စာဖြေသံဃာတော်များ စစ်ဆေးခံနေရသည့်ကိစ္စ ရက္ခပူရသာသနာ့လင်္ကာရအသင်းနှင့် အင်တာဗျူး

ရခိုင်မှာ သာမဏေကျော်စာမေးပွဲဖြေဆိုပြီးတော့ နေရပ်ပြန်ကြတဲ့ သံဃာတော်တွေ စစ်ဆေးခံနေရတာနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကို ရက္ခပူရသာသနာ့လင်္ကာရအသင်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးတင်ငြိမ်းဦးကို DMG သတင်းထောက် မင်းထွန်းက သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

By မင်းထွန်း 16 Feb 2019

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရက္ခပူရသာသနာ့လင်္ကာရ သာမဏေကျော်စာမေးပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

အဲဒီ သာမဏေကျော်စာမေးပွဲကို ပြည်နယ်/တိုင်း ဒေသအသီးသီးမှ သံဃာ ၅၅၃ ပါးနှင့် မယ်သီလရှင် ၁၅ ပါး လာရောက်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို စာမေးပွဲဖြေဆိုပြီးတော့ မိမိနေရပ်အသီးသီးကိုပြန်ကြတဲ့ သံဃာတော်တွေကို ပြည်မြို့မရောက်မီ ဥသျှစ်ပင်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီအချိန်က တားဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို စာဖြေသံဃာတွေကို စစ်ဆေးခံနေရတာနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကို ရက္ခပူရသာသနာ့လင်္ကာရအသင်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးတင်ငြိမ်းဦးကို Development Media Group သတင်းထောက် မင်းထွန်းက သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး - စစ်တွေမြို့ကနေ နေရပ်ကိုပြန်ကြတဲ့ စာဖြေသံဃာတော်တွေ စစ်ဆေးခံနေရတယ်လို့ ကြားသိရပါတယ်။ ဘယ်လို ဖြစ်တာပါလဲ။

ဖြေ - နှစ်မျိုးကြားနေရတယ်။ တမျိုးက စစ်ဆေးနေတယ်၊ နောက်တမျိုးက ထိန်းသိမ်းထားတယ်။ ရခိုင်ပြည်ဧရိယာအပြင်ဘက်က ဖြစ်နေတဲ့ကိစ္စဖြစ်တော့ အခုအချိန်ထိ သေသေချာချာ မသိရသေးဘူး။ စစ်ဆေးတာဆိုရင်တောင်မှ ဒီနေ့ သန်းခေါင်ယံ ည ၂ နာရီ ကနေ စစ်ဆေးနေတာ အခုအချိန်ထိ ဒီကိစ္စဟာ မပြီးပြတ်နိုင်သေးဘူး။

မေး - သံဃာအရေအတွက် ဘယ်လောက်များ စစ်ဆေးခံနေရတာလဲ။

ဖြေ - သံဃာအပါး ၃၅၀ ဝန်းကျင်လောက် ရှိပါတယ်။ သံဃာသာသနာကဒ်တွေ၊ မှတ်ပုံတင်တွေနဲ့ ပတ်သတ်ပြီး အဓိကစစ်ဆေးတယ်လို့ သိထားတယ်။ တစ်ခြား မသင်္ကာစရာသတင်းများ ကြားလို့လားဆိုတာ ထင်မြင်ချက်ပဲ ပေးနိုင်တယ်။

မေး - ဘယ်သူတွေက စစ်ဆေးနေတာလဲ။

ဖြေ - ရဲတပ်ဖွဲ့ကနေ စစ်ဆေးနေတာပါ။

မေး - အခု စစ်ဆေးတဲ့အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ - သံဃာတွေရဲ့ လွယ်အိတ်တွေကို စစ်တယ်။ စားမေးပွဲဖြေခဲ့တဲ့ စာအုပ်တွေကို စစ်တယ်။ သာသနာစိစစ်ရေးကဒ်တွေကို စစ်တယ်။ နောက်ပြီး မေးမြန်းတယ်။ ဓာတ်ပုံမရိုက်ရဘူး။ အမျိုးမျိုးကန့်သတ်မှုတွေကြားမှာ အခုအချိန်ထိ ကြုံတွေနေရဆဲလို့ သိရပါတယ်။

မေး - သံဃာတွေကို အခုလိုစစ်ဆေးတာ ဘာကြောင့်လို့ သိရလဲ။

ဖြေ - စစ်ဆေးတာက ဘာကြောင့်လဲဆိုတာကို မသိရသေးဘူး။ လာတုန်းကလည်း သက်ဆိုင်ရာတွေကို အသိပေးပြီးသား၊ အဆင်ပြေပြီး အခုပြန်တဲ့အခါမှ ဒီကိစ္စမျိုးဖြစ်တဲ့အပေါ် အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။

