“ဘယ်လိုအခက်အခဲပဲလာပါစေ ရခိုင်ပြည်သူ/သားတွေအကျိုးကို ဆောင်ရွက်ဖို့ ထက်သန်တဲ့စိတ်နဲ့ ကျွန်မရင်ဆိုင်သွားမယ်”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင်နှင့် အင်တာဗျူး

By မင်းထွန်း 31 Aug 2020

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင်နှင့် အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်နေခဲ့ဖူးသော ဒေါက်တာတင်မာအောင်သည် ယခုအခါ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီကို ကိုယ်စားပြု၍ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဆိုသောသတင်းသည် နိုင်ငံရေးအသိုင်းအဝိုင်းတွင်သာမက ပြည်သူများအကြားတွင်ပါ လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် နှစ်ချီတာဝန်ထမ်းဆောင်ခဲ့သလို တစ်ဖက်တွင်လည်း ALD ပါတီနှင့် ဆက်နွယ်မှုသည် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းနေသည်။ ထို့ပြင် ရခိုင်ပြည်နယ်သည် တိုက်ပွဲများကြောင့် လုံခြုံပြသနာများ ရင်ဆိုင်နေရသည့်အပြင် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာမှုများက ရွေးကောက်ပွဲအတွက် အဓိက စိန်ခေါ်မှုဖြစ်နေပြီး အမျိုးသမီးတစ်ဦးအနေဖြင့် ၎င်းဒေသတွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။

ထို့ကြောင့် သူမအနေဖြင့် ALD ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ဖြစ်ခဲ့ပုံ၊ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်များ၊ အမျိုးသမီးတစ်ဦးအနေဖြင့် တွေ့ကြုံရနိုင်သည့် အခက်အခဲများနှင့်ပတ်သက်၍ ဒေါက်တာတင်မာအောင်ကို DMG သတင်းထောက် မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ဖြစ်လာပုံကို သိချင်ပါတယ်။

ဖြေ။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း အနေနဲ့ ကူညီဆောင်ရွက်လျက် ရှိနေပေမယ့်လည်း ထိရောက်မှုရှိသင့်သလောက် မရှိသေးဘူးလို့ ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကုတ်မြို့နယ်အပါအဝင် ရခိုင်ပြည်သူ/သားတွေဟာ ဆင်းရဲတွင်းပိုမိုနက်လာပြီး တရားမျှတမှုအားနည်းတဲ့ ပတ်ဝန်းကျင်မှာ ဒုက္ခတွေခံစားနေရတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့် လွှတ်တော်ပြင်ပမှာ လုပ်ဆောင်နေရတာထက် လွှတ်တော်အတွင်းကနေ ရခိုင်လူမျိုးရဲ့ ကိုယ်စားလှယ်အဖြစ် ရပ်တည်ပြီး ရခိုင်လူမျိုးတွေရဲ့ အရေးကို ထိထိရောက်ရောက်ဆောင်ရွက်ချင်လိုစိတ် ပြင်းပြလာလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

မေး။ ရွေးကောက်ပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ဖြစ်တဲ့အကြောင်းကိုလည်း ရှင်းပြစေချင်ပါတယ်။

