ကိုဗစ်ကြောင့် ရခိုင်ပြည်က အခြေခံကျောင်းများ ပိတ်လာနိုင်သလား

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကိုဗစ်လူနာများတွေ့ရှိသဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၉ ရက်နေ့မှစပြီး ယာယီပိတ်ထားလိုက်သည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများနှင့် ခိုးဝင်သူများထံ ကိုဗစ်ပိုးတွေ့ရှိနေသည်။ ရခိုင်ပြည်သူများလည်း တစ်ပြည်လုံး ကူးစက်ပြန့်နှံ့မှုဖြစ်သွားမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ ပလက်ဝမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နှင့် ထိစပ်နေသဖြင့် ရခိုင်ပြည်တွင်လည်း အခြေအခံပညာကျောင်းများ ပိတ်လာနိုင်သလားဆိုသည်ကို ပညာရေးလောကမှ ပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘ၊ အရပ်ဘက်အဖွဲ့အစည်းများကို DMG မှ ဆက်သွယ်မေးမြန်းထားသည်။

11 Jun 2021

DMG ၊ ဇွန် ၁၁

(VOXPOP)

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကိုဗစ်လူနာများတွေ့ရှိသဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၉ ရက်နေ့မှစပြီး ယာယီပိတ်ထားလိုက်သည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများနှင့် ခိုးဝင်သူများထံ ကိုဗစ်ပိုးတွေ့ရှိနေသည်။ ရခိုင်ပြည်သူများလည်း တစ်ပြည်လုံး ကူးစက်ပြန့်နှံ့မှုဖြစ်သွားမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ ပလက်ဝမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နှင့် ထိစပ်နေသဖြင့် ရခိုင်ပြည်တွင်လည်း အခြေအခံပညာကျောင်းများ ပိတ်လာနိုင်သလားဆိုသည်ကို ပညာရေးလောကမှ ပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘ၊ အရပ်ဘက်အဖွဲ့အစည်းများကို DMG မှ ဆက်သွယ်မေးမြန်းထားသည်။

■ ဦးစောလွင် (ကျောင်အုပ်ကြီး)၊ ဇွဲသစ်ကိုယ်ပိုင်ကျောင်း၊ ကျောက်တော်

ပလက်ဝနဲ့ကျောက်တော်နဲ့က နီးနီးလေး သူရဲ့နယ်မြေအနေအထားရ ပလက်ဝမှာဖြစ်ရင် သေသေချာချာ မထိန်းနိုင်ရင် ကျောက်တော်ကိုကူးလာနိုင်တယ်။ အဲဒီလိုကူးလာရင် ကျောင်းတွေလည်း ပိတ်လာနိုင်တယ်။ ပလက်ဝမှာကတော့ အန္ဒိယနိုင်ငံနဲ့ နယ်စပ်နားမှာ ပိုးတွေ့လူနာက ၇ ဦးရှိတယ်။ အဒီကတော့ မြန်မာဖက်မှာ တွေ့တာ။ အခုကြားရသလောက် ပလက်ဝမှာကတော့ Stay at Home သတ်မှတ်ထားတယ်။ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားတဲ့အတွက် ထိန်းနိုင်ရင်တော့ ရခိုင်ဘက်ကိုကူးလာမှာ မဟုတ်ဘူး။ ကျောင်းတွေကလည်း ဖွင့်လို့ရမယ်။ ကိုဗစ်ကို ပလက်နယ်ဘက်မှာ မထိန်းနိုင်ရင်တော့ ရခိုင်ပြည်မှာလည်း ကျောင်းတွေပိတ်ရမယ် လို့ထင်တယ်။

■ ဦးသိန်းဝင်း (အလွတ်သင်ဆရာ)

