အဂတိတရားနှင့် ပျော်မွေ့နေကြဆဲလား

ဥပဒေပြုရေးအမတ်များသည်လည်း နိုင်ငံသားအားလုံးကောင်းကျိုးကို ရည်ရွယ်ပြီး ဥပဒေတို့ကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲရေးတို့ထက် မိမိမဲဆန္ဒနယ်အတွင်းရှိ ကျောက်ခင်းလမ်းကို ကတ္တရာလမ်းဖြစ်ရေးလောက်သာ စိတ်ဝင်းစားနေကြသည်ကိုလည်း တွေ့မြင်နေကြရသည်မှာ စိတ်ပျက်စရာပင်ဖြစ်သည်။

By ရမ္မာကျော်စော 07 Oct 2018

Photo - contractprobe.com

နိုင်ငံတစ်နိုင်ငံတွင် အဓိကမဏ္ဍိုင်ကြီးသုံးရပ်သည် အပြန်အလှန်ထိန်းကျောင်းမှုနှင့် အပြန်အလှန်ထောက်ပြ ဝေဖန်မှုရှိရပေမည်။ အုပ်ချုပ်ရေး၏ အားနည်းချက်များကို ဥပဒေပြုရေးက ထောက်ပြဝေဖန်နိုင်သလို တရားစီရင်ရေး၏ အားနည်းချက်များကိုလည်း အုပ်ချုပ်ရေးက ဝေဖန်အကြံပြုရပေမည်။ သို့သော် မဏ္ဍိုင်များအချင်းချင်းသည် အပြုသဘောဆောင်သော ဝေဖန်ထောက်ပြမှုမျိုးဖြစ်ရန် အထူးလိုအပ်လှပေသည်။

၎င်းတို့၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ ကောင်းမွန်မှု လူထုအပေါ်ဆက်ဆံရာတွင် သဟဇာတကျမှု၊ မကျမှု လုပ်ဆောင်ချက်များတွင် အဂတိတရား ကင်းရှင်းမှုရှိ၊ မရှိဆိုသည်ကို စောင့်ကြည့်၍ ပြည်သူကို အသိပေးရန်တာဝန်သည် စာနယ်ဇင်း၊ မီဒီယာများ၏ အလုပ်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် စာနယ်ဇင်း၊ မီဒီယာလောကကို တစ်ကမ္ဘာလုံးက စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားကြခြင်းဖြစ်သည်။

သို့သော် ဖြောင့်မတ်မှုရှိသော မီဒီယာ၊ ဘက်လိုက်မှုကင်းသောမီဒီယာများ ဖြစ်ရပေလိမ့်မည်။ မီဒီယာကျင့်ဝတ်ကိုဖောက်ဖျက်ပြီး ကိုယ်ကျိုးစီးပွားအလို့ငှာ အသုံးချသူများသည် စတုတ္ထမဏ္ဍိုင် မမည်ပေ။ ယနေ့ ကမ္ဘာပေါ်တွင် တန်ခိုးသြဇာကြီးမားသော မီဒီယာကြီးများတချို့သည် မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်နေသည်များကိုလည်း မြင်တွေ့နေရသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က ပြည်သူသည် ပဉ္စမမဏ္ဍိုင်ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။ ယင်းမှာ လူထုကို အလေးထားရာမရောက်ဘဲ  စော်ကားရာရောက်သည်ဟု မြင်ပါသည်။ အမှန်တကယ်တွင် ပြည်သူသည် မဏ္ဍိုင်အားလုံး၏ အရှင်သခင်သာဖြစ်ရပေမည်။ ၎င်းမဏ္ဍိုင်လေးရပ်တို့သည် ပြည်သူကမွေးဖွားပေးလိုက်သော အစုအဖွဲ့ကလေးများသာဖြစ်သည်။ မဏ္ဍိုင်လေးရပ်တို့သည် ပြည်သူကိုဗဟိုပြုရမည်။ ပြည်သူကပေးထားသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရပေမည်။ မည်သည့်မဏ္ဍိုင်ကမျှ ပြည်သူကို စော်ကားခွင့်မရှိ၊ အနိုင်ကျင့်ဗိုလ်ကျခွင့် မရှိပေ။

