AA ကို အကြမ်းဖက်မှ ပယ်ဖျက်ပြီးနောက် ရခိုင်မှာ ငြိမ်းချမ်းရေးလမ်းစပွင့်လာ

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပြည်လည်ရုပ်သိမ်း ကြောင်း လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေငြာလိုက်သည်။ AA ကို အကြမ်းဖက်အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်ကို DMG မှ ဆက်သွယ် မေးမြန်းထားသည်။

12 Mar 2021

DMG ၊ မတ် ၁၂

ရက္ခိုင့်တပ်တော် (AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရား အသင်းအဖြစ် အစိုးရက ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ကြေငြာခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပြည်လည်ရုပ်သိမ်း ကြောင်း လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေငြာလိုက်သည်။ AA ကို အကြမ်းဖက်အဖြစ်မှ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်ကို DMG မှ ဆက်သွယ် မေးမြန်းထားသည်။

ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရသေ့တောင်မြို့နယ်)

အကြမ်းဖက်အဖွဲ့အစည်းက ပယ်ဖျက်တာကိုတော့ လက်ခံကြိုဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မတို့ မြို့နယ်ဘက်တွေမှာ ပြီးခဲ့တဲ့နှစ်နှစ်လောက်က တိုက်ပွဲတွေအများကြီးဖြစ်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ အများရှိနေတယ်။ နောက်တစ်ခါ အေအေနဲ့ပတ်သက်လို့ အကြမ်းဖက်အဖွဲ့စည်းဆိုပြီးတော့ တရားစွဲခံထားရတာတွေလည်း အများကြီးရှိတယ်။ အခုလို အကြမ်းဖက်အဖွဲ့အစည်းကို ရုပ်သိမ်းလိုက်တဲ့အတွက် အေအေနဲ့ဆက် နွယ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေနဲ့တရားစွဲဆိုခံထားရသူတွေကိုလည်း လွှတ်ပေးသင့်တယ်လို့လည်း ပြောချင်တယ်။ အေအေကို အကြမ်းဖက်အဖြစ်ကနေ ရုပ်သိမ်းလိုက်တာဟာ ရှေ့သို့ ရခိုင်ပြည်အတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ ငြိမ်းချမ်းရေးလမ်းစတွေကို ပိုမိုဦးဆောင်ပြီးလုပ်နိုင်မယ်လို့ ပြောလိုတယ်။ နောက်တစ်ခုက အခုချိန်မှာ စစ်ဘေးရှောင်တွေများကြီးရှိနေတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေက ဒေသခံပြည်သူ နှစ်သိန်းနီးပါးစစ်ဘေးရှောင်အဖြစ်နဲ့ နေနေရတယ်။ ငြိမ်းချမ်းရေးတွေကို သူတို့က ဆွေးနွေးနိုင်ခဲ့မယ်ဆိုရင် စစ်ဘေးရှောင်တွေလည်း မိမိနေရပ်အတွက်ပါ ကူညီမှုတွေ လုပ်ပေးသွားနိုင်မယ်ဆိုတာကိုလည်း ပြောလိုပါတယ်။ ငြိမ်းချမ်းရေးဟာ ရခိုင်ပြည်နယ်တစ်ခုတည်းမက မြန်မာတစ်နိုင်ငံလုံးပါ အမြန်ဆုံးငြိမ်းချမ်းမှာ ငြိမ်းချမ်းနိုင်ပါစေလို့လည်း ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။

ဦးကျော်ဇောဦး (ဒုဥက္ကဌ၊ ရခိုင့်ဦးဆောင်ပါတီ)

အေအေကို အကြမ်းဖက်အဖွဲ့အစည်းကနေ ပယ်ဖျက်ပေးမယ့်ဟာက ရခိုင်ပြည်နယ်အတွင်း ပြင်းထန်နေတဲ့ ပဋိပက္ခအခြေအနေမှာ ဖြေလျော့ဖို့အရာမှာ အရေးအကြီးဆုံးအရာဖြစ်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော် အချိန်က ကျွန်တော်တို့ပါတီအနေနဲ့လည်း Statement ထုတ်ခဲ့တယ်။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီထဲမှာ ဆိုရင်လည်း ပထမဆုံးအနေနဲ့ ဒီအချက်ကို ထောက်ပြခဲ့တာလည်းဖြစ်တယ်။ နောင်လည်း ဒါတွေနဲ့ပတ်သက်လို့ ဆက်တိုင်းတောင်းဆိုခဲ့တယ်။ လွှတ်တော်မှာလည်း ဒီဟာတွေနဲ့ပတ်သက်လို့ ရပ်တည်ပြီးပြောဆိုခဲ့တယ်။ အခုလို ပြောင်းလဲလာတာကြောင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ အများကြီးတောက်ပလာတယ်။ ရခိုင်ပြည်အတွက် ကောင်းတယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒီဖြစ်စဉ်အပေါ် ကျွန်တော်တို့ပါတီအနေနဲ့လည်း ကြိုဆိုပါတယ်။

