ကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အပေါ် သူတို့၏အမြင်

စစ်ကောင်စီလက်ထက်မှာ ဒေါ်လာဈေး၊ ရွှေဈေးတွေနဲ့ အပြိုင်အဆိုင် အခြေခံစားသောက်ကုန် ဈေးနှုန်းမှာလည်း သိသာစွာမြင့်တက်လာခဲ့သည်။ ကုန်ဈေးနှုန်းမြင့်လာသည့်အပေါ် ခက်ခဲစွာဖြင့် ရင်ဆိုင်နေရသော ပြည်သူများ၏ စကားသံကို DMG က တင်ဆက်လိုက်ပါသည်။

29 Oct 2021

DMG ၊ အောက်တိုဘာ ၂၉

စစ်ကောင်စီလက်ထက်မှာ ဒေါ်လာဈေး၊ ရွှေဈေးတွေနဲ့ အပြိုင်အဆိုင် အခြေခံစားသောက်ကုန် ဈေးနှုန်းမှာလည်း သိသာစွာမြင့်တက်လာခဲ့သည်။ ကုန်ဈေးနှုန်းမြင့်လာသည့်အပေါ် ခက်ခဲစွာဖြင့် ရင်ဆိုင်နေရသော ပြည်သူများ၏ စကားသံကို DMG က တင်ဆက်လိုက်ပါသည်။

ဦးတင်အောင်ဦး ၊ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

ကျွန်တော်တို့အနေနဲ့ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်လာတာကို စောင့်ကြည့်မှုတွေ လုပ်ဆောင်နေ ပါတယ်။ ဆန်ဈေးမြင့်တက်လာရင် မြင့်တက်လာတဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆန်ကုန်သည် အသင်းတွေ၊ ဆန်စက်လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်တာတွေ လုပ်နေပါတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ထပ် စားသုံးဆီဈေးမြင့်တက်တာကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း စားသုံးဆီရောင်းချသူတွေရဲ့ စာရင်းကောက်ယူ ပါတယ်။ သူတို့ဝယ်ချင်တဲ့ပမာဏကို ပြည်ထောင်စုဆီကနေ အခြေခံဈေးဆီတစ်ပိဿာ ၃၇၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ဖို့အတွက် တင်ပြပေးထားတာတွေလည်းရှိပါတယ်။ အဲ့ဒီကနေပြန်ပြီး စာမပြန်သေးတဲ့အတွက် စောင့်နေရတာတော့ ရှိပါတယ်။ ကုန်ဈေးနှုန်းတွေ အလွန်အကျွံတက်တာမျိုးမဖြစ်ရအောင် ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားကနေတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်တာကိုတော့ ကျွန်တော်တို့ထိန်းချုပ်နိုင်ဖို့ အခက်အခဲရှိတယ်။

ဦးခင်မောင်ကြီး ၊ ဒုတိယဥက္ကဋ္ဌ ၊ ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)

အခြေခံစားသုံးကုန်မှာ ကုန်စိမ်းနဲ့ ကုန်ခြောက်ဆိုပြီး နှစ်မျိုးရှိတယ်။ ရခိုင်ပြည်နယ်ကထွက်တဲ့ ကုန်စိမ်းတွေ ကျတော့ ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်ရာခိုင်နှုန်းလောက်ပဲ ဈေးတက်တာမျိုးကိုတွေ့ရတယ်။ ဒါပေမဲ့ ရခိုင်ကို အခြားကနေတင်သွင်းရတဲ့ ကုန်တွေကျတော့ ဒေါ်လာဈေးလည်းတက်နေတော့ အကုန်ဈေးတက်ကုန်တယ်။ လက်ရှိမှာ ဒေါ်လာဈေးကလည်းကျတယ်ဆိုပေမယ့် အရင်လို ၁၃၀၀ မျိုးဖြစ်နေတာမဟုတ်ဘူး။ ၂၀၀၀ အောက် နည်းနည်း လျောကျ့သွားတာပဲရှိတယ်။ ဒီတော့ ရခိုင်ကို အခြားကနေတင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်းတက်လာမှာပဲ။ ပြည်မမှာက နိုင်ငံရေးအခြေအနေက မတည်ငြိမ်ဘူးလေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတာက အကုန်ချိတ်ဆက်နေတာဆိုတော့ နိုင်ငံရေးမတည်ငြိမ်ရင် စီးပွားရေးအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာမယ်။ အဲဒီတော့ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လောလောဆယ်တော့ အဖြေကို မမြင်မိသေးဘူး။ ပြည်မဘက်ကသွင်းကုန်၊ နယ်စပ်သွင်းကုန်တွေကျတော့ ငွေလဲနှုန်းတွေနဲ့ ဆက်စပ်နေတာဆိုတော့ ကုန်ဈေးနှုန်းတွေက ဆက်တက်နေဦးမှာပဲ။

