AA ကို မတရားအသင်း၊ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တာဟာ မီဒီယာတွေအတွက် ဘယ်လိုအခက်အခဲဖြစ်ပေါ်စေနိုင်လဲ

မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရကကြေငြာခဲ့သည်။ ထိုသို့ကြေငြာလိုက်ခြင်းကြောင့် သတင်းရယူရေးအပိုင်းတွင် မည်သည့်အခက်အခဲများ ဖြစ်ပေါ်လာနိုင်သလဲ ဆိုသည်ကို သတင်းစာဆရာများ၏အမြင်များကို DMG က မေးမြန်းထားသည်။

By ခိုင်ရိုးလ 31 Mar 2020

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုများလည်းရှိနေပြီး အရပ်သား ထိခိုက်မှုများလည်း မြင့်တက်နေသည်။ ထိုအခြေအနေများတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲမှုများလည်း ရှိနေကြသည်။ သတင်းမီဒီယာသမားများသည် ထိုနှစ်ဖွဲ့ကို ဆက်သွယ်ပြီး သတင်းများ ရေးသားထုတ်လုပ်ခဲ့ကြသည်။

မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရကကြေငြာခဲ့သည်။ ထိုသို့ကြေငြာလိုက်ခြင်းကြောင့် သတင်းရယူရေးအပိုင်းတွင် မည်သည့်အခက်အခဲများ ဖြစ်ပေါ်လာနိုင်သလဲ ဆိုသည်ကို သတင်းစာဆရာများ၏အမြင်များကို DMG က မေးမြန်းထားသည်။

ခိုင်ရိုးလ စုစည်းတင်ပြသည်။
(မှတ်ချက် - ယခုသဘောထားအမြင်များကို မတ်လ ၂၅ ရက်နေ့က မေးမြန်းထားခြင်း ဖြစ်ပါသည်။)

ဦးမြင့်ကျော် (တွဲဖက်အတွင်းရေးမှူး - ၁)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

လောလောဆယ် အနေအထားက ဒီလိုဆက်သွယ်မေးမြန်းတဲ့ဟာက အရေးယူခံရနိုင်သလား။ ဥပဒေနဲ့ ငြိစွန်းနိုင်သလား ဆိုတာကိုတော့ ကျနော်တို့လည်း သဲသဲကွဲကွဲမသိဘူးပေါ့နော်။ ဒီလိုကိစ္စတွေမှာ အရင်က အခုလို အကြမ်းဖက်အဖွဲ့မကြေငြာခင်ကပဲ ဥပမာ မတရားအသင်းကြေညာခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ဆက်သွယ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင်သလားဆိုတာကို အစိုးရတို့ တပ်တို့ဘက်က ဘယ်တုန်းကမှ သဲသဲကွဲကွဲဖြေကြားလေ့မရှိဘူး။ ဒါကတော့ ကိုယ့်ဟာကိုယ် ဥပဒေထဲမှာပါတာပါ။ ဥပဒေကိုဖတ်ကြည့် ဆိုတဲ့သဘောမျိုး ပြောတာပေါ့နော်။

ယေဘုယျအားဖြင့်ဆိုရင် မလိုလားတဲ့ အခါမှာ အရေးယူလို့ရနိုင်တဲ့ အနေအထားရှိတယ်။ အဲဒီဟာက မတရားအသင်းကြေညာခံထားရတဲ့ အနေထား။ အခုက အကြမ်းဖက်အဖွဲ့အစည်းဆိုတော့ ဆက်သွယ်သတင်းမေးတဲ့အခါ နောက်တစ်မှုထပ်ပြီးတော့ တိုးလာနိုင်တဲ့ အနေအထားရှိတယ်။ ဒီလိုအခြေနေမျိုးမှာတော့ လောလောဆယ် ရှင်းရှင်းလင်းလင်းမရှိသေးဘူး။ သို့သော် မီဒီယာတွေကတော့ စိုးရိမ်နေကြတာတော့ အမှန်ပဲပေါ့နော်။ လောလောဆယ်ထိတော့ ကြေညာတာ ရက်ပိုင်းပဲ ရှိသေးတဲ့အတွက် အရေးယူထာမျိုး ဘာမှ အသံမကြားရသေးတဲ့အတွက် မီဒီယာတွေအနေနဲ့ သတိထားပြီး ဆက်သွယ်မေးမြန်း ရေးသားနေတဲ့ အနေထားမျိုးရှိတယ်။

