သည်မှာ မွတ်ဆလင်ဒုက္ခသည်အရေး ဖြစ်သည်။ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ လုပ်ဆောင်နေသော အစီအစဉ်သစ်များ၌ ဒေါက်တာ မိုဟာမက်ယူနွတ် ဦးဆောင်သော ကြားဖြတ်အစိုးရ၏ ပါဝင်ပတ်သက်မှုသည် နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီများ အကြား၌ စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်။
လွန်ခဲ့သော ရက်ပေါင်း ၂၀ အတွင်း၌ ပါတီအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များက ၎င်းတို့၏သံသယများကို ဖော်ပြခဲ့ကြပြီး အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့သော အလည်အပတ်ခရီးစဉ်အပြီးတွင် ပါတီအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များက ၎င်းတို့၏သံသယများကို ဖော်ပြလာခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် စူပါပါဝါ အင်အားကြီးနိုင်ငံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှု မြင့်တက်ကြီးထွားလာခြင်းကြောင့် နိုင်ငံရေးအသိုင်းအဝိုင်း၌ မျက်ခုံးပင့်တင်သည်အထိ ဖြစ်လာခဲ့ရသည်။
ပါတီအသီးသီး၏ ထိပ်တန်းခေါင်းဆောင်များက အစိုးရသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နောက်ကွယ်က တွန်းပို့ရန်အတွက် ပြုပြင်ပြောင်းလဲရေးကို ကိရိယာတစ်ခု၊ လက်နက်တစ်ခုအဖြစ် စတင်အသုံးပြုပြီဟု ဆိုသည်။ ဤအခြေအနေတွင် ဩဇာညောင်း၍ လွှမ်းမိုးမှုကြီးမားသော ပြည်တွင်းနှင့် ပြည်ပ အင်အားစုများ၊ အမျိုးသား နိုင်ငံသားပါတီ(NCP)နှင့် Jamaat-e-Islami အပါအဝင် အစ္စလာမ္မစ်အုပ်စုများကို ညှိနှိုင်းဆောင်ရွက်ရန် ၎င်းတို့က ထည့်သွင်းစဉ်းစားလျက်ရှိသည်။
ဧပြီလတွင် မွတ်ဆလင်ဒုက္ခသည် ပြဿနာကို အဓိကအာရုံစိုက်လာဖွယ်ရှိနိုင်ကြောင်း ပါတီအများအပြားမှ ခေါင်းဆောင်များက စာရေးသူကို ပြောကြားခဲ့သည်။ အကြံပေးအရာရှိချုပ် ယူနွတ်၏ မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အပြီးတွင် ယင်းကိစ္စသည် ပို၍ အရေးပါလာသည်။
ယူနွတ်သည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဘေဂျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တရုတ်၏ ပြင်းပြသောစိတ်ဝင်စားမှုကြောင့် ဤခရီးစဉ်ကို နိုင်ငံရေးသမားများက အနီးကပ် စောင့်ကြည့်နေကြသည်။
ဒုက္ခသည် အကျပ်အတည်းသည် အိဒ်ပွဲတော်ရာသီအပြီးတွင် နိုင်ငံရေးပဋိပက္ခများကို ဖြစ်ပွားလာစေနိုင်သည်ဟု နိုင်ငံရေးခေါင်းဆောင်များက ယုံကြည်နေကြသည်။ ယုံကြည်ရသော ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုကလည်း နိုင်ငံရေးနယ်ပယ်တွင် တိုက်ရိုက်ဖြစ်ပေါ်လာနိုင်ခြေရှိသော ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများ ဖြစ်နိုင်ခြေကို မငြင်းဆိုခဲ့ပေ။
နာရာယန်ဂနတ်ဂျ်မြို့တော်ရှိ ဆစ်ဒ်ဟာဂနတ်ရှ်နှင့် မိုင်မန်းဆင်းတို့တွင် လက်နက်ကိုင် ရိုဟင်ဂျာခွဲထွက်ရေးအဖွဲ့ဖြစ်သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့ဝင် ၁၀ ဦးကို မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးသည့်နောက်တွင် အဆိုပါပြဿနာကို ပို၍ အာရုံစိုက်လာခဲ့ကြသည်။
ပါတီတစ်ခု၏ အကြီးအကဲက “တိုင်းပြည်ရဲ့ အလယ်ဗဟိုမှာ အစည်းအဝေးတွေ ကျင်းပနေစဉ်အခိုက်မှာပဲ ARSA ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တယ် ဆိုတဲ့အချက်က တကယ့်ကိုပဲ ဒွိဟဖြစ်စရာကောင်းပါတယ်။ ဒါဟာ သံသယဖြစ်စရာပါပဲ” ဟု ပြောကြားသည်။
ယူနွတ်၏ တရုတ်ခရီးစဉ်မတိုင်မီတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂယ်ရီပီတာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ လက်ရှိကွန်ဂရက်လွှတ်တော်တွင် ၎င်းက အထက်လွှတ်တော်ဆိုင်ရာ အမိမြေလုံခြုံရေးနှင့် အစိုးရရေးရာကော်မတီ၏ အဆင့်သတ်မှတ်ချက်ရ အဖွဲ့ဝင်အဖြစ် တာဝန်ယူထားကြောင်း ၎င်း၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ အထက်လွှတ်တော် အမိမြေလုံခြုံရေးနှင့် အစိုးရရေးရာ ကော်မတီသည် အမိမြေလုံခြုံရေးဌာနကို ကြီးကြပ်ကွပ်ကဲသော အထက်လွှတ်တော်၏ ထိပ်တန်းကြီးကြပ်ရေး ကော်မတီဖြစ်သည်။