ဦးခိုင်ကောင်းစံ (ဒါရိုက်တာ၊ ဝံလက်ဖောင်ဒေးရှင်း)

မြဝတီသတင်းမှာ ULA/AA ကို အကြမ်းဖက်အဖြစ်က ရုပ်သိမ်းလိုက်တယ်လို့သိရတယ်။ အဲဒီအပေါ်မှာတော့ ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ကြိုဆိုတယ်။ အစကတည်းကလည်း အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ရမယ့်အဖွဲ့အစည်း မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးအတွက် ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတောင်းဆိုနေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။ နောက်တစ်ခုက အခုလို ပယ်ဖျက်လိုက်ရုံနဲ့ မပြီးဘူး။ ပယ်ဖျက်ပြီးတဲ့ နောက်ပိုင်းမှာ အမှန်တကယ်ကတော့ ဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တန်းတူရွယ်တူ ဆက်ဆံမှုတွေ နောက်ပြီးတော့ ULA/AA ရဲ့တောင်း ဆိုမှုတွေ၊ နောက် ရခိုင်ပြည်သူတွေဖြစ်ပျက်တာတွေကိုပါ စေတနာထားပြီးတော့ ဆောင်ရွက်ပေးဖို့လိုအပ်တယ်။ ဒါ့ကြောင့် ဒီဖြစ်စဉ်အပေါ်မှာတော့ ကြိုဆိုတယ်။ အဲဒါအပြင် အကြမ်းဖက်အဖွဲ့က ရုပ်သိမ်းတယ်၊ ပယ်ဖျက်တဲ့အပြင် မတရားအသင်းဆိုတဲ့ ဥပဒေတစ်ခုလည်းရှိသေးတယ်ပေါ့။ မတရားအသင်းဥပဒေကပါ ပယ်ဖျက်ဖို့လိုအပ်တယ်။ အဲဒီချိန်ခါမှ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆွေးနွေးမှုမှာသော်လည်းကောင်း၊ ယုံကြည်မှုမှာသော်လည်းကောင်း ပိုမိုကောင်းမွန်ခိုင်မာပြီးတော့ မြန်မာငြိမ်းချမ်းရေးအတွက် ဦးတည်ခရီးမှာ အမြန်ဆုံးရောက်သွားမယ်လို့ မျှော်လင့်မိတယ်။

ဦးဖေသန်း (မူဝါဒရေးရာဦးဆောင်ကော်မတီဝင်၊ ရခိုင်အမျိုးသားပါတီ)

အဓိကအကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ သတ်မှတ်ချက်က ရခိုင်ပြည်နယ်ရဲ့တည်ငြိမ်အေးချမ်းရေး၊ တပ်မတော်၊ အေအေတို့ ဆွေးနွေးမှုတွေမှာလည်း ပိတ်ဆို့နေတဲ့အတားအဆီးကြီးတစ်ခုဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စဟာ ပိုပြီး အဓိကအရေးကြီးတယ်။ ဒီကိစ္စကို ဒီနေ့အချိန်ခါမှာ ကျွန်တော်တို့ပါတီကလည်း ပယ်ဖျက်ပေးဖို့တောင်း ဆိုခဲ့တာရှိတယ်။ ပြည်နယ်လွှတ်တော်ကလည်း အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပေးဖို့တောင်းဆိုခဲ့တာရှိတယ်။ အေအေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆွေးနွေးမှုလုပ်ငန်စဉ်တွေမှာလည်း ဒီကိစ္စတွေပါဝင်လိမ့်မယ်လို့ ယူဆလို့ရတယ်။ ဒါကြောင့် အဖက်ဖက်ကတောင်းဆိုနေတာဟာ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်းအေးချမ်းရေးအတွက် အလွန်အရေးကြီးတယ်။ နောက်ထပ်စစ်ပွဲတွေဖြစ်မလာဖို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့အတွက် အကြမ်းအဖွဲ့အစည်းက ရုပ်သိမ်းဖို့ဆိုတာသည် ပိတ်ဆို့နေတဲ့ တံခါးတစ်ခုကို ဖွင့်လိုက်ခြင်းဖြစ်တယ်။ အဲဒါက အလွန်ကောင်းတဲ့ အခင်းအကျင်းဖြစ်လို့ ကျွန်တော်တို့ကလည်း ကြိုဆိုရမှာလည်းဖြစ်တယ်။ မတရားအသင်းက ပယ်ဖျက်ဖို့ဆိုတာက ဒုတိယလုပ်ငန်းစဉ်ဖြစ်တယ်။ ဒါက သူတို့က NCA လက်မှတ်ထိုးပြီးတဲ့ အချိန်ခါမှာ အားလုံးဖွဲ့စည်းကို လုပ်နေရတဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် ခုအချိန်မှာ မပယ်ဖျက်ပေမယ့်လည်း ဒီဟာက ပြဿနာမရှိဘူး တဖြည်းဖြည်းသွားမယ်ဆိုတာကတော့ သေချာပါတယ်။

ဗီဒီယိုများ