- မြန်မာနိုင်ငံအတွင်း ငတ်မွတ်မှုပြဿနာဖြေရှင်းရန် "REACH" အစီအစဉ်ကို WFP စတင်
- မွတ်ဆလင်အရေး ကုလအစီရင်ခံစာ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေဟု ULA တုံ့ပြန်
- အာရက္ခပညာရေးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာ
- အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော်လာပြီ
- စင်္ကာပူတွင် ဆေးကုရန်သွားသည့် သက်ဆင် ဒူဘိုင်းသို့ ရောက်နေ
အာရက္ခပညာရေးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာ
အာရက္ခပညာရေးဌာနက ပထမဆုံး စတင် စစ်ဆေးသည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ၁၂ တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲအောင်စာရင်း ယခု စက်တင်ဘာလအတွင်း ထုတ်ပြန်ကြေညာလိုက်ကြောင်း သတင်းရရှိသည်။
05 Sep 2025

DMG ၊ စက်တင်ဘာ ၅
အာရက္ခပညာရေးဌာနက ပထမဆုံး စတင် စစ်ဆေးသည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ၁၂ တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲအောင်စာရင်း ယခု စက်တင်ဘာလအတွင်း ထုတ်ပြန်ကြေညာလိုက်ကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော် ထိန်းချုပ်ရာမြို့နယ် ၁၅ ခုတွင် ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်းကျောင်း သား/သူ ၇,၈၀၀ ကျော်ရှိခဲ့ပြီး အာရက္ခပညာရေးဌာန၏ အမျိုးသား စာစစ်အဖွဲ့က စာမေးပွဲ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စာမေးပွဲအောင်မြင်သူများအနေဖြင့် ဆက်လက်ပညာသင်ကြားရန် လမ်းပျောက်နေကြောင်း ပြောဆိုကြသည်။
" ဆယ့်နှစ်တန်းအောင်ပြီဆိုရင် တက္ကသိုလ်တွေ ဆက်တက်ချင်တယ်။ အခုက တက္ကသိုလ်က ဘယ်ဆီဘယ်ဝယ်တောင် မသိသေးဘူး။ စာမေးပွဲအောင်ပေမယ့် ဘာဆက်လုပ်ရမလဲဆိုတာ လမ်းပျောက်နေတယ် " ဟု မြောက်ဦးမြို့နယ်မှ စာမေးပွဲအောင်သည့် ကျောင်းသူတစ်ဦးက ပြောသည်။
လက်ရှိ စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား/သူ ၇,၈၀၀ ကျော်ထဲမှ စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/သူ အရေအတွက်နှင့် အခြားအောင်ချက်ရာခိုင်နှုန်းများကို သိရှိရန် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ကျောက်တော်မြို့နယ်မှ ၁၂ တန်းစာမေးပွဲအောင်ခဲ့သူ မမေမြတ်နိုးက " စာမေးပွဲအောင်ပေမယ့် မပျော်ဘူး။ ကျမက အမှတ်လည်း များတယ်။ ကွန်ပျူတာ တက္ကသိုလ်တက်ချင်တာ။ အရင်ကလို တက္ကသိုလ်တွေမှ မရှိတော့တာ။ အဲဒါကြောင့် မပျော်တာ။ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ တက္ကသိုလ်တွေ ကျောင်းတွေ ရှိမနေဘူး " ဟု ပြောသည်။
တစ်ဘက်တွင်လည်း ရခိုင်ပြည်အတွင်းရှိ အခြေခံပညာကျောင်းသားများနှင့် အဆင့်မြင့်တက္ကသိုလ် ကျောင်းသားများအတွက် ခေတ်မီပညာရေးစနစ်တစ်ခု ဖြစ်စေရေးနှင့် အဆင့်မြင့် သင်ရိုးညွှန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း ULA/AA က ပြောဆိုထားသည်။
အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်အတွင်းရှိ အခြေခံပညာကျောင်းသားများနှင့် အဆင့်မြင့်တက္ကသိုလ် ကျောင်းသားများအတွက် ခေတ်မီပညာရေးစနစ်တစ်ခု ဖြစ်စေရေးနှင့် အဆင့်မြင့် သင်ရိုးညွှန်းများကို အာရက္ခပညာရေးဌာနက ကြိုးစားနေကြောင်း သိရသည်။
အာရက္ခတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက " အာရက္ခပညာရေး ဌာနအနေနဲ့ တန်းတူညီမျှပြီးတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ခေတ်မီပညာရေးစနစ် တရပ်ကို ဖော်ဆောင်နိုင်ဖို့ အရည်အသွေး ပြည့်ဝတဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲလို့ ရှိပါတယ်။ အခြေခံပညာပြီးမြောက်တဲ့ ကျောင်းသားတွေအတွက် အဆင့်မြင့် တက္ကသိုလ်ပညာရေးကို မကြာခင် သင်ယူခွင့်ရအောင် စီစဉ်နေပါတယ် " ဟု ဩဂုတ်လ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူက ထုတ်ပြောခဲ့သည်။
သို့သော်လည်း အဆင့်မြင့်တက္ကသိုလ်တစ်ခုဖွင့်ရန် အစီအစဉ်မှာ အချိန်ယူရသဖြင့် လက်ရှိတွင် ၁၂ တန်း ဖြေဆိုထားသူ ကျောင်းသား/သူများမှာ မသေချာ မရေရာသည့် အခြေအနေတရပ်ဖြစ်နေကြောင်း ကျောင်းသားမိဘများနှင့် ကျောင်းဆရာများက ပြောဆိုကြသည်။
အခြားတစ်ဖက်မှာလည်း လက်ရှိ ULA/AA အနေဖြင့် အဆင့်မြင့်တက္ကသိုလ်များ ဖန်တီးပေးရန် ဆောင်ရွက်နေချိန် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ထားသည့် လူငယ်များအတွက် အထူးပညာရပ်သင်ကျောင်းများ (Academy) ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သင့်ကြောင်း ရခိုင်လူငယ်များက ထောက်ပြမှုများ ရှိနေသည်။
" စစ်ကောင်စီ အုပ်ချုပ်တုန်းကဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်သွားရင် အမှတ်အလိုက် ရွေးချယ်ပြီး ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေကို ရွေးချယ် တက်ရောက်ခွင့်တွေ ရှိခဲ့တယ်။ အခုက အဲဒါမျိုးတွေ မရှိသေးတော့ အာရက္ခအစိုးရ တစ်ရပ်အနေနဲ့ ဆရာ/မ အရင်းအမြစ်တွေကို ရှာပြီး Academy ကျောင်းတွေကို ဖွင့်လှစ်ဖို့ လိုအပ်တယ်။ တက္ကသိုလ်တွေ မရှိသေးခင် ဒီလိုဖွင့်လှစ်နိုင်ရင် ကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပြောင်မြောက်လာမယ်" ဟု မြောက်ဦးမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း ပိတ်ခဲ့ရသည်။
လက်ရှိတွင် ရခိုင်ပြည်တွင် ယခုနှစ် ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေပြီး စာသင်ကျောင်းများတွင် မဟုတ်ဘဲ နေအိမ်နှင့် လုံခြုံမည့်နေရာများတွင် အရေးပေါ်အခြေအနေဖြစ် အုပ်စုလိုက် အတန်းလိုက်ခွဲပြီး သင်ကြားပေးနေရခြင်းဖြစ်သည်။
အနာဂတ်ရခိုင်ပြည် တည်ဆောင်ရာတွင် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ ပြည့်ဝစေရန်အတွက် ပညာရေးကဏ္ဍာမှာ အခရာကျသည့်အတွက် တတ်သိပညာရှင်များ၊ မိဘ၊ ဆရာများအနေဖြင့် ရခိုင်ပညာရေး ကဏ္ဍာတွင် ဝိုင်းဝန်းပေးရန် လိုအပ်ကြောင်းလည်း ပညာရေးလေ့လာစောင့်ကြည့်နေသူများက ပြောကြသည်။