ဂယ်ရီပီတာသည် အထက်လွှတ်တော် လျာထားချက်ရေးရာကော်မတီ၊ အထက်လွှတ်တော် လက်နက်ကိုင်ဆောင်မှု ရေးရာကော်မတီ၊ အထက်လွှတ်တော် ကုန်သွယ်ရေး၊ သိပ္ပံနှင့် သယ်ယူပို့ဆောင်ရေး ကော်မတီတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ဂယ်ရီပီတာ၏ ခရီးစဉ်သည် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ကော်မရှင်၏အစီရင်ခံစာများနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအတွက် အစီအစဉ်များကို ဆွေးနွေးရန် တရားဝင် အာရုံစူးစိုက်ခဲ့သော်လည်း နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ အမှန်တကယ် အစီအစဉ် အကြောင်းအရာနှင့်စပ်လျဉ်း၍ သတိထားနေကြဆဲ ဖြစ်သည်။
ပီတာ၏ခရီးစဉ်အပြီးတွင် အမေရိကန်ကြည်းတပ် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျိုဝဲလ် ဘီဗောင်းဝဲလ်သည် မတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ ဒါကာမြို့သို့ သွားရောက်ခဲ့ပြီး အဓိကကျသော ခေါင်းစဉ်တစ်ခုအဖြစ် လက်နက်ရောင်းချမှုကို ၎င်းက ဆွေးနွေးခဲ့သည်။
ပါတီခေါင်းဆောင် အများအပြားသည် ကျယ်ပြန့်သော ကမ္ဘာ့နိုင်ငံရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂတ်ဘ်ဘားဒ် ပေးအပ်ထားသော သဘောထားမှတ်ချက်များနှင့် အတူ အကြံပေးအရာရှိချုပ်၏ တရုတ်နိုင်ငံခရီးစဉ် မတိုင်မီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်အရာရှိများ၏ လာရောက်ခဲ့မှုကို စောင့်ကြည့်ခဲ့ကြသည်။
မွတ်ဆလင်ဒုက္ခသည် အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်ကို ရှောင်ဖယ်ကာ အနောက်နိုင်ငံများက ဦးဆောင်သော အစီအစဉ်သည် အောင်မြင်မှုရှိနိုင်လေမည်လား ဆိုသည်ကို နိုင်ငံရေးခေါင်းဆောင်များက မေးခွန်းထုတ်ကြသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ မြောက်တောင်တက္ကသိုလ် (North South University) တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ၌ ပညာရှင်များက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ဘက်က အတည်ပြုခဲ့သော Burma Act(ဘားမားအက်)သည် မြန်မာနိုင်ငံ၌ ပဋိပက္ခများ တိုးမြင့်လာစေရန်သာ ဦးတည်နိုင်ကြောင်း အကြံပြုခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော လက်ရှိကြားဖြတ်အစိုးရ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးလေ့လာသုံးသပ်သူ အငြိမ်းစားဗိုလ်မှူးချုပ် အမ်ဆတ်ခ်ဟာဝတ် ဟူစိန်က တရုတ်နိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ဘင်္ဂလားဒေ့ရှ်၏ ချဉ်းကပ်မှုမှာ မအောင်မြင်ခဲ့ကြောင်းနှင့် အနောက်နိုင်ငံများ၏ မူဝါဒများဆီသို့ ပြောင်းလဲဦးတည်ရန် လိုအပ်ကြောင်း တောင်းဆိုပြောကြားခဲ့သည်။
ဆတ်ခ်ဟာဝတ်ကို ထင်မြင်ချက်များ တောင်းခံရန်အတွက် သောကြာနေ့က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတားရက်သည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လာမည့် အိဒ်ပွဲတော်ကာလ၌ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂူတားရက်၏ ထုတ်ဖော်ပြောကြားချက်တွင် နိုင်ငံရေးခေါင်းဆောင်များက အဆိုပါပြဿနာကို ပိုမိုအာရုံစိုက်ရန် လိုအပ်ကြောင်း အလေးထား အသိပေးထားသည်။
ဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် အတင်းအကျပ် လုပ်ဆောင်ပါက ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် တင်းမာမှုများ တိုးလာနိုင်ကြောင်း သတိပေးထားသည်။ ထို့အပြင် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာဖွေရာ၌ တရုတ်နိုင်ငံကို ကျော်၍ လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအသိဉာဏ်ပညာ ရှုထောင့်အရ စိုးရိမ်မှုများကို တိုးစေသည်ဟု ၎င်းတို့က ဆိုသည်။
ရွေးကောက်ပွဲ မတိုင်မီကာလတွင် မွတ်ဆလင်ဒုက္ခသည်ပြဿနာကို နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲရန်အတွက် အသုံးပြုလာနိုင်သည်ကို နိုင်ငံရေးခေါင်းဆောင်များက သံသယရှိနေကြသည်။ BNP အထွေထွေအတွင်းရေးမှူး မီယာဇာ ဖားခ်ဟူရယ်လ် အစ္စလာမ်း အေလမ်းဂီယာ က ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်လိုက်ချိန်တွင် အကြံပေးအရာရှိချုပ်က လာမည့်နှစ် ဒီဇင်ဘာလမှ ဇွန်လအတွင်း ရွေးကောက်ပွဲကျင်းပရန်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ဟန်ဆက်လူနေ
Dhaka Tribune တွင်ဖော်ပြထားသည့် Salman Tareque Sakil ၏ Rohingya crisis takes on new dimensions ဆောင်းပါးကို ကောက်နုတ် ဘာသာပြန်ပါသည်။