ဖြေ။ ALD ပါတီဆိုတာ ၁၉၈၈ ခုနှစ်ကတည်းက ကျွန်မဖခင် ဒေါက်တာစောမြအောင် ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အဖွဲ့ချုပ်ရဲ့မူဝါဒအပေါ် ယုံကြည်ချက်အပြည့်အဝရှိပြီး ကျွန်မရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့လည်း တစ်ထပ်တည်းဖြစ်ပါတယ်။ တောင်ကုတ်မြို့ဟာ သမိုင်းအစဉ်အလာအရ ပြည်မကနေ ရခိုင်ရိုးမကိုဖြတ်ပြီး ရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့ တခုတည်းသော ဝင်ပေါက်တခုဖြစ်ခဲ့တဲ့အပြင် ရခိုင်ကမ်းရိုးတန်းရှိ ကမ္ဘာကျော်တဲ့ ငပလီကမ်းခြေနဲ့ သိပ်မဝေးပါ။ တောင်ကုတ်မြို့နယ်ဟာ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်ရှိပြီး စိမ်းလန်းတဲ့ တောနဲ့တောင်တန်းတွေ ကာရံလျက်ရှိနေပါတယ်။ အဲဒီမှာနေကြတဲ့ ဒေသခံတွေဟာ ကုန်သည်လုပ်ငန်း၊ ရေလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ သူတို့နဲ့အတူ လှပတဲ့ တောင်ကုတ်မြို့နယ်ကို ပိုမိုတိုးတက်အောင်လုပ်ဖို့ ကျွန်မ စိတ်အားထက်သန်ပါတယ်။ အဖွဲ့ချုပ်ကလည်း အဲဒီနေရာမှာ ယှဉ်ပြိုင်ဖို့ ကျွန်မကိုတာဝန်ပေးလာခဲ့ပါတယ်။

မေး။ ရွေးကောက်ပွဲအနိုင်ရရှိအောင် ဘယ်လိုလုပ်ဆောင်သွားမလဲ၊ အနိုင်ရရှိဖို့အတွက် ဘယ်လောက်ထိ မျှော်မှန်းထားလဲ။

ဖြေ။ ကျွန်မအနေနဲ့ ရခိုင်ပြည်သူ/သားတွေ၊ တောင်ကုတ်သူ/သားတွေရဲ့အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် လွှတ်တော်ထဲကနေ ဝင်ရောက်ပြောဆိုဆွေးနွေးနိုင်မှ ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ တောင်ကုတ်မဲဆန္ဒနယ်က ပြည်သူတွေ ကျွန်မကို သူတို့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် စေလွှတ်ဖို့ ယုံကြည်စွာ ရွေးချယ်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ သူတို့ယုံကြည်စွာ ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးခံရရင် တခြားကိုယ်စားလှယ်အားလုံးနဲ့ အတူတကွပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွက် ကောင်းမွန်တဲ့ မနက်ဖြန်ကို ဒီကနေ့စပြီး အစီအစဉ်ချ လုပ်ဆောင်သွားကြရမယ်။ ကျွန်မငယ်ငယ်တုန်းက ရေကူးပြိုင်ပွဲဝင်တုန်းကလိုပေါ့။ သူများကို နိုင်ချင်ဇောထက် ကိုယ့်အတွက်သတ်မှတ်ထားတဲ့လိုင်းမှာ ကိုယ်စွမ်းအားရှိသလောက် ကြိုးစားကူးခတ်သွားရမှာက ကျွန်မတာဝန်ပါ။

မေး။ ဒေါက်တာတင်မာအောင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ကိုယ်ရေးအရာရှိအဖြစ် လေးနှစ်ထမ်းဆောင်ခဲ့တယ်။ နောက်ပြီး လက်ရှိမြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ကို ယူနီစကိုဝင်ရေးဆောင်ရွက်ရာမှာ ပညာပေးရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေတယ်။ တခြားဏ္ဍတွေမှာလည်း လုပ်ဆောင်နေတာတွေရှိတယ်ဆိုတော့ ဒီလုပ်ဆောင်ချက်တွေကလည်း ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မလား။

ဖြေ။ မြောက်ဦးမြို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာရေး လျှောက်လွှာအစီရင်ခံစာကို တင်ထားပြီဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေအတွက် အထောက်အကူပြုပစ္စည်းနဲ့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို ထောက်ပံ့ပေးလျက်ရှိနေပါတယ်။ ကျွန်မကတော့ အလုပ်စလုပ်တဲ့အချိန်ကနေစပြီး မည်သည့်အလုပ်ကိုမဆို ဘယ်နေရာမှာပဲဖြစ်ဖြစ် ပရဟိတဖွံ့ဖြိုးရေးလုပ်ငန်းတွေအပါအဝင် အမြဲတမ်း တာဝန်ကျေအောင်အစွန်းရှိသလောက် အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ဘဝတလျှောက် ပြည်တွင်း/ပြည်ပက လေ့လာသင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ အဲဒီအေတွ့အကြုံတွေက အခု လွှတ်‌တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရာမှာလည်း တစိတ်တဒေသတော့ အထောက်အကူဖြစ်စေမှာပါ။

