စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်လာ

စစ်တွေမြို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ ကုန်လမ်း၊ ရေလမ်း အဝင်အထွက်များကို ပိတ်ဆို့ထားပြီး နယ်နိမိတ်ချင်းထိစပ်နေသော ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် မြို့နယ်တို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လုံခြုံရေး ပိုမိုတင်းကြပ်ထားသည်။

By Admin 20 Apr 2024

စစ်တွေမြို့တွင်း လမ်းမကြီးတစ်နေရာကို ဧပြီလ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - Ni Htwan)
စစ်တွေမြို့တွင်း လမ်းမကြီးတစ်နေရာကို ဧပြီလ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - Ni Htwan)

DMG ၊ ဧပြီ ၂၀

စစ်ကောင်စီက ထိန်းချုပ်ပိတ်ဆို့ထားသည့် စစ်တွေမြို့တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာမှုနှင့်အတူ ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။ 

ရခိုင်ပြည်၊ စစ်တွေမြို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ ကုန်လမ်း၊ ရေလမ်း အဝင်အထွက်များကို ပိတ်ဆို့ထားပြီး နယ်နိမိတ်ချင်းထိစပ်နေသော ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် မြို့နယ်တို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စစ်တွေမြို့ကို လုံခြုံရေးပိုမိုတင်းကျပ်ထားသည်။

ထို့ကြောင့် ကုန်စည်စီးဆင်းမှု လုံးဝနီးပါးရပ်တန့်သွားပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားနှင့် မီးသွေး၊ ဓာတ်ဆီအပါဝင် လူသုံးကုန်ဈေးနှုန်းများမှာ တဟုန်းထိုး မြင့်တက်လာခြင်းဖြစ်သည်။

မောလိပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “အခြေခံစားသောက်ကုန် ဈေးနှုန်းတွေက တအားကို ထိုးတက်လာတယ်။ မြို့ကနေ ထွက်ပြေးတိမ်းရှောင်သူတွေ များလာတော့ ဈေးဆိုင်တွေ မဖွင့်ကြတော့ဘူး။ တချို့ပစ္စည်းတွေဆိုရင် ဝယ်လို့တောင် မရတော့ဘူး။ ကုန်စည်လမ်းကြောင်းတွေကို ဖွင့်မပေးဘဲ ဒီအတိုင်းသာ ပိတ်ဆို့ထားမယ်ဆိုရင် စစ်တွေမြို့တွင်း စားနပ်ရိက္ခာပြတ်တောက်ပြီးတော့ ငတ်မွတ်မှုတွေ ဖြစ်တော့မယ်” ဟု ပြောသည်။

ရခိုင်စစ်ပွဲစဖြစ်တုန်းက စစ်တွေမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ငွေကျပ် ၁၂၀,၀၀၀၊ ဝက်သား တစ်ပိဿာကို ငွေကျပ် ၂၅,၀၀၀၊ စက်သုံးဆီ တစ်လီတာကို ငွေကျပ် ၃,၅၀၀၊ မီးသွေးတစ်အိတ်ကို ငွေကျပ် ၁၂,၀၀၀ စသည်ဖြင့် အသီးသီးရှိခဲ့သည်။

လက်ရှိတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ငွေကျပ် ၂၄၀,၀၀၀၊ ဝက်သားတစ်ပိဿာကို ငွေကျပ် ၆၅,၀၀၀၊ စက်သုံးဆီတစ်လီတာ ငွေကျပ် ၂၈,၀၀၀၊ မီးသွေးတစ်အိတ် ငွေကျပ် ၄၅,၀၀၀ ကျပ်အထိ မြင့်တက်နေပြီး တခြားကုန်ဈေးနှုန်းများမှာလည်း ယခင်ထက် ၄ ဆကျော် မြင့်တက်နေသည်။

ပင်လယ်ပြင်ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် စစ်တွေမြို့တွင်းဈေးများတွင် ငါးရှားပါးနေပြီး အသားဈေးနှုန်းများမှာ ယခင်ထက် ၃ ဆနီးပါး မြင့်တက်သွားကြောင်း သိရသည်။

ကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် အလုပ်မရှိတော့သဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ ပိုပြီးစားဝတ်နေရေး ကျပ်တည်းနေကြသည်။

“စစ်တွေမှာ လူတွေနည်းလာတော့ အလုပ်အကိုင်တွေလည်း မရှိတော့ဘူး။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတော့ အခြေခံလက်လုပ်လက်စားတွေမှာ တော်တော်လေးကို အခက်အခဲရှိတယ်။ တခြားနေရာကို တိမ်းရှောင်ဖို့ကလည်း ငွေကြေးမတတ်နိုင်တော့ ဒီမှာပဲ ခက်ခက်ခဲခဲနေကြရတယ်” ဟု ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

အာရက္ခတပ်တော် တပ်မှူးချုပ်က စစ်တွေမြို့ခံများကို လုံခြုံရာနေရာသို့ ရွှေ့ပြောင်းကြရန် ဧပြီလ ၁၀ ရက်တွင် အသိပေးပြီးနောက် နေရပ်စွန့်ခွာသူမြင့်တက်နေပြီး စစ်ကောင်စီဝန်ထမ်းများ၊ စီးပွားရေးသမားတချို့၊ ငွေကြေးမတတ်နိုင်သူများနှင့် အိမ်စောင့်အဖြစ် ကျန်ခဲ့ကြသူများသာ ရှိတော့သည်။

လတ်တလောတွင် စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီကြား တိုက်ပွဲမဖြစ်သေးသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်သည်။ 

ဗီဒီယိုများ