မြန်မာနိုင်ငံတွင် မီဒီယာအလုပ်ကို အစိုးရကလည်းလုပ်သည်။ ပြည်တွင်းပုဂ္ဂလိက လုပ်သူများရှိသည်။ နိုင်ငံတ ကာမီဒီယာများလည်း ဝင်ရောက်လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသည်။ လက်ရှိအစိုးရသည် အာဏာမရမီက နိုင်ငံပိုင်မီဒီယာကို အစဉ်အဆက်ဝေဖန်ခဲ့ကြသည်။ မီဒီယာလုပ်ငန်းကို အစိုးရကိုယ်တိုင် ချုပ်ကိုင်၍မလုပ်သင့်ဟူသော ဝေဖန်မှုများရှိခဲ့ကြသည်။ ယုတ်စွအဆုံး ဖျက်သိမ်းရန်ပင် တစ်ချို့ပြောကြားခဲ့ဖူးကြသည်။ သို့သော်  ယနေ့အချိန်တွင် ထိုစကားတို့သည် အခိုးအငွေ့သဏ္ဍာန်အလား ပျောက်သွားခဲ့ကြပေပြီ။ ဤသည်ပင် အဂတိတရားမကင်းရှင်းဟု ဆိုရပေမည်။

နိုင်ငံတော်ပိုင်မီဒီယာကြီးုကို အစိုးရက အသုံးချသည်၊ မြဝတီရုပ်မြင်သံကြားကိုလည်း  တပ်မတော်က လက်နက်သဖွယ် အသုံးချနေသည်။ ဝါဒဖြန့်ရာတွင် မီဒီယာ၏အသုံးဝင်မှုကို အကျိုးရှိရှိအသုံးချနေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖြစ်သော ပဋိပက္ခများကို ထုတ်လွှင့်ပြသရာများတွင် အဆောတလျှင်နှင့် ကိုယ်သာအမှန်ပုံစံမျိုး ဝါဒဖြန့်ကြသော်လည်း နိုင်ငံတကာနှင့်ပတ်သက်လာလျှင် ခွန်းတုံ့ပြန်ရန် နှောင့်နှေးနေသည်မှာ ပြည်သူကို မျက်ကွယ်ပြုရာရောက်ပြီး၊ နိုင်ငံတကာ၏ဖိအားသက်ရောက်မှုကိုလည်း တိုးပွားစေသည်။

နိုင်ငံတော်၏ ပင်မဒေါက်တိုင်ကြီးလေးခုတို့တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများသည်  ပြည်သူကို ဗဟိုပြုရပေမည်။ ပြည်သူသည်သာအမိ ပြည်သူသည်သာအဖ ဆိုသည်ကို အစဉ်အမြဲ နှလုံးသွင်းထားရမည်။ သို့မှသာ ဒီမိုကရေစီ၏ အနှစ်သာရ ပေါ်လွင်လိမ့်မည်ဖြစ်သည်။

အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်သည် ပြည်သူနှင့် အထိတွေ့ရဆုံးဖြစ်သည်။ သို့သော် ပြည်သူကလည်း ကြည့်မရဆုံးမဏ္ဍိုင်လည်းဖြစ်သည်။ အုပ်ချုပ်ရေးတွင်ပင် ပြည်ထဲရေးသည် နေရာတကာပါရသော ဌာနဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ မတက်လာမီအထိ အဓိကရုဏ်းဖြိုခွဲမှု၊ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နှင်းမှုတို့ကြောင့် လူအသေအပျောက်များရှိခဲ့သော်လည်း ၎င်းတို့မှာ စစ်တပ်၏ လုပ်ဆောင်ချက်များကြောင့်သာဖြစ် ခဲ့ကြသည်။ သို့သော် ဒီမိုကရေစီခေါင်းစဉ်တပ် အစိုးရများတက်လာသောအခါတွင်မှ ရဲတပ်ဖွဲ့၏ နှိမ်နှင်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးနေကြရသည်။

ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်မြင့်တက်လာစေရန်ဟုဆိုကာ ဥရောပသမဂ္ဂနှင့် အနောက်အုပ်စုက သင်တန်းများ လာရောက်ပေးခဲ့ကြသောကြောင့်များ ယခုကဲ့သို့ စွမ်းဆောင်ရည်မြင့်တက်လာသလားဆိုသည်ကိုတော့ တာ ဝန်ရှိသူများသာ သိကြပေလိမ့်မည်။ မူးယစ်ဆေးဝါးနှင့် သစ်မှောင်ခိုများ ဖမ်းဆီရမိမှုတွင်လည်း ပိုင်ရှင်မဲ့အမှုများ တိုးလာနေသည်မှာ ရဲတပ်ဖွဲ့၏ တိုးတက်လာသော စွမ်းဆောင်ရည်များလားဟု မေးခွန်းထုတ်ရပေမည်။ ခိုးဆိုးလုယက်မှုများကိုလည်း အချိန်မီဖော်ထုတ်နိုင်မှုများ လျော့နည်းလာနေပြန်သည်။

ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံ၍ ဖွဲ့စည်းထားသော  အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ကလည်း အစိုးရကို ဝေဖန်သော စာများကိုသာမြင်ပြီး ဖေ့စ်ဘုတ်ပေါ်တွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြသော ဘောလုံး၊ နှစ်လုံးထီ၊ ချဲထီ လောင်းကစားများကို မမြင်တွေ့ကြသည်မှာ အံ့သြဖွယ်ကောင်းလွန်းလှသည်။ နိုင်ငံခြားသားများကိုသာ တရားဝင်ခွင့်ပြုပေးကာ အခွန်ကောက်ခံသော်လည်း နိုင်ငံသားများ အွန်လိုင်းပေါ်တွင်လုပ်နေကြသော လောင်းကစားများကို အခွန်ကင်းလွတ်ခွင့် ပြုထားရုံသာမက ဖမ်းဆီးမှုပင်မရှိသည်မှာ နိုင်ငံသားများကို ငဲ့ညှာသောအားဖြင့် မသိကျိုးကျွံပြုပေးထားသည်ဟု နားလည်ရမည်လား မဆိုနိုင်ပေ။

ဥပဒေပြုရေးအမတ်များသည်လည်း နိုင်ငံသားအားလုံးကောင်းကျိုးကိုရည်ရွယ်ပြီး ဥပဒေတို့ကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲရေးတို့ထက် မိမိမဲဆန္ဒနယ်အတွင်းရှိ ကျောက်ခင်းလမ်းကို ကတ္တရာလမ်းဖြစ်ရေးလောက်သာ စိတ်ဝင်းစားနေကြသည်ကိုလည်း တွေ့မြင်နေကြရသည်မှာ စိတ်ပျက်စရာပင်ဖြစ်သည်။ နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် မိမိအနိုင်ရရေးအတွက် ယခုကတည်းက အသံကောင်းဟစ်ပြနေကြခြင်းသာဖြစ်သည်။ တကယ်တမ်းတွင် ယင်းတို့ထက် ပြုပြင်စရာရှိသည်များမှာ တပုံတပင်ရှိနေကြသည်။ တစ်လကို လစာဆယ်သိန်းယူနေကြပြီး လွှတ်တော်တွင် တစ်နေ့ကို သုံးနာရီမျှသာ အလုပ်လုပ်နေကြသည်မှာလည်း အားမရစရာပင် ဖြစ်ပေသည်။

အခြေခံလူတန်းစားများသည် တစ်နေ့ကို ၄၈၀၀ ကျပ်ရဖို့အရေး အနည်းဆုံး ၈နာရီမျှ အလုပ်လုပ်နေကြရသည်။ အစိုးရကို အကျပ်ရိုက်စေသော အဆိုတင်သွင်းမှုများသည် ပယ်ချခံနေရသည်။ ကြီးနိုင်ငယ်ညဉ်းသဘောမျိုးနှင့် သွားနေကြသည်။ အစိုးရစီမံကိန်းများသည် ထောက်ခံမဲအများအပြားဖြင့် အတည်ဖြစ်သွားကြသည်။ မိမိပါတီက အဆိုဖြစ်ရုံနှင့် ဝိုင်း၍ ထောက်ခံပေးလိုက်ကြတော့သည်။

