စစ်တွေမြို့တက္ကသိုလ်ကျောင်းဝန်းအတွင်း ဓမ္မရုံဆောက်လုပ်နေမှုအပေါ် သဘောထားအမြင်များ

တက္ကသိုလ်ကျောင်းဝင်းထဲမှာ ဓမ္မာရုံဆောက်လုပ်နေမှုအပေါ် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များရဲ့ အမြင်သဘောထားများကို DMG က စုစည်းတင်ပြပေးလိုက်ပါတယ်။

25 Nov 2021

DMG | နိုဝင်ဘာ ၂၅

ဦးအောင်ကျော်မင်း (ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်စစ်ကောင်စီ)

“သူတို့မှာ ဆောက်မယ့်အစီစဉ်ကို ကျနော်တို့ကို တင်ပြလာတယ်။ သူတို့မှာ ဒီလို ဆောက်ဖို့လုပ်ထားတယ်။ ကျောင်းသားဟောင်းတွေမှာလည်း လုပ်ထားတယ်။ ဆိုတော့ ကျနော်တို့ ဘာကန့်ကွက်စရာ ရှိသေးလဲ၊ သာဘာရေးအရ အဲဒီလို မလုပ်ရဘူးဆိုပြီးတော့လည်း ကျနော်တို့တွေ မပြောထားဘူး။ ဆိုတော့ သူတို့လုပ်မယ့်အရာကို ကျနော်တို့က ဘာမှ ကန့်ကွက် စရာမရှိဘူး။ တက္ကသိုလ်တွေမှာ ကျောင်းတွေမှာ သူတို့ အဖွဲ့အစည်းနဲ့သူတို့ အလှူကို သူတို့ငွေနဲ့ ဆောက်တာကို ကျနော်တို့က မဆောက်ရဘူးလို့ ကျနော်တို့ ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ ”

ဦးကျော်နိုင်ဦး (သင်တန်းရေးရာဌာနမှူး၊ စစ်တွေတက္ကသိုလ်)