မေး။ လက်ရှိရခိုင်မှာက အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ နည်းပါးနေတယ်။ အခု ပြည်နယ်လွှတ်တော်မှာဆိုရင် အမျိုးသမီးကိုယ်စားလှယ်လောင်း မရှိဘူး။ အမျိုးသမီးအသံတွေ၊ အမျိုးသမီးအရေးတွေနဲ့ ပတ်သက်ပြီး တင်ပြချက်တွေမရှိဘူးလို့ ပြောလို့ရတယ်။ တကယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရရှိခဲ့ရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားမှာလဲ။

ဖြေ။ မှန်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့တောင် အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်နေမှု အားနည်းနေပါသေးတယ်။ အခုပြောတဲ့အတိုင်းပဲ ရခိုင်ပြည်နယ်လွှတ်တော်မှာဆို အမျိုးသမီးကိုယ်စားလှယ်လောင်း မရှိသေးပါဘူး။ အဲဒီအတွက် အမျိုးသမီးရေးရာကိစ္စတွေ၊ ကလေးသူငယ်ဖွံ့ဖြိုးရေးကိစ္စတွေကို အဓိကထား ပြောဆိုဆွေးနွေးမှု နည်းနေပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးကိုယ်စားလှယ်တွေ ပြည်နယ်လွှတ်တော်မှာပါလာရင် ကျွန်မတို့ အတူတကွ အမျိုးသမီးနဲ့ကလေးတွေ လူမှုဘဝတိုးတက်ရေး၊ ကလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ရေးတွေ အဓိက လုပ်ဆောင်ချင်ပါတယ်။ အမျိုးသမီးတွေအတွက်သာမက ရခိုင်ပြည်သူ/သားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စေတွကို အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်ချင်ပါတယ်။

မေး။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။

ဖြေ။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေဆိုတာ လူတိုင်းဘဝမှာ အမြဲတစေ ကြုံနေရတာဖြစ်ပါတယ်။ ရခိုင့်နိုင်ငံရေးနဲ့ စိမ်းမနေပေမယ့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးကြုံရမယ်လို့ မှန်းထားပါတယ်။ အဲဒီအတွက် စိတ်ခွန်အားရှိအောင် အသင့်ပြင်ထားပါတယ်။ ဘယ်လိုအခက်အခဲဆိုတာ အခုအချိန်မှာ ပြောနေတာထက် ဘယ်လိုအခက်အခဲပဲ လာပါစေ ရခိုင်ပြည်သူ/သားတွေအကျိုးကို ဆောင်ရွက်ဖို့ ထက်သန်တဲ့စိတ်နဲ့ ကျွန်မရင်ဆိုင်သွားမယ်။

မေး။ နောက်ထပ်ဘာများဖြည့်စွက်ပြီး ပြောချင်ပါသလဲ။

ဖြေ။ ထပ်ဆောင်းပြီးပြောလိုတာကတော့ လှပတဲ့ရခိုင်ပြည်ကြီးကို ကျမတို့ ရခိုင်ပြည်သူ/သားတွေနဲ့အတူတကွ ဖန်တီးယူကြမယ်လေ။ ကျွန်မတို့ရဲ့ ရခိုင်မျိုးဆက်သစ်တွေအတွက် ခိုင်မာပြီး လှပတဲ့မနက်ဖြန်ကို ကျွန်မတို့အတူတကွ ဒီနေ့ကစ တည်ဆောက်ကြမယ်။

ဗီဒီယိုများ