ရခိုင်မှာဖြစ်စဉ်နဲ့ ပလက်ဝမှာဖြစ်တဲ့ ကိုဗစ်ဖြစ်စဉ်နဲ့ ဖြစ်ပုံဖြစ်နည်းမတူထင်တယ်။ မတူလို့မြင်တယ်။ မတူတာက  ဟိုမှာက အန္ဒိယတို့၊ ဘင်္ဂလားဒေရှ့်တို့ နယ်စပ်ဝင်ပေါက်တွေဟာ စနစ်တကျထိန်းချုပ်ထားပုံမကျ ချင်းပြည်နယ် ဘက်မှာကျတော့။ ဒီဘက်မှာတော့ ကူသွယ်မှုသွားတဲ့ ဘင်္ဂလာကို သွားတဲ့သူတွေကိုကျတော့ စစ်တွေမြို့နယ်ထဲကို ဝင်ခွင့်မပေးဘဲ သီးသန့်မင်းဂံဆိပ်ကမ်းမှာ သူတို့ကိုထားတယ်။ သူတို့ကို အဲဒီမှာပဲစစ်တယ်။ စစ်လို့တွေ့တဲ့ လူနာတွေကိုမှ တစ်ခါတည်းစစ်တွေဆေးရုံကိုပို့တယ်။ လူထုနဲ့ ထိတွေ့ဆက်ဆံမှု လုံးဝမရှိတဲ့သူတွေ။ နောက် ကွာရင်တင်းထားတာကလည်း အဲဒီဧရိယာထဲမှာ ထားတဲ့အခါ ဒီဘက်က ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိတဲ့အတွက် ကျွန်တော်တို့ကတော့ စိုးရိမ်ဖို့ကောင်းတယ်လို့တော့ သိပ်မမြင်ဘူး။
စစ်တွေမှာ တွေ့တာကလည်း ကုန်သွယ်ဘုတ်တွေက လူတွေတွေ့တယ်။ ကုန်သည်ဘုတ်တွေကို ရွှေမင်းဂံဆိပ်မှာ ရပ်တယ်။ အဲဒီမင်းဂံဆိပ်မှာပဲ အဲဒီလူတွေကို ကွာရင်တင်းထားပြီးတော့ စစ်တယ်။ အဲဒီလိုဖြစ်တဲ့အတွက် ပြည်သူထဲကို စိမ့်ဝင်လာဖို့တော့မမြင်ဘူး။ ဒါကို အစိုးရက ဒီထက်စနစ်တကျလုပ်ရင်တော့ ကျွန်တော်တို့ သိပ်စိုးရိမ်ဖို့တော့ မမြင်ဘူး။

■ ဒေါ်လှငြိမ်းမိုး (ကျောင်းသားမိဘ)၊ ကျောက်တော်

ကျွန်မတို့က ပြောမယ်ဆိုရင် ကျောက်တော်နဲ့ ပလက်ဝဆိုတာက ချင်းပြည်နဲ့ ရခိုင်ပြည်ဖြစ်ပေမယ့် နယ်မြေချင်း ထိစပ်နေတဲ့အတွက် ကျွန်မတို့အနေနဲ့ စိုးရိမ်ပူပန်မှုတွေ အများကြီးရှိပါတယ်။ ပလက်ဝမှာဖြစ်တယ်အတွက်နဲ့ ကျောက်တော်မှာလည်း ကိုဗစ်တွေ့လာလို့ရှိရင် ကျောင်းကပြန်ပြီး ပိတ်သွားနိုင်သလားဆိုတဲ့ စိုးရိမ်မှုတွေ အများကြီးရှိတယ်။ နောက်တစ်ခုက ကျောင်းသားမိဘတစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကလည်း ကိုယ့်သားသမီးဟာ အဲဒီအတန်းမှာ။ ကျောင်းကိုတော့ ပိတ်လားမယ့်ဟာကို စိုးရိမ်တယ်။ ပိတ်တော့ မပိတ်စေချင်ဘူး။ ကျောင်းသာပိတ်သွားရင် ကျွန်မတို့ ရခိုင်ပြည်နယ် တစ်ပြည်လုံး၏ ကလေးတွေရဲ့ အနာဂါတ်ဟာ ပိုပြီးတော့ နှောင့်နေးသွားမယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့နယ်မြေက ပြောရမယ်ဆိုရင် စစ်မြေပြင်ဖြစ်ခဲ့တဲ့အတွက် ဒီအချိန်မှာ ကိုဗစ်နဲ့ပိတ်ရင် နောက်တစ်ချိန်မှာလည်း စစ်မြေပြင်နဲ့ပိတ်လာရင် ကျွန်မတို့ဟာ ဒုက္ခအများကြီးဖြစ်လာမယ်။ အဲဒါကြောင့် ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး ကိုယ့်သားသမီးတွေကို ကိုဗစ်ကင်းရှင်းအောင် အိမ်မှာကလည်း တတ်နိုင်သလောက် ဂရုစိုက်ပေးမယ်။ တခြားမိဘတွေကိုလည်း ဂရုစိုက်စေချင်တယ်။  ကျောင်းမှာလည်း ဂရုစိုက်၊ အိမ်မှာလည်း ဂရုစိုက်ပြီးမှသာ မိဘရော၊ ဆရာရော ဂရုစိုက်မှသာ ကလေးတွေ ပညာရေးကျန်းမာရေး ပိုပြီးတော့ အဆင်ပြေမယ်လို့ထင်တယ်။

■ ဦးဇော်ဇော်ထွန်း (အတွင်းရေးမှူး)၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)

