မန္တလေး-ကျောက်ဖြူ ရထားလမ်းအပေါ် ဒေသခံများ၏ သဘောထား

ရထားလမ်းဖောက်မယ်ဆိုတာကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းတယ်လို့ ပြောလို့ရတာပေါ့ ။ ဒါပေမယ့် အရင်တုန်းက ဓာတ်ငွေ့ပိုက်လိုင်းလုပ်ခဲ့တုန်းကတော့ နစ်နာကြေးတွေကို မှန်မှန်ကန်ကန်ရမယ်ဆိုပြီးပြောလို့ ဒေသခံတွေက လက်မှတ်ထိုးခဲ့တာတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နစ်နာကြေးတွေကို မှန်မှန်ကန်ကန်ရရှိခဲ့တာ မရှိဘူး။ ဒါကြောင့် ဒီဒေသကလူတွေကတော့ အရင်တုန်းကလိုဖြစ်မှာကို စိုးရိမ်နေကြတယ်။ ဒါ့ကြောင့် ဒီရထားလမ်းစီမံကိန်း လုပ်ဆောင်ဖို့ စစ်ဆေးမှုတွေလုပ်တဲ့အခါ ဒေသခံတွေကို သေချာတဲ့ကတိကဝတ်တွေနဲ့ နားလည်အောင်ရှင်းပြဖို့ လိုအပ်တယ်။

By သီဟ 29 Jan 2021

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းကနေ ကျောက်ဖြူထိ ဖောက်လုပ်မယ့် ရထားလမ်းရဲ့အစိတ်အပိုင်းဖြစ်တဲ့ မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း ဖြစ်နိုင်ခြေဆန်းစစ်မှု စာချွန်လွှာကို စီမံကိန်းအဆိုပြုကုမ္ပဏီဖြစ်တဲ့ China Railway Eryuan Engineering Group (CREEG)တို့ နေပြည်တော်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲ့ဒီဆန်းစစ်မှုကို ဘယ်အချိန်မှာစတင်မယ်၊ ဘယ်နေရာတွေမှာလုပ်ဆောင်မယ်နဲ့ ဘယ်လို ပုံစံမျိုးလုပ်ဆောင်သွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရထားလမ်းကို အရင်ရွှေဂတ်ပိုက်လိုင်းဖြတ်သန်းရာမနီးမဝေးမှာ ဖောက်လုပ်သွားနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေသလို။ မအီ-တောင်ကုတ်လမ်းကိုဖြတ်ပြီး ကျောက်ဖြူ - ရန်ကုန် အဝေးပြေးကားလမ်းဘေးကနေ ဖောက်လုပ်သွားနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေရှိနေပါတယ်။

အခုလို ဖောက်လုပ်မယ့်ရထားလမ်း စီမံကိန်းမတိုင်ခင်မှာ ဖောက်လုပ်ခဲ့တဲ့ ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်းတုန်းက မြေယာလျော်ကြေးငွေ အရှုပ်အရှင်းတွေနဲ့ ၊ဒေသခံတွေ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တာကြောင့် အခုရထားလမ်းဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာတွေလုပ်ဆောင်မှုအပေါ် ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို DMG အကြီးတန်းသတင်းထောက် သီဟက စုစည်းတင်ပြလိုက်ပါတယ်။

ကိုထွန်းကြည်(ညှိနှိုင်းရေးမှူး ၊ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း)