မေး - အစစ်ဆေးခံနေရတဲ့ သံဃာတွေကရော အခုဘယ်လိုမျိုး ရှိနေကြလဲ။

ဖြေ - ပြည်မြို့မှာရှိတဲ့ ဇောတိကာရုံကျောင်းမှာ ကျောင်းကိုပိတ်ပြီးတော့ စစ်ဆေးနေတာလို့ အကြမ်းအားဖြင့်သိရတယ်။ အခုသွားကြတဲ့ စာပေသံဃာတွေဟာ စာမေးပွဲကို ကြိုးစားပမ်းစား ပင်ပင်ပန်းပန်းနဲ့ စာမေးပွဲဖြေခဲ့ကြတယ်။ ပြန်တဲ့အခါမှာလည်း ချောချောမော့မော့ မဖြစ်ဘဲနဲ့ လမ်းခရီးမှာ ညအချိန်မတော်တဲ့ အချိန်မှာ စစ်ဆေးခံရတယ်။ နောက် အာရုဏ်ဆွမ်းလည်း မသုံးရဘူး။

မေး - အခုလို စာဖြေသံဃာတော်တွေ အစစ်ဆေးခံနေရတာနဲ့ ပတ်သက်လို့ ရက္ခပူရသာသနာ့လင်္ကာရအသင်းအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ - ရက္ခပူရသာသနာ့လင်္ကာရအသင်းက အခုမှ လကာၤရစာမေးပွဲကို အောင်မြင်စပျိုးချိန်။ တစ်နိုင်ငံလုံးသာမက ပြည်ပက ဆရာတော်ကြီးတွေ၊ စာပေသံဃာတွေ၊ ဂျပန်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ စတဲ့နိုင်ငံရပ်ခြား စာပေသံဃာတွေတောင်မှ လာပြီးဖြေရတယ်။ အောင်မြင်စပြုတဲ့အချိန်မှာ အခုလို အဖြစ်မျိုးဟာ သာမဏေကျော် စာပေလောကအတွက် အများကြီး အရုပ်ဆိုးအကျဉ်းတန်စေပါတယ်။ ကျနော်တို့အသင်းရဲ့ အောင်မြင်မှုကို မှေးမှိန်စေတယ်လို့ သုံးသပ်မိပါတယ်။

မေး - သံဃာတော်တွေ စာမေးပွဲဖြေဆိုဖို့ မလာခင်ကတည်းက အသိပေးထားတယ်ဆိုတာက ဘယ်နေရာတွေကို အသိပေးထားတာလဲ။

ဖြေ - သံဃာအကုန်လုံး စာမေးပွဲဖြေဖို့ လာမယ့်ခရီးစဉ် မစခင်ကတည်းကပင် သက်ဆိုင်ရာ အစိုးရ၊ သာသနာရေးဦးစီးဌာန၊ သံဃာအဖွဲ့အစည်း အသီးသီးအားလုံးကို အသိပေးထားပြီးသား ဖြစ်ပါတယ်။

မေး - ရက္ခပူရသာသနာ့လင်္ကာရ သာမဏေကျော်စာမေးပွဲကို ဒီနှစ်မှ စလုပ်ဖြစ်တာလား။

ဖြေ - ဒီနှစ်မှ စပြီးလုပ်တာမဟုတ်ပါဘူး။ ရှေ့ကသုံးနှစ်မှာလည်း ကားတွေနဲ့ကြွပြီး စာမေးပွဲတွေ ဖြေဆိုခဲ့ကြပါတယ်။ ဒီနှစ်ခါမှ အပြန်ခရီးမှာ စစ်တွေ၊ အမ်းဂိတ်တွေကို ကျော်လွှားပြီး တဖက် ဥသျှစ်ပင်ရောက်ခါမှ ဒီပြဿနာဖြစ်လာရတယ်။

မေး - အခုလို သံဃာတွေကို စစ်ဆေးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံး ဘယ်လိုသတင်းတွေ ရရှိထားလဲ။

ဖြေ - နောက်ဆုံးရရှိထားတဲ့သတင်းက ပဲခူးတိုင်း သာသနာရေးညွန်ကြားရေးမှူးက နေပြည်တော်က ညွန်ကြားချက် တစ်ခုရလာတယ်။ ဆွမ်းကပ်ပြီးရင် လွှတ်ပေးဖို့ဆိုတဲ့ စကားတစ်ခု အကြမ်းဖြင့် ကြားထားရတယ်။

မေး - စာဖြေသံဃာတွေ စစ်ဆေးခံနေတဲ့အပေါ် ရက္ခပူရသာသနာလင်္ကာရအသင်းအနေနဲ့ ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ - ဒီကိစ္စကို ကျနော်တို့ဘက်က တရားဝင်ရုံးစာတွေနဲ့ အသိပေးထားတဲ့ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့ အမှုဆောင်အဖွဲ့အစည်းအဝေးလုပ်ပြီးရင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို တိုင်ကြားပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးရင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