“ရည်ရွယ်ချက်ကတော့ ဓမ္မာရုံး ဆောက်မယ့်ဆိုပြီး ကျနော်တို့ ကြိုးစားနေတာ ၃၊ ၄ နှစ်ရှိပြီ၊ တက္ကသိုလ်ကျောင်းတစ်ခုမှာ ဓမ္မာရုံတစ်လုံး လိုအပ်တယ်ပေါ့၊ အများစုက ရှိကြတယ်လေ၊ ကျနော်တို့ နိုင်ငံကလည်း ထေရဝါဒ ဗုဒ္ဓသာဘာနိုင်ငံလည်းဖြစ်တယ်။ ဘာသာရေးအခမ်းအနားတွေ တစ်ခါတစ်ခါလုပ်တဲ့အခါမှာ လိုအပ်တယ်ပေါ့၊ အခုက ဘုရားခန်းသေးသေးလေးတစ်ခုရှိတယ်၊ အဲဒီမှာ လုပ်ရတဲ့ အခါကျတော့ အဲဒီမှာပဲ လုပ်ရကိုင်ရတော့ အခက်အခဲရှိတယ်ပေ့ါ။ နောက်တစ်ခါ ဘုရားရေသပ္ပာယ်တာတို့၊ နံ့သာသွေးပွဲတွေ ဘာတွေလုပ်တဲ့အခါမှာ အဲဒီလိုမျိုး ဘာသာရေးကဏ္ဍာတွေ အများကြီးလုပ်ပါတယ်။ နောက် ဥပုဒ်နေ့တွေမှာလည်း အဲဒီလို လုပ်တာတွေရှိတယ်။ အဲဒါတွေကျတော့ ကျောင်းသားအများစုနဲ့ အဝေးသင်ကျောင်းသားတွေပါတွေ ရောက်လာတဲ့  အဝေးသင်အချိန် ရောက်လာတဲ့အချိန်မှာလည်း လူကလည်းများတော့ ကျနော်တို့မှာ ရှိနေတဲ့ ဘုရားခန်းနဲ့က မဆန့်ဘူးပေါ့နော်၊ အဲဒါကြောင့်ပဲ ဓမ္မာရုံးလေးတစ်ခုတော့  လုပ်ကြရအောင်ဆိုပြီးတော့ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ဖြစ်တာပေါ့၊ ဝန်ကြီးဌာနတွေ အကြံအဉာဏ်တွေလည်း လုပ်တာမဟုတ်ပါဘူး၊ ဒါက စေတနာရှင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ကြမယ်ဆိုတဲ့ သဘောပါပဲ၊ အဲလို ညှိပြီးတော့ လုပ်ကြပါတယ်။ စေတနာရှင်တွေဆိုတာက ဆရာမတွေလည်းပါတယ်။ တခြားဆက်စပ်တဲ့ လူတွေနဲ့ လုပ်ကြတာပါ၊ နောက် ဆရာ၊ ဆရာမတွေရဲ့ အသိမိတ်ဆွေတွေကို ဖိတ်ပြီးတော့ အဲဒီလိုမျိုး လုပ်တာတွေရှိပါတယ်။ အတင်းအဓ္ဓမ ကျနော်တို့ဆီကို လာထည့်ပါဆိုပြီးတော့ ပြောပေးတာမရှိပါဘူး၊ ဒါကတော့ ဆရာ၊ ဆရာမတွေ ဦးဆောင်လုပ်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျေင်းသားတွေ ကန့်ကွက်တာကြောင့် ဒီလိုမျိုး အချိန်တွေ ကြာလာတာဖြစ်တယ်။ ဒါပေမဲ့လည်း ဒါကတော့ ဆရာတော် ဘုရားကြီးတွေကလည်း ဒီလိုမျိုး ဓမ္မာရုံက ရှိသင့်တယ်ပေ့ါလေ၊ အဲဒါကြောင်း လုပ်ကြတာဖြစ်ပါတယ်။ ကျောင်းသားတွေက ဒီအပေါ်မှာ သဘောမကျတဲ့ ပုံစံမျိုးပြတာတွေရှိခဲ့ပါတယ်။ အခုလည်း ရှိနေတယ်ပေါ့၊ ဒါပေမဲ့ အနည်းစုပါ၊ သူတို့ ပြောတဲ့ တခြားဘာသာဝင်တွေလည်း ပါတယ်ပေါ့နော်၊ ဒါပေမဲ့လည်း လူနည်းစုပါ။ ဗုဒ္ဓဘာသာအများစုရှိပါတယ်။ ကျနော်တို့ စားရင်းအရလည်း ကြည့်လို့သိပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ကျနော်တို့ ၉၈ ရာခိုင်နှုန်းထိ တောင်ရှိနေတယ်လို့ ပြောလိုရပါတယ်။ လတ်တလောမှာ မွတ်ဆလင်တွေလည်း တက္ကသိုလ်မတက်နိုင်တဲ့ အနေအထားမှာ ဗုဒ္ဓဘာသာ ၉၈ ရာခိုင်နှုန်းလောက်အထိ ရှိနေပါတယ်။ ဒီနှစ် ဒီဇင်ဘာဆိုရင်တော့ ကျနော်တို့ ကိုယ့်မှာရှိတဲ့ ငွေနဲ့ လုပ်သွားမှာပါ၊ တဖြည်းဖြည်း သွားမှာပါ၊ ဒါပေမဲ့ လူကြီးတွေကတော့ နှစ်တွေလည်း အများကြီး မကြာစေချင်ဘူးဆိုတော့ သုံး၊ လေးနှစ်အတွင်းမှာ ပြီးအောင်လုပ်သွားမှာပါ။ ”

ဦးခိုင်ကောင်းစံ (အမှုဆောင်ဒါရိုက်တာ၊ ဝံလက်ဖောင်ဒေးရှင်း)

“အဓိကကတော့ တက္ကသိုလ်ဆိုတာက ဓမ္မစင်တာလိုမျိုးဆိုတော့ ဘာသာပေါင်းစုံရဲ့ ဘာသာရေးဆိုင်ရာကိုးကွယ် ခွင့်တွေ၊ လွပ်လပ်စွာပြောဆိုခွင့်တွေ ရှိသင့်တဲ့နေရာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ စစ်တွေတက္ကသိုလ်မှာ ဓမ္မာရုံက တကယ်ရော လိုအပ်ရဲ့လား အဲ့ဒီဓမ္မာရုံဖွင့်လိုက်တဲ့ ငွေကြေးအစား တက္ကသိုလ် ကျောင်းသားတွေ ကျန်းမာရေးအတွက်လိုအပ်တဲ့ အားကစားရုံတွေ၊ ကစားကွင်းတွေကို ဖန်တီးပေးဖို့လိုတယ်လို့ မြင်တယ်။ ဒီသိန်းပေါင်းများစွာရင်းနှီးထားတဲ့ ဓမ္မရုံကြီးဟာ ဗုဒ္ဓဘာသာအခါကြီးနေ့ကြီးတွေမှာပဲ လိုအပ်တာလေ။ တကယ်က တက္ကသိုလ်ဖြစ်တဲ့အတွက် တက္ကသိုလ်ခန်းမဆောင်တွေမှာ အဲ့ဒီလိုနေ့ထူးနေ့မြတ်တွေကို ကျင်းပလို့ရတဲ့ နေရာရှိနိုင်တာပေါ့လေ။ ပြောချင်တာကတော့ ဓမ္မာရုံ ဆောက်မယ့်အစား ဘက်စုံသုံးအားကစားခန်းမတို့ ဆောက်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ထောက်ပြချင်တယ်။ တကယ်တော့ ဒီဓမ္မရုံကြီးတွေက ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ တကယ်ကိုခမ်းနားမှာပေါ့ဗျာ။ ဒါပေမယ့် အဲ့လိုမျိုးစီမံတဲ့လူတွေလူတွေကရော ဓမ္မတရားတွေကို ဘယ်လောက်ထိ လိုက်နာကြလဲ။ ဘာသာတရားပေါ်မှာ ထဲထဲဝင်ဝင်ရှိပြီး လူကိုလူလို မြင်တဲ့စိတ်တွေဘယ်လောက်ထိရှိလဲဆိုတာနဲ့ပဲ ဘာသာရေးကိုတိုင်းတာချင်ပါတယ်။ဒါတွေကတော့ ငွေကြေးတွေကို လိုအပ်တဲ့နေရာကိုမရောက်ပဲ မယောင်ရာဆီလူးနေတယ်လို့ပဲ ပြောချင်ပါတယ်။ ”