ဒီလေ့လာဆန်းစစ်မှုမှာ ပထမဆုံးအနေနဲ့ ESIA အရင်လုပ်မယ်လို့တော့ ထင်ပါတယ်။လူမှုရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာတွေထိခိုက်နစ်နာနိုင်မလဲ ဆိုတဲ့အပိုင်းကို စပြီးတော့ လုပ်မယ်လို့ ထင်ရတယ်။ အဓိကကတေတာ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက EIA ဥပဒေပေါ်လာတဲ့ အတွက်ကြောင့် EIAမလုပ်ဘဲနဲ့ အကြီးစားစီမံကိန်းတွေကို စလို့မရတဲ့အတွက်ကြောင့်ပေါ့နော်။ ဒီတော့ အဓိကအားဖြင့်တော့ ရွှေဂက်စ်ပိုက်လိုင်း လုပ်တုန်းကာလတုန်းက ဖြစ်ခဲ့တဲ့ လျော်ကြေးပြဿနာတွေ၊ အထောက်အထားမရှိတဲ့ ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်ထားတဲ့ မြေယာပြဿနာတွေကိုစနစ်တကျလုပ်ဖို့ လိုအပ်တယ်လို့တော့ မြင်တယ်။ ပထမ ပိုက်လိုင်းစီမံကိန်းတုန်းကလည်း မြေအသိမ်းခံရပြီး လျော်ကြေးမရခဲ့တဲ့ လူတွေ အများကြီးရှိခဲ့တယ်။ ကျေးရွာတွေကို ဖြတ်သွားတယ်။ သချို ၤင်းတွေကို ဖြတ်သွားတယ်။ ကျေးရွာရဲ့ အရေးတကြီးလိုအပ်တဲ့ နေရာတွေ။ အမြတ်တနိုးနေရာတွေ မပါရဘူးဆိုပေမယ့် ဒီပိုက်လိုင်းစီမံကိန်းတုန်းက အကုန်ပါခဲ့တဲ့ ပြဿနာတွေရှိနေတဲ့အတွက်ကြောင့် ဒီလေ့လာဆန်းစစ်မှုမှာ အဓိကအနေနဲ့ ပိုပြီးသိသာ မြင်သာရှိတဲ့ Social Impact Assessment ကို အလေးထားပြီးလုပ်သင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီး လက်ရှိ EIAရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအ ခန်းကဏ္ဍဆိုတာ အလွန်အကျွံနည်းနေသေးတယ်။ EIAရဲ့လုပ်ထုံးလုပ်နည်းတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေယူဖို့၊ တွေ့ဆုံမေးမြန်းဖို့၊ လုပ်ငန်းဧရိယာတွေသတ်မှတ်ရမယ်ဆိုတာမျိုးကို ကုမ္ပဏီဘက်က သေချာလပ်တာမျိုးမတွေ့ဘူး။သူတို့ လုပ်ချင်တာကို လုပ်သွားတယ် ။ပြီးရင် အစိုးရက လက်မှတ်ထိုးတယ်။ ပြီးရင်တည်ဆောက်ဖို့ အတည်ပြု လက်မှတ်ကိုထိုးကြတယ်။ဒီတော့ အဓိကဖြစ်သင့်တာကတော့ ဒီ EIAဥပဒေကိုပါ ပြင်ပြီးတော့ ဒီအထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို တိုးမြှင့်ပေးနိုင်မယ်ဆိုရင် ဒေသခံတွေရဲ့ အသံတွေပိုပြီး ပါဝင်လာနိုင်မယ်။ကြားနေအမြင်တွေလည်း ပိုပြီးပါလာနိုင်မှာဖြစ်ပါတယ်။

ဦးဖိုးစံ(ကျောက်ဖြူမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂))

အဓိကကတော့ နိုင်ငံအတွက်လည်း ဖွံ့ဖြိုးတိုးတက်မယ် ၊ပြည်နယ်အတွက်လည်းဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် အဓိကလုပ်ဆောင်ရမှာက လူမှုဘဝပတ်ဝန်းကျင်မထိခိုက်ဖို့ EIAစစ်တမ်းကို စနစ်တကျ ကွင်းဆင်းပြီး လုပ်ရမယ်။ နောက်ပြီးတော့ လူမှုပတ်ဝန်းကျင်မထိခိုက်အောင်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဂရုစိုက်ရမယ်။ ဆိုးဆိုးဝါးဝါး သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ကုန်ရင် လူမှုဘဝပတ်ဝန်းကျင်တွေလည်း အကြီးအကျယ် ပျက်စီးကုန်မှာ ဖြစ်တယ်။နောက်ပြီး ဒေသခံတွေ ကျန်းမာရေးပိုင်းမှာ မထိခိုက်နိုင်အောင် EIA SIA ၊ HIA ဒီသုံးခုကို အဓိက စနစ်တကျ ဆန်းစစ်ဖို့လိုမယ်။ ဒီသုံးခုကတော့ အရေးကြီးဆုံးပါပဲ။ ဒီသုံးခုမဖြစ်ဘူး ဆိုရင်တော့ ပြည်သူလူထုအတွက်လည်း အကျိုးရှိမယ်၊ နိုင်ငံအတွက်လည်းအကျိုးရှိမယ် ဆိုရင်တော့ အကောင်အထည်ဖော်လို့ ကောင်းမှာပါ။ မဟုတ်ရင်တော့ ပြည်သူတွေလည်းထိခိုက်နစ်နာမယ်။ ပြည်နယ်နဲ့ နိုင်ငံအတွက်လည်း အကျိုးမရှိဘဲ တရုတ်အကျိုးစီးပွားအတွက်ပဲဆိုရင်တော့ နစ်နာတာပဲ အဖက်တင်မှာပါ။ သူတို့မှာ အရင်တုန်းကတော့ သူတို့မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး Planတွေတော့ရှိတယ်။ ဘာတွေ ဆန်းစစ်ထားတယ် ဆိုတာတော့ မြေပြင်မှာတော့ မသိရသေးဘူး။ ရခိုင်ပြည်နယ်မှာတော့ ကျေးရွာက လူထုတွေနဲ့ ဒေသခံတွေကို နစ်နာသွားရင် ဘာတွေလုပ်ဆောင်ပေးမယ်။ ဘာတွေကုစားပေးမယ်ဆိုတာမျိုး စီမံကိန်းချပြီး ကွင်းဆင်းချပြတာမျိုးတွေတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ အဆင်းရဲဆုံးဖြစ်နေတဲ့ ပြည်နယ်ကို ပြန်ပြီး ဦးမော့လာအောင် လုပ်ဖို့အတွက် စေတနာကောင်းတွေပါတဲ့ အစိုးရနဲ့ နိုင်ငံခြားကုမ္ပဏီတွေ လိုအပ်ပါတယ်။

