အာဏာသုံးပြီး ပါတီဖျက်သိမ်းလျှင် အဖျက်သိမ်းခံသွားမည်ဟု ALD ဆို

စစ်ကောင်စီအနေဖြင့် အာဏာသုံးပြီး ပါတီကိုဖျက်သိမ်းအရေးယူမည်ဆိုပါက အရေးယူခံသွားမည်ဖြစ်ပြီး ၎င်းတို့ထံ သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) တာဝန်ရှိသူကပြောဆိုသည်။

25 Apr 2022

DMG ၊ ဧပြီ ၂၅

စစ်ကောင်စီအနေဖြင့် အာဏာသုံးပြီး ပါတီကိုဖျက်သိမ်းအရေးယူမည်ဆိုပါက အရေးယူခံသွားမည်ဖြစ်ပြီး ၎င်းတို့ထံ သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) တာဝန်ရှိသူကပြောဆိုသည်။

ထိုသို့စစ်ကောင်စီက ခေါ်ယူစစ်ဆေးခြင်းမှာ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခြင်း၊ စစ်ကောင်စီမှခန့်အပ်သည့် UEC အား အယုံအကြည်မရှိခြင်း၊ မည်သည့်အာဏာရှင်နှင့်မှ ပူးပေါင်းသွားမည်မဟုတ်ဟု မူဝါဒချထားခြင်းကြောင့် ALD ပါတီအနေဖြင့် သွားရောက်စစ်ဆေးမခံခြင်းဖြစ်သည်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းကဆိုသည်။

“အခုအချိန်ဟာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဏာရှိတဲ့ အစိုးရဖြစ်တယ်။ အာဏာရှိတဲ့အစိုးရအနေနဲ့ အရေးယူမယ်ဆိုရင်လည်း သူတို့အရေးယူတာကို ခံရမယ်ပေါ့။ သူတို့ဥပဒေအရပါတီကိုဖျက်သိမ်းမယ်ဆိုရင်လည်း ဖျက်သိမ်း၊ အရေးယူမယ်ဆိုရင်လည်းအရေးယူ။ ကျနော်တို့ကတော့ သွားရောက်ပြီးတော့ အစစ်ဆေးမခံဘူး။ အဲဒါဟာ ကျနော်တို့မှာမူဝါဒချထားတာ။ ကျနော်တို့ကတော့ မည်သည့်အာဏာရှင်တွေနဲ့မှ မပူးပေါင်းနိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်”ဟု ၎င်းကပြောသည်။

စစ်ဆေးမခံသည့်အပေါ် အာဏာသုံးပြီး ပါတီဖျက်သိမ်းခံရပါကလည်း ပါတီလုပ်ငန်းစဉ်များနှင့် ပြည်သူ့အကျိုးအတွက် စည်းစည်းရုံးရုံးနှင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်သည်ဟု သူကဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စာရင်းဇယားများအား ဧပြီ ၂၅ ရက်နေ့မတိုင်မီ နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်အစစ်ဆေးခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဒုတိယအကြိမ် သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ထားသော်လည်း ALD အနေဖြင့် သွားရောက်စစ်ဆေးခံမည်မဟုတ်ဘဲ သူတို့အနေဖြင့် လာရောက်စစ်ဆေးမည်ဆိုပါက ALD ဗဟိုရုံးချုပ်သို့ လာရောက်စစ်ဆေးနိုင်ပြီး စာရင်းဇယားများအစုံရှိသည်ဟုလည်း ပါတီတာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီအနေဖြင့် အရေးယူမည်ဆိုပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ကိုက်ညီသည့် အရေးယူခြင်းမျိုးကိုသာ လက်ခံသွားမည်ဖြစ်ပြီး ဥပဒေနှင့်မကိုက်ညီသည့် အရေးယူခြင်းမျိုးကို လက်ခံမည်မဟုတ်ဟုလည်း ဦးမြတ်ထွန်းကပြောသည်။

“ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာလည်း သူတို့ဆီကို သွားရောက်ပြီးစစ်ဆေးခံရမယ်လို့မပါဘူူး။ ဆိုတော့ သူတို့က အာဏာသုံးပြီးအရေးယူမယ်ဆိုရင်လည်း ဥပဒေနဲ့ကိုက်ညီတဲ့ အရေးယူမျိုးကို ကျနော်တို့လက်ခံတယ်။ ရွေးကောက်ပွဲဆိုင်ရာမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့မကိုက်ညီရင်တော့ ကျနော်တို့ လက်ခံမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်“ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့်စပ်လျဉ်း၍ ဧပြီ ၂၅ ရက်နေ့မတိုင်မီ နေပြည်တော်ရုံးချုပ်သို့ လာရောက်စစ်ဆေးခံရန်နှင့် ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ- ၂၄(ဂ)၊ (ဃ)နှင့် (င)တို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

ပါတီစာရင်းများစစ်ဆေးခံနိုင်ရေးအား စာများဖြင့်လည်းကောင်း၊ နေ့စဉ်သတင်းစာများတွင်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ website တို့တွင်လည်းကောင်း အသီးသီးအသိပေးအကြောင်းကြားခဲ့သော်လည်း လာရောက်စစ်ဆေးခံရန် ပျက်ကွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ်အနေဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို မတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ လာရောက်စစ်ဆေးခံရန် အကြောင်းကြားစာပေးပို့ခဲ့သည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)သည် ၁၉၈၉ ခုနှစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အနိုင်ရပါတီတစ်ခုဖြစ်ခဲ့သည်။

ဗီဒီယိုများ