ကိုတိုးတိုးအောင် (စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း)

“ ဒါကတော့ မလိမ့်တပတ်လုပ်တယ်လို့ပဲ မြင်တယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တုန်းကဆိုရင်တော့ သူတို့က ဗိမ္မာန်အနေနဲ့ပဲ လုပ်မယ်ဆိုပြီး ပြောခဲ့တယ်။ ဗိမ္မာန်ဆိုရင် လူမျိုးဘာသာပေါင်းစုံ သုံးနိုင်မယ့်အရာပေါ့။ အဲ့တုန်းကတော့ ကျနော်တို့က တက္ကသိုလ်ပရဝဏ်အတွင်းမှာ ဘာသာရေးအဆောက်ဦးတွေ မဆောက်ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် သူတို့က ဗိမ္မာန်အနေနဲ့ပဲ ဆောက်မယ်ဆိုပြီး ပြောခဲ့တာ အရင်ပါချုပ်ဟောင်းက။ အခု ပါချုပ်က အဲ့တုန်းက ဒုပါချုပ်ပဲရှိသေးတယ်။ အဲ့တုန်းက ကတိကဝတ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြောင်းသွားတာ။ ဒီကြားထဲမှာလည်း ဖုန်းဆက်မေးခဲ့ပေမယ့် သူက သူဘာမှမသိဘူးလို့ပြောတယ်။ ဒါပေမယ့် တစ်ဘက်မှာ ဆရာဆရာမတွေကို သိန်းတစ်ထောင်ရရင် စဆောက်မယ်ဆိုပြီး ကတိကဝတ်တွေ ပြုတယ်လို့လည်း သိရတာတွေရှိတယ်။ နောက်တော့ စစ်ကောင်စီကလူတွေ တက္ကသိုလ်ထဲရောက်လာတော့မှ သူတို့ကတင်ပြတော့ စစ်ကောင်စီဘက်ကခွင့်ပြုလို့ လုပ်တယ်ဆိုပြီး လုပ်တယ်။ ကျွန်တော်က အဲ့တုန်းက တာဝန်ထမ်းဆောင်ဆဲကာလဖြစ်တာကြောင့် သူ့ကို ဖုန်းဆက်မေးတော့ သူမသိဘူး၊ သူ့အောက်က ဒုပါချုပ်ကလုပ်နေတာဆိုပြီး ပြောခဲ့တယ်။ ကျွန်တော်တို့ ရခိုင်က ပြည်မဘက်နဲ့ နှိုင်းလို့မရဘူး။ နှိုင်းမယ်ဆိုရင်လည်း ပြည်မတက္ကသိုလ်မှာရှိတဲ့အရာတွေကို ကျွန်တော်တို့ဆီမှာ လုပ်ပေးမလားဆိုပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။ ကျောင်းမှာ သင်ထောက်ကူပစ္စည်း မလုံလောက်တဲ့ ကိစ္စတွေတစ်ပုံကြီးပဲ။

 ကိုဘုန်းပြည့်ဖြိုး( ယာယီ ဥက္ကဋ္ဌ၊ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ)

