သံတွဲတွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာ

ဧပြီလ ၂၂ ရက်က သံတွဲ - တောင်ကုတ်ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်တွင် ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လှမ်းပစ်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး ခရီးသည်အမျိုးသမီးတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

By Admin 24 Apr 2024

သံတွဲတွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာ

DMG ၊ ဧပြီ ၂၄ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာကြောင်း သံတွဲဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သံတွဲ - တောင်ကုတ် ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်တွင် ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လှမ်းပစ်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး ခရီးသည်အမျိုးသမီးတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

“ဒရိုင်ဘာတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရသွားတယ်။ စစ်ကောင်စီဂိတ်က တပ်သားတွေ သေနတ်နဲ့လှမ်းပစ်လို့ ထိသွားတာ။  လမ်းကို ဒီနေ့ထိ ပိတ်ထားတုန်းပဲ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ သံတွဲမြို့နယ်၊ အံတော်ကျေးရွာတွင် နေထိုင်သူ “ရိုးမမဏ္ဏိုင်” ခရီးသည်ယာဥ်လိုင်းမှ ယာဥ်မောင်းကိုစိုးသူ (၃၀ နှစ်) ဖြစ်သည်။ ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ EPC ဝန်ထမ်းဖြစ်ပြီး နောက်ထပ်ဒဏ်ရာရရှိသူမှာ သုံးဘီးဆိုင်ကယ်ဖြင့် ငါးရောင်းချနေသူ ဖြစ်သည်။ 

ပစ်ခတ်မှုအပြီးတွင် သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို အရေးပေါ်ကားများဖြင့် သံတွဲမြို့သို့ သယ်ဆောင်လာပြီး ဆေးရုံသို့ပို့ခဲ့ကြောင်း မျက်မြင်များက ပြောကြသည်။

ဧပြီလ ၂၂ ရက်က သံတွဲမြို့နယ်အတွင်း ဒေါ်မြရွာ၊ ပုရစ်ရွာ၊ ရေကောက်ရွာအနီးတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးနားက ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

စစ်ကောင်စီသည် လက်နက်အားကိုးဖြင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စဉ်စိမ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းအပေါ် လူ့အခွင့်အရေးသမားများက ရှုတ်ချကြသည်။ 

“စစ်ကောင်စီအနေနဲ့ ဘာမှပြန်မလုပ်နိုင်တဲ့ အရပ်သားတွေကို အခုလိုမျိုး ရက်ရက်စက်စက် ပစ်သတ်တာကတော့ တော်တော်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများ နေ့စဉ်ရှိနေသည်။

ဗီဒီယိုများ