လမ်းခရီး အခက်ခဲကြောင့် ရခိုင်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ

မိုးတွင်းကာလ ရာသီဥတု ဆိုးရွားမှုနှင့် လမ်းခရီးကြမ်းတမ်းမှုတို့ကြောင့် အိန္ဒိယ- ရခိုင် ကုန်သွယ်မှုလုပ်ငန်းများ ရပ်တန့်နေပြီး၊ ကုန်စည်များမှာ ပျက်စီးမှုများအပြင် လမ်းခရီးကြန့်ကြာမှုတို့ကြောင့် ရခိုင်ပြည်တွင် ကုန်ဈေးနှုန်း မြင့်တက်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

By Admin 04 Jun 2025

လောင်တလိုင်ခရိုင်ရှိ စစ်ဆေးရေးဂိတ်များကို ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။  ဓာတ်ပုံ- The Lawngtlai Post
လောင်တလိုင်ခရိုင်ရှိ စစ်ဆေးရေးဂိတ်များကို ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- The Lawngtlai Post

DMG ၊ ဇွန် ၄

မိုးတွင်းကာလ ရာသီဥတု ဆိုးရွားမှုနှင့် လမ်းခရီးကြမ်းတမ်းမှုတို့ကြောင့် အိန္ဒိယ- ရခိုင် ကုန်သွယ်မှုလုပ်ငန်းများ ရပ်တန့်နေပြီး၊ ကုန်စည်များမှာ ပျက်စီးမှုများအပြင် လမ်းခရီးကြန့်ကြာမှုတို့ကြောင့် ရခိုင်ပြည်တွင် ကုန်ဈေးနှုန်း မြင့်တက်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်အတွက် ဆေးဝါး၊ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ တဆင့် အဓိကတင်သွင်းနေကြရခြင်း ဖြစ်ပြီး ယခုမိုးတွင်းကာလတွင် မကြာခဏ မြေပြိုကျမှုခြင်း ကားလမ်းပိတ်မိခြင်းများ ဖြစ်တတ်ကြောင်း သိရသည်။

" မိုးရာသီဆိုတာထက် မိုးဦးရာသီကုန်သွယ်ကြရတာက ပိုပြီးခက်ခဲတယ်။ ဘာဖြစ်လို့ဆို ရေပြင်အခြေအနေ မတည်ငြိမ်တာတွေ စက်လှေတွေ သွားရင်လည်း လှိုင်းထန်ပြီးတော့ ကျောက်ဆောင်တွေမှာ ထိပြီး မှောက်ကြတာရှိတယ်။ နောက်ကားလမ်းတွေ ပိတ်ပြီး လမ်းမှာသောင်တင်ပြီး လမ်းစရိတ်ကြီးကြတာတွေ ရှိတယ်။ နယ်စပ်တွေမှာ ကုန်ပစ္စည်းချထားပြီးမှ ရေကြီးပြီး မျှောပါသွားတာတွေကြောင့် ဆုံးရှုံးမှုတွေလည်း ရှိကြတယ် " ဟု ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် အိန္ဒိယ - ရခိုင်လမ်းပိုင်းတွင် မြေပြိုကျမှုနှင့် တောင်ကျရေပြင်းမှုတို့ကြောင့် ကုန်သည်ရာနှင့်ချီ ပိတ်မိနေကြပြီး ကုန်ပစ္စည်းများမှာလည်း ပျက်စီးမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ရခိုင်ကုန်သည်များက ပြောသည်။

ယင်းသို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ကုလားတန်မြစ်ရေစီးကြမ်းသဖြင့် မေ ၃၀ ရက်က ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာအနီးတွင် ကုန်တင်စက်လှေ ဆယ်စီး နစ်မြုပ်ခဲ့ပြီး ကုန်သည်တစ်ဦးလည်း ရေနစ်သေ ဆုံးခဲ့သည်။