ဦးခိုင်မြတ်ကျော် (အယ်ဒီတာချုပ်)
နိရဉ္စရာသတင်းဌာန

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီးတဲ့ နောက်ပိုင်းမှာ အဓိက ကျနော်မြင်တာက မီဒီယာအဖွဲ့အစည်းတွေအနေနဲ့ အသုံးအနှုန်းတွေ ဘယ်လိုသုံးနှုန်းရမလဲ။ ဒီအတိုင်းပဲသုံးနှုန်းခွင့် ရှိလားမရှိလား ဆိုတာကို ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရမယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ခုက ကျနော်တို့က ရခိုင်အခြေစိုက် သတင်းဌာနတွေဖြစ်တဲ့အခါ ဒီဒေသတင်းတွေကို အမှန်အတိုင်းရေးနေတာဆိုတော့ AA နဲ့ ပတ်သက်ပြီးတော့ ရခိုင်တွေကို AA ဆိုပြီးတော့ စွပ်စွဲချက်တွေရှိုတယ်။ ရခိုင်ကမီဒီယာတွေကိုလည်း စွပ်စွဲချက်တွေ အများကြီးဖြစ်လာတာပေါ့နော်။

အခုက ဒီလို အကြမ်းဖက်လို့ သတ်မှတ်လိုက်တဲ့ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ သတင်းတင်ဆက်မှုတွေ သတင်းရေးသားမှုတွေက ဘယ်လိုဖြစ်လာနိုင်လဲဆိုတော့ ကျနော်တို့က လေ့လာစောင့်ကြည့်နေတဲ့ အနေထားမျိုးတွေရှိတယ်။ လောလောဆယ်မှာ ရခိုင်အခြေစိုက် သတင်းမီဒီယာတွေအတွက်တော့ တော်တော်လေးအခက်တွေ့တယ်။ ဒေသသတင်းကိုရေးနေတဲ့အချိန် တိုက်ပွဲကလည်း ရခိုင်မှာဖြစ်နေတဲ့ အချိန်ဆိုတော့ နှစ်ဘက်စလုံးကို သတင်းယူလို့မရဘူးလေ။ တပ်မတော်နဲ့ AA ကိုဆက်သွယ်ရမယ်။ အခုကျတော့ AA ဘက်ကို ဆက်သွယ်မေးမြန်းရမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို လောလောဆယ်တော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် သတင်းမီဒီယာကောင်စီ၊ ဥပဒေပညာရှင်တို့ကို ဆွေးနွေးပြီးမှ ဥပဒေအကြောင်းရာအရ ဘယ်လိုဖြစ်မယ်ဆိုတာကို သိရမယ်။

သတင်းသဘောထားအရ တိုက်ပွဲဖြစ်လာပြီဆိုရင် နှစ်ဘက်ကိုမေးရမှာပေါ့။ အခုက AA ကိုမေးတယ်ဆိုရင် အကြမ်းဖက်နဲ့ ဆက်သွယ်တယ်ဆိုပြီး အရေးယူမှာလား။ မယူဘူးလားဆိုတာကို သိဖို့လိုတယ်။ အဲလို မလွဲမသွေ သတင်းရေးရင် AA နဲ့ အင်တာဗျူးလုပ်ရမယ်။ ဒီတော့ အကြမ်းဖက်အုပ်စုထဲမှာ ပါဝင်မှာလားဆိုတာကို ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် သတင်းက ဘယ်သတင်းပဲဖြစ်ဖြစ် တစ်ဖက်တည်းရေးလို့မရဘူးလေ။
အခုရခိုင်မှာ တိုက်ပွဲတွေဖြစ်တယ်။ လူထုတွေနစ်နာနေတာတွေ၊ ရွာကိုမီးရှိုးခံရတာတွေ ရှိတယ်။ အဲဒီဟာတွေကို ဘယ်သူတွေက လုပ်တယ်။ ကျူးလွန်တယ်ဆိုတာကို မှန်မှန်ကန်ကန်သိဖို့အတွက် သတင်းသမားတွေကို လွတ်လပ်လွတ်လပ် ရခိုင်ပြည်နယ်ထဲမှာ သတင်းယူခွင့်ပြုပေးဖို့လိုတယ်။