လွှတ်တော်တွင် နိုင်ငံ့အရေးထက် ပါတီအရေးများကသာ ကြီးစိုးနေကြသည်မှာ မဲဆန္ဒရှင်ပြည်သူများအတွက် ရင်နာစရာပင်ဖြစ်သည်။ အလျှော့အတင်းပြုလုပ်၍ ပြစ်ဒဏ်ချမှတ်နေသောဥပဒေများ၏ အနိမ့်ဆုံးပြစ်ဒဏ်နှင့် အမြင့်ဆုံးပြစ်ဒဏ်တို့ကြား ကကွာဟချက်ကို မပြုပြင်နိုင်လျှင် တရားစီရင်ရေးတွင် အဂတိလိုက်စားမှုများသည် ဆက်လက်ရှင်သန်နေဦးမည်ပင်ဖြစ်သည်။

ဝန်ကြီးဌာနများ၏ လက်စွဲဥပဒေများသည် ကျင့်သုံးသူဝန်ထမ်းများ၏ လိုသလိုအသုံးချမှုများကြောင့် အယုံအကြည်ကင်းမဲ့စရာများဖြစ်နေကြသည်။ နိုင်ငံအဝှမ်း ခေတ်အဆက်ဆက်က မတရားသိမ်းဆည်းခံခဲ့ကြရသော မြေယာပြဿနာများကို ဖြေရှင်းရန်အတွက် လက်ရှိအသုံးပြုနေသော ဥပဒေများသည် လုံလောက်မှုရှိပါ၏လား ဆိုသည်ကိုလည်း စဉ်းစားသင့်ကြပေသည်။ တပ်မတော်၏ အကျိုးစီးပွားကို တစုံတရာထိခိုက်သော ဥပဒေများကို ယခုတိုင် မမြင်တွေ့ရသည်မှာလည်း စစ်ဘက်ကို ထိခိုက်လို့မရ ဆိုသည့်အချက်ကို အတည်ပြုပေးထားသယောင် ဖြစ်သည်။

မျက်မှောက်ကာလတွင် တရားစီရင်ရေးမဏ္ဍိုင်သည် အဂတိလိုက်စားမှုတွင် ရှေ့ဆုံးကပြေးနေသည်။ အုပ်ချုပ်ရေးနှင့် စစ်ဘက်၏ လွှမ်းမိုးမှုကိုလည်းခံနေရသည်။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်ရေးနှင့် စစ်ဘက်က တရားစွဲဆိုတင်ပို့လာသော အမှုများတွင် ပြစ်ဒဏ်တစုံတရာမကျခံရဘဲ လွတ်သွားသည်ဟူ၍ မမြင်တွေ့ရခြင်းက တရားစီရင်ရေးတွင် အစိုးရနှင့် စစ်ဘက်၏ လွှမ်းမိုးမှုရှိနေဆဲဟု သက်သေပြနေခြင်းပင် ဖြစ်သည်။ မကြာသေးမီကပင် ရန်ကုန်တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦးကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်သည်ကို ကြားသိရသည်။ ရခိုင်တွင်လည်း ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လာရောက်စစ်ဆေးသည်ကို ကြားရပြန်သည်။

ထိုကဲ့သို့ လာဘ်ပေးလာဘ်ယူမှုများသည် ရန်ကုန်တိုင်းတစ်ခုတည်းတွင် ဖြစ်နေသည်ကားမဟုတ်ပေ။ နိုင်ငံအနှံ့အပြားတွင် နိစ္စဓူဝ ကြုံတွေ့နေရသော အကြောင်းခြင်းရာများသာ ဖြစ်သည်။ အထူးသဖြင့် တရားသူကြီးများသည် ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်ထက် အမှုစစ်ရဲက တင်ပေးလိုက်သော အချက်အလက်များပေါ်တွင်သာ အခြေခံပြီး ဆုံးဖြတ်နေကြသည်ကို မြင်တွေ့နေရသည်။