“အဓိကကျွန်တော် တို့ပွင့်ပွင့်လင်းလင်း ပြောချင်တာကတော့ ဓမ္မာရုံကိစ္စတွေကို အားစိုက်ပြီး လုပ်နေကြသလို ကျွန်တော် တို့ကျောင်းတက္ကသိုလ်တိုးတက်ရေး အတွက်ကိုလည်းအဲလိုစိတ် ၁၀ ရာခိုင်နှုန်းခန့်ထပ်လို့ မွေးပါလို့တောင်းဆိုချင်ပါတယ်။ အလှူလုပ်ချင်တာကိုကျွန်တော် တို့အပြစ်မပြောလိုပါ။ ဗုဒ္ဗဘာသာသဝင်တွေဖြစ်တဲ့အတွက်လုပ်ကြတာဟုတာပေါ့။ ဒါပေမယ့် ဆောက်တဲ့နေရာကိုကျွန်တော် တို့ထောက်ပြတာပါ။ တစ်ချို့ကတော့ ပြောကြတာပေါ့ တစ်ခြားတက္ကသိုလ်တွေမှာရှိလို့ ဘာညာပေါ့။ တစ်ခြားတက္ကသိုလ်မှာရှိတဲ့အတိုင်းဆိုရင် တစ်ခြားတက္ကသိုလ်မှာ စာကြည့်တိုက်ရှိပြီး ကျွန်တော် တို့တက္ကသိုလ်မှာမရှိရဘူးပေါ့။ သုတေသနဌာနတွေရှိရင် ကျွန်တောတို့ တက္ကသိုလ်မှာ မရှိသင့်ဘူးလားဆိုပြီး ကျွန်တော် တို့မေးရမလိုဖြစ်နေပြီ။ ကျွန်တော် တို့ပြောချင်တာကတော့ တတ်နိုင်ရင် ကျွန်တော်တို့က အားလုံးစုဝေးနေတာဖြစ်တဲ့အတွက် ဘာသာ‌ရေး ကိစ္စတက္ကသိုလ်နယ်မြေမှာ ကင်းရှင်းတာကောင်းတာပေါ့။

ပညာရေးဥပဒေမှာလဲအတိအကျပြပြီးသားလဲဖြစ်တယ်။ တက္ကသိုလ်မှာပေါ်ထွန်းသင့်တဲ့ ပညာရေးကဏ္ဍ၊ သုတေသနကဏ္ဍတွေမှာ ကျွန်တော်တို့ ကျောင်းသားလုပ်ငန်းတွေကို ဒီလို ကူညီထောက်ပံ့ပေးဖို့လိုတယ်။ အဲလိုမှ နောင်အနာဂတ်မှာ ဒီပြည်နယ်တွက်ပိုပြီး တိုးတက်တဲ့လူကောင်းတွေ ပိုပြီးမွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ မေးခွန်းထုတ်ရမှာပေါ့ တက္ကသိုလ်မှာအလှူအတန်းကိစ္စကပဒါနလား, တက္ကသိုလ်ရဲ့ ပညာရေးပိုင်းဆိုင်ရာ, ကိစ္စသည်သာ ပဒါနာလားပေါ့။ တက္ကသိုလ်မှာ လိုအပ်နေတာတော်‌တော် များများရှိတယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာဆေးပေးခန်းလဲမရှိဘူး။ တက္ကသိုလ်က သိတဲ့အတိုင်း စစ်တွေမြို့နဲ့တော် တော်ဝေးတယ်။ အနီးအနားမှာ ဆေးရုံ၊ ဆေးခန်းလဲမရှိဘူး။ တက္ကသိုလ်ဝန်းထဲမှာ ဆရာ၊ ဆရာမ တွေကျောင်းသူ/သား တွေနေကြတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုအရေးအကြောင်းဆိုရင် တက္ကသိုလ်မှာဆေးရုံ၊ ဆေးခန်းမရှိဘူး။ ရန်ကုန်တက္ကသိုလ်, အရှေ့ ပိုင်းတက္ကသိုလ်တွေမှာ တက္ကသိုလ်ဝန်းထဲမှာ အစိုးရကထောက်ပံ့တဲ့ ဆေးရုံ၊ ဆေးခန်းတွေရှိတယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာ တက္ကသိုလ်စာကြည့်ဆိုပြီး သပ်သပ်မရှိသေးဘူး။ မနေ့တစ်နေ့ကပေါ်လာတဲ့ ချင်းတက္ကသိုလ်မှာတောင် စာကြည့်တိုက်သီးသန့်ရှိတယ်။ ပြီးတော့ research development လုပ်ဖို့အတွက် သင်ထောက်ကူပစ္စည်း အလုံအလောက်မရှိဘူး။ ကျွန်တော် မှတ်မှတ်ရရ တက္ကသိုလ်မှာ Micro Bio ကို  Lens တစ်ခုလဲမရှိဘဲ ဖြေခိုင်းတယ်။ Qulified မဖြစ်တဲ့ ပစ္စည်းတွေကို အဓိကထားပြီး ပိုဖြည့်ဆည်းပေးဖို့လိုတာပေါ့။”

ဗီဒီယိုများ