ဦးဇေယျာလှိုင် (အယ်ဒီတာ)
မော်ကွန်းမဂ္ဂဇင်း

အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၇(၁) ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုလဲ ဆိုတဲ့ဟာမှာ မူတည်တယ်။ ၁၇(၁) နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ သုံးနှစ်လောက်က သတင်းစာဆရာသုံးယောက် အဖမ်းခံရတာဖြစ်ဖူးတယ်။ TNLA က ပြန်လာတဲ့အခါ ဖြစ်ဖူးတယ်။ ကျန်တဲ့ ဖြစ်စဉ်တွေတော့ မရှိဘူးပေါ့လေ။ ဆိုတော့ ဒီလိုဖြစ်ရပ်တွေကတော့ သူက လုပ်ချင်တဲ့အခါလည်း လုပ်တယ်။ မလုပ်ချင်တဲ့ အခါလည်းမလုပ်ဘူးဆိုတော့ အခုတော့ အကြမ်းဖက်အဖြစ်သတ်မှတ်လိုက်ပြီ ဆိုတော့ လုပ်ချင်ရင်လည်း လုပ်လို့ရပြီဆိုတဲ့ သဘောဖြစ်သွားပြီပေါ့နော်။ သတိတော့ထားရတော့မယ်။

အဲဒီ ဥပဒေကို သေချာဖတ်ဖို့လိုမယ်။ နောက်ပြီးလို့ရှိရင် ကိုယ့်မှာ ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ သတင်းစာဆရာတွေ သတိထားဖို့ လိုလာတာပေါ့နော်။ ဒီသတင်းအချက်လက်ကို ဒီလူနဲ့ဆက်သွယ်ပြီး မေးမြန်းမလား၊ မမေးမြန်းဘူးလားပေါ့နော်။ တခါတလေကျလို့ရှိရင်လည်း တချို့သတင်းသမားတွေကလည်း သွားရောက်တွေ့ဆုံပြီးတော့မှ အင်တာဗျူးတာတို့လည်း ရှိတာကိုး။ အဲဒါမျိုးဆိုရင်တော့ ပိုပြီတော့ အန္တရာယ်များဖို့ရှိတယ်။ မတရားအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ ကျနော်ထင်တယ်၊ အဲဒီကိစ္စက အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာလည်း တစ်ချို့ဟာတွေလည်း လိုသလိုဖွင့်လို့ရတဲ့ အပိုင်းဖြစ်နေတော့ သတိတော့ပိုပြီးထားလာမှာပေါ့။ လူတွေက လွတ်လပ်လွတ်လပ်ရေးတာထက်စာရင်တော့ လူတွေက နည်းနည်းတော့ အကြောက်အလန့်တွေနဲ့ ပိုများလာမယ့်သဘောရှိတယ်။

ကိုဝဏ္ဏခွာညို (သတင်းထောက်)၊ DVB

အစိုးရဘက်က AA ကို မတရားအသင်း၊ အကြမ်းဖက်အဖြစ် ကြေညာလိုက်တဲ့အတွက်ကြောင့် သတင်းဌာနတွေဘက်က ဆက်သွယ်မှုမှာ နည်းနည်းတွန့်ဆုပ်သွားနိုင်တဲ့ အခြေအနေတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ရခိုင်မှာ အင်တာနက်ပိတ်ခံထားရတယ်။ ဒီအပေါ်မှာ ကျနော်တို့က သတင်းအမှန်တွေကို ချပြရမယ့်အတွက်ကြောင့် ဒါကို အစိုးရဘက်က ဖြေလျော့ပေးဖို့လိုမယ်။ တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာနိုင်တယ်။ ဒီမှာ ကျနော်တို့က AA ကိုဆက်သွယ်လို့ သတင်းရေးတဲ့အခါ ကျနော်တို့အတွက်တော့ အများကြီးရိုက်ခတ်နိုင်တယ်ပေါ့။ ဒါပေမယ့်လည်း ကျနော်တို့ကတော့ ရေးရမယ်။ ပြည်သူတွေသိအောင် အမှန်တရားကို ချပြရမယ်။ မီဒီယာကျင့်ဝတ်အရလည်း မဆက်သွယ်လို့မရဘူး။ တစ်ဘက်က ကြေညာလိုက်ပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ အခြေနေပေါ်မှာတော့ ဖြစ်အောင်တော့ ရေးရမယ်။ သတင်းသမားဆိုတာကတော့ နှစ်ဘက်အသံကို ပြည့်စုံအောင်ရေးရမယ်။

ဗီဒီယိုများ