ကိုမျိုးလွင်(ပိုက်လိုင်းရေးရာလှုပ်ရှားမှုစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ)

ပြီးခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေစီမံကိန်းတုန်းကလည်း သဘာဝပတ်ဝန်းကျင်၊သဘာဝအရင်းအမြစ်နဲ့ လူမှုစီးပွား ဘဝတွေ ထိခိုက်မှုကို အခုအချိန်အထိ ကုစားနိုင်မှုမရှိသေးတာကို တွေ့နေရတယ်။ ဒီစီမံကိန်းမှာလည်း ဒီလိုမျိုးတွေမဖြစ်အောင် အလေးထားဆောင်ရွက်ဖို့လိုတယ်။ ဒီစီမံကိန်းမှာ ပါဝင်လာမယ့် သဘာဝပတ်ဝန်း ကျင်တွေ၊ ဒေသခံတွေရဲ့ပိုင်ဆိုင်မှုတွေ၊ ဒေသခံတွေရဲ့ ယာဉ်ကျေးမှုဓလေ့ထုံးတမ်းရိုးရာတွေ၊ မပျက်စီးအောင် ဘယ်လို အလေးထားဆောင်ရွက်မလဲဆိုတာ အရေးကြီးပါတယ်။ ဒေသခံတွေရဲ့အမြင်သဘောထားတွေ၊ ထိုက်နစ်နာမှုတွေကို ဥပဒေလမ်းကြောင်းအရ ကုစားပေးနိုင်ဖို့လိုတယ်။ ဒေသတွေရဲ့ ပျက်စီးသွားမယ့် လယ်တွေအတွက် အစားထိုးလုပ်ကိုင်နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့လိုမယ်။ ရခိုင်က ကြီးမားတဲ့စီမံကိန်းတွေမှာ ဆင်းရဲတဲ့ဒေသခံတွေက ပိုပြီးပိုပြီးနိမ့်ကျလာတဲ့ အနေအထားကို တွေလာနေရတော့ ဒေသခံတွေအတွက် ရေရှည်ရပ်တည်နိုင်ဖို့ အာမခံခံချက်ပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုပါလိမ့်မယ်။ ဒါတွေကို ကနဦးကတည်းက ကြိုတင်လေ့လာထားဖို့လိုမယ်။ နောက်ပြီးတော့ စီမံကိန်းဖော်ဆောင်မယ့် ကုမ္ပဏီအနေနဲ့ ကျင့်ဝတ်သိက္ခာရှိဖို့လိုမယ်။ ဆိုလိုတာက ဒေသခံတွေအပေါ်မှာ အလေးအနက်ထားပြီး ကတိကဝတ်တွေအတိုင်း ကျင့်ဝတ်သိက္ခာရှိရှိ ဆောင်ရွက်ဖို့လိုတာပါ။ နောက်တစ်ခု ကတော့ ဘယ်လိုစီမံကိန်းမျိုးပဲလုပ်လုပ် ဒေသခံတွေစီမံပိုင်ခွင့်မရှိ၊ သူတို့ရဲ့အသံတွေ ပါဝင်ခွင့်မရှိဘဲ ဗဟိုချုပ်ကိုင်မှုနဲ့သွားတဲ့ စီမံကိန်းတိုင်းကတော့ အဲစီမံကိန်းမှာ ပါဝင်သွားတဲ့ ဒေသခံတွေအများဆုံး ထိခိုက်ခံရမှာပါပဲ။ ဒါတွေကိုလည်း သတိပြုဖို့လိုပါတယ်။