မနှင်းဖြိုးဝေ ၊ ကျောင်းဆရာမ

ကျွန်မက အစိုးရဝန်ထမ်းဆိုတော့ ဝင်ငွေကဒီအတိုင်းက ဒီအတိုင်းပဲလေ။ ဒါပေမဲ့ ကုန်ဈေးနှုန်းက တစ်ဆထက်တစ်ဆ မြင့်တက်လာနေတော့ အရင်ထက်ပိုပြီး ခြိုးခြံချွေတာနေရတယ်။ အပိုငွေမထွက်အောင် နေရတယ်။ အရင်ကဆို ဆီတစ်ပိဿာကို သုံးထောင်ကျော်လောက်ပဲရှိပေမယ့် အခုဆိုရင် ခြောက်ထောင်လောက်အထိ မြင့်တက်လာတယ်။ ထွက်ငွေကများပြီး ဝင်ငွေကတိုးမလာဘူး။ ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်လာမယ်ဆို ပုံမှန်ဝင်ငွေရနေတဲ့သူတွေရော အခြေခံလူတန်းစားတွေရော အကုန် အခက်တွေ့ကုန်မှာ။ အခုလက်ရှိမှာဆိုရင် ပိုက်ဆံကတန်ဖိုးမရှိသလိုတောင် ဖြစ်နေတယ်။ ဒီတော့ တစ်လတစ်လရဲ့ အသုံးစရိတ်တွေကိုလည်း ဘယ်လိုလျှော့ချရမလဲဆိုတာကိုပဲ တွေးနေရတယ်။

အရီးလှ ၊ ထမင်းဆိုင်ပိုင်ရှင်

ကုန်ဈေးနှုန်းတွေက တောက်လျှောက်ကိုတက်နေတယ်။ မနေ့က ဝယ်ရတဲ့ဈေးနဲ့ ဒီနေ့ဝယ်တဲ့ဈေးက မတူတော့ဘူး။ မနေ့ကဈေးတစ်မျိုး ဒီနေ့ဈေးကတစ်မျိုးဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေက အရင်ကထက် တစ်ဆလောက်ကို ထပ်တက်လာတာ။ အရင်ကစားဆီ ၇၅ ကျပ်သားကို ၁၈၀၀ ကျပ်လောက်ပဲရှိပေမယ့် အခုဆိုရင် ၄၇၀၀ ကျပ်ဖြစ်သွားပြီ။ အရင်က အချိုမှုန့် ၂၅ ကျပ်သားကို ၉၀၀ ကျပ်လောက်ပဲရှိပေမယ့် အခုဆိုရင် ၁၈၀၀ ကျပ်လောက်ဖြစ်သွားပြီ။ ကြက်သွန်တွေလည်း ဈေးတက်တယ်။ အရင်က ကြက်သွန် တစ်အိတ် ၅၀၀၀ ကျပ်ပဲရှိတာ အခုဆို ၁၂၀၀၀ ကျပ်ဖြစ်သွားပြီ။ အသားငါးဈေးတွေလည်းတက်တယ်။ အခုဆို ဆိုင်မှာ ထမင်းလာစားသူ တဖြည်းဖြည်းနည်းလာတယ်။ ကုန်ဈေးနှုန်းကတက်နေတော့ တော်တော်ကို အဆင်မပြေဘူး။

ဦးသိန်းစိုးထွန်း ၊ ကွမ်းယာရောင်းချသူ

ကျွန်တော်တို့အနေနဲ့ ဈေးရောင်းရတဲ့အခါကျတော့ စည်ပင်ကိုလည်း အခွန်တွေပေးရတယ်။  အခုနောက်ပိုင်း ဆိုင်မှာရောင်းတဲ့ ကွမ်းယာသုံးပစ္စည်းတွေလည်း ဈေးတက်လာတယ်။ အရင်လောက်လည်း မရောင်းရ တော့ဘူး။ လူတွေ အကုန်ကြပ်တည်းနေကြတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းက ကျမလာဘူး။ အကုန်နီးပါး ဈေးတွေ ထိုးတက်နေတာ။ အရင်က ဈေးဖိုး တစ်ရက်ကိုငါးထောင်လောက်ကုန်တယ်။ အခုတော့ ကုန်ဈေးနှုန်းတွေ တက်လာတော့ အဲ့ဒီငွေလောက်နဲ့ ဈေးဖိုးမလောက်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့လုပ်ကိုင်ရတဲ့အခါမှာ အရမ်းကို ဒုက္ခရောက်ရပါတယ်။

မခင်မာရီ ၊ အိမ်ရှင်မ

ကုန်ဈေးနှုန်းတွေက ဆက်တိုက်ဆိုသလို တက်လာနေတယ်။ ဒီကာလမှာ ဆီဈေးတွေတက်တာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ဈေးမြင့်တက်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာတာလို့ ထင်ပါတယ်။ အခုက ကိုဗစ်ကာလလည်းဖြစ်နေတော့ လူတိုင်းနီးပါး ငွေရေးကြေးရေး အရမ်းကြပ်တည်းတယ်။ ငွေကြေးကြပ်တည်းနေချိန်မှာ ကုန်ဈေးနှုန်းတွေက မတရားထိုးတက်လာတော့ တော်တော်လေးကို အခက်တွေ့ရတယ်။ ဖြစ်နိုင်ရင် အစိုးရအနေနဲ့ ဒေါ်လာဈေးကို ထိန်းသလိုမျိုး စားဆီဈေးတွေကိုလည်း ထိန်းချုပ်ပေးစေချင်ပါတယ်။

ဗီဒီယိုများ