" မိုးရာသီမှာ ကုန်သွယ်ရတာ ခက်ခဲမှုတွေ အများကြီးရှိတယ်။ လမ်းပိတ်တာတော့ ရေကြီးတာတွေ ရှိတယ်။ ကုန်သည်တွေလည်း အသက်နဲ့ ရင်းပြီး သွားကြရတယ်။ ကုန်တွေကလည်း သယ်ယူစရိတ်တွေ အရမ်းကြီးတာကြောင့် ရခိုင်ဖက်ရောက်ရင် ကုန်ဈေးနှုန်းတွေ မြင့်တက်ကြတာရှိတယ် " ဟု အိန္ဒိယရောက် ရခိုင်ကုန်သည် နောက်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပလက်ဝနှင့် လောင်တလိုင် နယ်စပ်ရှိကျေးရွာများတွင်လည်း ကုလားတန်မြစ်နှင့် အခြား ချောင်းလက်တက်များ ရေစီးသန်နေသည့်အတွက် ကုန်ကားရာချီပိတ်မိနေကြပြီး ကုန်ပစ္စည်းများ သောင်တင်နေသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံဖက်က ကုန်စည်များ စီးဆင်းခြင်းမရှိသည့်အတွက် ရခိုင်ပြည်တွင်းမှာလည်း စားသောက်ကုန်များနှင့် စက်သုံးဆီဈေးနှုန်းများမှာ ယခင်ကထက် တစ်ဆနီးပါးမြင့်တက်သွားသည်ဟု ကျောက်တော်မြို့နယ်က ဆိုင်သည်တစ်ဦးက ပြောသည်။

" ဒီရက်ပိုင်း အိန္ဒိယဖက်က ကုန်စည်တွေမရောက်တာကြောင့် ရခိုင်ဖက်မှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်တယ်။ အဓိက ကုန်ပစ္စည်းတွေ အဝင်လုံးဝမရှိတာကြောင့် ရှိနေတဲ့ ကုန်စည်တွေက ဈေးနှုန်းမြင့်တက်သွားတာ။ မိုးတွင်းရာသီ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုတွေကြောင့် ကုန်ဈေးနှုန်းက ပွင့်လင်းရာသီတွေထက် ဈေးနှုန်းမြင့် တက်လေ့ရှိတယ်" ဟု ကျောက်တော်မြို့နယ်က ဆိုင်သည်တစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် ပြီးခဲ့သည့် အပတ်က စားဆီတစ်လီတာကို ငွေကျပ် ၈,၅၀၀ ကနေငွေ ကျပ် ၁၃,၀၀၀၊ ကြက်သွန်တစ်ပိဿာကို ငွေကျပ် ၉,၀၀၀ ကနေ ၁၂,၀၀၀၊ စက်သုံးဆီ တစ်လီတာကို ငွေကျပ် ၈,၀၀၀ ကနေ ၁၄, ၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

ရခိုင်တွင် နယ်အလိုက် ဈေးနှုန်းမြင့်တက်နေပြီး အခြား စားသောက်ကုန်စည်များမှာလည်း ယခင်ထက် ဈေးနှုန်းငွေကျပ် ၃,၀၀၀ နှင့် ၄,၀၀၀ နှင့်အထက် မြင့်တက်နေခြင်းဖြစ်သည်။

ယင်းအပြင် မကွေးတိုင်း ဆောမြို့ဖက်က ကုန်သွယ်နေကြသည့် လမ်းကြောင်းများမှာလည်း တောင်ပြိုမှုများကြောင့် ကုန်သည်များ သွားလာ၍ မရဘဲ လနှင့်ချီကြာ ပိတ်ဆို့နေကြသည်ဟု သိရသည်။

ထိုသို့အခြေနေများကြောင့် ယခုမိုးရာသီတွင် ဘင်္ဂလားဒေ့ရှ်၊ ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကို အဆင်ပြေစေရေး ကြိုးစားသင့်ကြောင်း ကုန်သည်များက ပြောဆိုနေကြသည်။