ကိုစိုးရွှေ (MATAအဖွဲ့ရခိုင်ပြည်နယ်တာဝန်ခံ)

လေ့လာမှုတွေလုပ်တော့မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားတွေ ထိခိုက်မှုကို အဓိကသတိထား ပြောရမှာပေါ့နော်။လက်ရှိ ဒီနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေအရ EIAလို့ခေါ်တဲ့ သဘာပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာ လေ့လာမှုတွေကို လုပ်ရမှာတွေရှိတယ်။ ဆိုတော့ ဒီဟာကို တကယ့်ကို စနစ်တကျနဲ့ နိုင်ငံတကာ အဆင့်အတန်းမှီမှီ Assessment တွေ လုပ်စေချင်တယ်။ ပြီးပြီးရောဆိုပြီး အဖြစ်သဘောမျိုး လုပ်တာမဟုတ်ဘဲ တကယ့်ကို ထိခိုက်နိုင်မယ့်ဟာတွေကို ထည့်သွင်းစဉ်းစားပြီး လေ့လာဆန်းစစ်စေချင်တယ်။ အဲဒီ လေ့လာမှုတွေက ထွက်လာတဲ့တွေ့ရှိချက်တွေကို မူတည်ပြီးတော့ ဒီဟာကိုဘယ်လိုမျိုးအကောင်းဆုံး ဖြစ်အောင်စီစဉ်နိုင်မလဲဆိုတာ ကိုသေချာစဉ်းစားပြီး လုပ်စေချင်တယ်။ နောက်တစ်ခုက လူမှုစီးပွားနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ဒီအချိန်မှာတော့ တက်နိုင်သမျှ မဖြစ်စေချင်တော့ဘူး။ ပိုက်လိုင်းစီမံကိန်းတုန်းကလည်း အစိုးရကလည်း စစ်အစိုးရဆိုတော့ ဘာမှလည်းပြောခွင့်မရှိခဲ့ဘူး။ ပြောလို့လည်း မရခဲ့ဘူးပေါ့နော်။ ပြည်သူတွေပြောတာကိုလည်း နားထောင်တဲ့ အစိုးရမဟုတ်တဲ့အခါကျတော့ ဘာမှကိုပြောခွင့်မရှိခဲ့ဘူး။ သူတို့လုပ်သမျှ ခံရတယ်ဆိုတာမျိုးဖြစ်ခဲ့တယ်။ ဒီတော့ အဲလိုသမိုင်းဆိုးမျိုးကို ပြည်သူတွေအနေနဲ့ ထပ်ပြီးတော့ မကြုံစေချင်တော့ဘူး။ ဒီစီမံကိန်းတစ်ခုမှာတော့ ထိခိုက်တဲ့ပြည်သူတွေ ကတော့ရှိမှာပဲလေ။ ဒါကတော့ ဘယ်လိုမှငြင်းလို့မရဘူးပေါ့နော်။ ထိခိုက်မှုမရှိအောင်လုပ်ပါဆိုလို့လည်း မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် ထိခိုက်တာတွေကို ဘယ်လိုမျိုး ပြန်ကုစားပေးမလဲ ပြန်ဖြေရှင်းပေးမလဲ၊ ဒီထိခိုက်မှုတွေကို ဘယ်လိုမျိုးပြန်လျှော့ချမလဲ ဆိုတာကို သေချာစဉ်စားပြီး ပြည်သူကို ထိခိုက်မှုအနည်းဆုံးနဲ့ ပြည်သူတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် စနစ်မျိုးလုပ်ငန်းမျိုးကို ရွေးစေချင်တယ်။ နောက်ပြီး လေ့လာဆန်းစစ်မှုတွေကိုလုပ်တဲ့အခါ မြေပြင်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆန်းစစ်တာမျိုးတွေကို လုပ်စေချင်တယ်။ဆိုလိုတာက နေပြည်တော်မှာ Work – Short တစ်ခုလုပ်ပြီးတော့ ဆန်းစစ်တာမျိုး၊ရန်ကုန်မှာ ဆွေးနွေးပွဲလုပ်ပြီး ဆန်းစစ်တာမျိုးထက် မြေပြင်ကို ဆင်းပြီးဆန်းစစ်စေချင်တယ်။ဥပမာပြေရရင် မြေစာရင်းဌာနမှာ မြေလွတ်မြေရိုင်းလို့ ပြထားပေမယ့် တကယ့်မြေပြင်မှာက ကျေးရွာလူထုတွေလုပ်ကိုင်စားသောက်နေတဲ့ နေရာလည်းဖြစ်နေတာမျိုးပေါ့နော်။ ဒါကြောင့် တကယ်မြေပြင်မှာရှိနေတဲ့အခြေအနေကိုထည့်တွက်ပြီးလုပ်စေချင်ပါတယ်။