ရခိုင်မှာကတော့ လောလောဆယ်ကျောင်းပိတ်ဖို့ အခြေအနေမရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ လောလောဆယ်  ကိုဗစ်ပိုးတွေ့တယ်ဆိုလို့ရှိရင်လည်း သူကထိန်းချုပ်မှုအောက်မှာရှိတယ်။ ဘင်္ဂလားဒရှ့်လာတဲ့ ဝန်ထမ်းတွေကို ထိန်းထားလို့ရတဲ့ အနေအထားရှိတယ်။ အဲဒီလိုဆိုရင် ရောဂါပျံ့နှံမှုအခြေအနေက မရှိသေးတဲ့ အခြေအနေမှာရှိတယ်။ တစ်ခုရှိတာက ဒီလူတွေကို ထိန်းချုပ်မှုက လွတ်သွားပြီးတော့ တစ်ခြားပြင်ပမှာ ကူးစက်မှုတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ ပြောလို့မရဘူး။

■ ဒေါ်ဦးခင်သိန်း (အဖွဲ့ဝင်)၊ ရခိုင်လူငယ်မျိုးဆက်သစ်

ကျွန်မကတော့ ပုဂ္ဂိုလ်ရေးအရ ပြောရရင်တော့ ကျောင်းတွေကို ပိတ်လာနိုင်ခြေရှိတယ်လို့ တွေးထားတာတော့ ရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ ပလက်ဝတို့လို မြို့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့တော့ မမျော်မှန်းသေးဘူး။ ဒါပေမယ့် ဖြစ်ဖို့လို့တော့ ကျွန်မက ခန့်မှန်းထားတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်မှာကျောင်းတွေကို ဖွင့်ပြီးတော့ ရခိုင်ဘက်မှာ ကျောင်းတက်နေကြတယ်။ အေးအေးချမ်းချမ်းနဲ့ လုပ်လို့ရအောင် ပေးထားတယ်ဆိုတာထက်။ စစ် ကောင်စီက တစ်ဖက်မှာလည်း ရခိုင်နဲ့ပတ်သတ်ပြီးတော့ အတန်းရှန်းယူတယ်ပေါ့။ အဲဒီလို အတန်းရှန်း ယူတဲ့ပုံစံမျိုးကို တစ်ဖက်မှာလည်းတွေ့နေရတယ်။ ကျောင်းကိစ္စတစ်ခုတည်းတော့မဟုတ်ဘူး။ တစ်ခြားကိစ္စတွေမှာလည်း သူတို့ အတန်းရှန်းယူတယ်။ အဲဒီလို့ပုံစံတွေတွေ့နေရတယ်။ ဒီလိုဆိုလို့ရှိရင် တစ်ဖက်မှာ ကိုဗစ်တွေကို အကြောင်းပြပြီးတော့ ကျောင်းတွေကို ပိတ်လာနိုင်တဲ့ ပုံစံမျိုးတွေမြင်တယ်။ လက်ရှိ နိုင်ငံရေးကလည်း ယုံလို့ရတဲ့ပုံစံမဟုတ်ဘူး။ တက္ကသိုလ်ဘက်တွေက အဆိုအရဆိုရင်တော့ ရခိုင်ဘက်ကို မပိတ်နိုင်လို့ပြောကြတယ်။ ဒါပေမယ့် ဘာရှိလဲဆိုတော့ ပညာရေးသည် မြန်မာတစ်နိုင်ငံလုံး၏ အနည်းဆုံးကျောင်းသား ငါးဆယ်ရာခိုင်နှုန်း ကျောင်းတက်မှ သာလျှင် ဒီစာမေးပွဲတွေ ဒီကျောင်းတွေဟာ အထမြောက်တယ်ဆိုတဲ့ ပုံစံမျိုးရှိပါတယ်။ အခု စစ်ကောင်စီအနေနဲ့ ဘယ်လို အထမြောက်တယ်လို့ ပြောမှာလည်း။ များသောအားဖြင့် ရခိုင်ကလွဲပြီးရင် ပြည်မဘက်တွေက ကျောင်းတွေ သိပ်မတက်ကြဘူး။ မတက်ဆိုလို့ရှိရင် မြန်မာတစ်နိုင်လုံးအနေနဲ့ ငါးဆယ်ရာခိုင်နှုန်း ပြည့်မလား။ ဒီလိုပုံစံတွေကိုလည်း စစ်ကောင်စီအနေနဲ့ စဉ်းစားရမဲ့အနေအထားရှိတယ်။ သူအနေနဲ့ လုပ်လို့ရတဲ့ အပိုင်းတွေရှိကောင်းရှိမယ်။ ဒီလိုမျိုးအနေအထားမှာ ကျောင်းတွေကတော့ ပိတ်လာနိုင်ခြေရှိတယ်လို့ မြင်တယ်။

ဗီဒီယိုများ