တဖန် တရားရုံးများတွင် တရားသူကြီးတစ်ဦးတည်းကိုသာ ဆုံးဖြတ်ခိုင်းခြင်းမှာလည်း လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ရာတွင်ပို၍ လွယ်ကူစေသလိုဖြစ်နေပေသည်။ ထိုသို့မဟုတ်ဘဲ တရားသူကြီး သုံးဦးလောက်ထိုင်ပြီး ဆုံးဖြတ်ရသော ခုံရုံးစနစ်မျိုးကျင့်သုံးပါက အဂတိလိုက်စားမှုများမှာ သိသိသာသာလျော့နည်းကျဆင်း သွားနိုင်သည်။ တဖက်တွင်လည်း တရားခံရှေ့နေများ၏ ချဉ်းကပ်ရမည့်သူမှာ အရေအတွက်များသွားသောကြောင့် လာဘ်ပေး ချဉ်းကပ်မှုများ လျော့နည်းကျဆင်းသွားနိုင်သည်။

တကယ်တမ်းတွင် နိုင်ငံအနှံ့အပြား၌ အစိုးရဌာနများနှင့် မလွဲမသွေဆက်ဆံနေရသူများသည် မိမိတို့လုပ်ငန်းများ အချိန်မီလည်ပတ်နိုင်ရန်အတွက် တနည်းမဟုတ် တနည်းနှင့် လာဘ်ပေးမှုကို လုပ်နေကြရသည်။ ထိုသို့ မပေးပါက မိမိ၏လုပ်ငန်းများသည် အချိန်နှင့်တပြေးညီ လည်ပတ်နိုင်မည် မဟုတ်သည့်အတွက် မပြောပလောက်သော ငွေပမာဏဟုမြင်ကာ ပေးကမ်းလိုက်ကြသည်။ တိုင်ကြားပြန်လျှင်လည်း တိုင်သူကိုသာ စစ်လားဆေးလားလုပ်နေကြတော့ မည်သူကမျှ အလုပ်ရှုပ်မခံလိုကြပေ။

စနစ်တစ်ခု မည်သို့ပင် ပြောင်းလဲစေကာမူ အကောင်အထည်ဖော် တည်ဆောက်ရမည့်သူများက လိုက်ပါမပြောင်းလဲနိုင်သမျှ အဂတိလိုက်စားမှုကတော့ ရှိနေဦးမှာ အမှန်ပင်ဖြစ်သည်။ ပြည်သူကလည်း ကိုယ့်လုပ်ငန်း အဆင်ပြေချောမွေ့စေရန် အလို့ငှာ ကြိတ်၍ပေးနေကြရဦးမှာပင် ဖြစ်သည်။ အဓိကပြုပြင်ပြောင်းလဲရမှာသည် အစိုးရဗျူရိုကရေစီယန္တရား၏ ဝန်ထမ်းများပင်ဖြစ်သည်။ နိုင်ငံတကာ၏ အဂတိလိုက်စားမှုအများဆုံးနိုင်ငံများ အညွှန်းကိန်းမှာ မြန်မာနိုင်ငံသည် မည်သည့်အဆင့်မှာ ရှိနေသည်ဆိုသည်ကို သက်ဆိုင်ရာဝန်ကြီးများက မိမိတို့ဌာနလက်အောက်ရှိ ဝန်ထမ်းများကို အမြဲသတိပေးနေရပေလိမ့်မည်။

နောက်ဆုံးပြောလိုသည်က လက်ရှိအတိုင်း ရေလိုက်ငါးလိုက် မသိသလိုပဲဆက်သွားကြမလား၊ သို့တည်းမဟုတ် လုပ်ထုံးလုပ်နည်း (procedure) တစ်ခုလုံးကိုပြောင်းလဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြမလား။ ဒါမှမဟုတ် အဂတိလိုက်စားမှုမှာ မွေ့ပျော်နေကြမှာလား ဟူ၍သာ မေးကြည့်ချင်ပါတော့သည်။

(ယခုဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ထုတ် Development News Journal အမှတ် - ၉၄ တွင် ဖတ်ရှုနိုင်သည်။)

ဗီဒီယိုများ