ဦးသန်းမောင်(ကျောက်ဖြူမြို့နယ် ၊ ကပိုင်ချောင်းကျေးရွာဒေသခံ)

ရထားလမ်းဖောက်မယ်ဆိုတာကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းတယ်လို့ ပြောလို့ရတာပေါ့ ။ ဒါပေမယ့် အရင်တုန်းက ဓာတ်ငွေ့ပိုက်လိုင်းလုပ်ခဲ့တုန်းကတော့ နစ်နာကြေးတွေကို မှန်မှန်ကန်ကန်ရမယ်ဆိုပြီးပြောလို့ ဒေသခံတွေက လက်မှတ်ထိုးခဲ့တာတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နစ်နာကြေးတွေကို မှန်မှန်ကန်ကန်ရရှိခဲ့တာ မရှိဘူး။ ဒါကြောင့် ဒီဒေသကလူတွေကတော့ အရင်တုန်းကလိုဖြစ်မှာကို စိုးရိမ်နေကြတယ်။ ဒါ့ကြောင့် ဒီရထားလမ်းစီမံကိန်း လုပ်ဆောင်ဖို့ စစ်ဆေးမှုတွေလုပ်တဲ့အခါ ဒေသခံတွေကို သေချာတဲ့ကတိကဝတ်တွေနဲ့ နားလည်အောင်ရှင်းပြဖို့ လိုအပ်တယ်။ ဒီကလူတွေက အရင်တစ်ခေါက်တုန်းကလို ခေါင်းပုံဖြတ်စနစ်နဲ့လုပ်မှာကို စိုးရိမ်နေကြမှာပါပဲ။ နောက်ပြီးတော့ ရထားလမ်းလုပ်ဖို့အတွက် လေ့လာတဲ့အခါ လုပ်မယ့်နေရာတွေကို လာပြီးကြည့်စေချင်ပါတယ်။ ပြီးတော့ ဒေသကလူတွေနဲ့ပါ တပါတည်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်စေချင်ပါတယ်။ မဟုတ်ရင်တော့ ဒေသခံတွေရဲ့စိုးရိမ်မှုတွေကို ဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ တောသူတောင်သားတွေကို ပထမတစ်ခါလို ပုံပြင်တွေ ထပ်မပြောစေချင်တော့ပါဘူး။

ဦးတင်ဝင်းလှိုင် (အမ်းမြို့နယ်၊ အမ်းတောင်အုပ်စုဒေသခံ)

ရထားလမ်းလုပ်ဖို့ လေ့လာဆန်းစစ်တာတွေ လုပ်တဲ့အခါ မြေပြင်က လက်ရှိတောင်သူတွေဦးဆောင်တဲ့ အဖွဲ့အစည်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သေချာကွင်းဆင်းပြီး သေသေချာချာလေ့လာပြီးမှ လုပ်ဆောင်စေချင်တယ်။ မဟုတ်ရင် ရထားလမ်းဖောက်တုန်းတန်းလန်းမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အရင်တစ်ခေါက် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သွားတဲ့အခါ ကျွန်တော်တို့ တောင်သူတွေက ဘုမသိဘမသိနဲ့ တော်တော်လေးခံခဲ့ရတယ်။ လျော်ကြေး ပေးတော့လည်း ရတဲ့လူရတယ်၊ မရတဲ့လူ မရခဲ့ကြဘူး။ နောက်ဆုံး ပေးတဲ့ဒီလောက်နဲ့ ကျေနပ်ရင်ကျေနပ် မကျေနပ်ရင် မရဘူးဆိုတဲ့အထိ ခြိမ်းခြောက် ခံခဲ့ရတာမျိုးတွေလည်း ရှိခဲ့တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဒီပထမကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ စီစဉ်ပြီး ဖြေရှင်းပေးပြီးမှပဲ အခုရထားလမ်းကိစ္စကို ဆက်လုပ်စေချင်ပါတယ်။ အချို့ ဒေသခံတွေဆိုရင် အရင် လျော်ကြေးငွေကိစ္စတွေ မပြီးမချင်း ရထားလမ်းကိစ္စကို သဘောမတူဘူးဆိုပြီး ပြောနေကြတာမျိုးရှိတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ တန်ရာတန်ကြေးပေးပြီး ဖြတ်သန်းစေချင်ပါတယ်။

ဗီဒီယိုများ