- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ မပါဝင်ဘဲ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းမှာ အများအမြင်ကောင်းအောင် စစ်ကောင်စီက ဟန်ပြလုပ်ခြင်းသာဖြစ်သည်ဟု နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။
28 Jun 2025

DMG ၊ ဇွန် ၂၈
မြေပြင်တွင် တိုက်ပွဲဖြစ်နေသူများ မပါဝင်ဘဲ စစ်ကောင်စီက တစ်ဖက်သတ်ကျင်းပခဲ့သော ငြိမ်းချမ်းရေးဖိုရပ် (Peace Forum 2025) ဆွေးနွေးပွဲသုံးရက်မှာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
"ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲ" ငြိမ်းချမ်းရေးဖိုရမ်ဟု အမည်ပေးထားသော ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။
ငြိမ်းချမ်းရေးဖိုရမ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုတို့ မပါဝင်ခဲ့ပါ။
အဆိုပါဖိုရမ်မှာ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အကျိုးရှိကြောင်း ဖိုရမ်ကိုတက်ရောက်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောသည်။
"အရင်ကဆွေးနွေးရင် နိုင်ငံရေးကိစ္စသပ်သပ်ကိုပဲ ဆွေးနွေးကြတာများတယ်။ အခုက နိုင်ငံရေးအပြင် လူမှုရေးနဲ့ စီးပွားရေးစတဲ့ ဘက်စုံဆွေးနွေးမှုတွေကို ဆွေးနွေးကြတာဖြစ်တဲ့အတွက် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အင်မတန် အကျိုးကျေးဇူးရှိပါတယ်" ဟု စောမြရာဇာလင်းက ပြောဆိုခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ကျော်လွန်နိုင်ရန်နှင့် ပဋိပက္ခအလွန်တွင် အရှိန်အဟုန်ဖြင့် လုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်းဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ မပါဝင်ဘဲ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းမှာ အများအမြင်ကောင်းအောင် စစ်ကောင်စီက ဟန်ပြလုပ်ခြင်းသာဖြစ်သည်ဟု နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။
"တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို တိုက်ရိုက်ဆွေးနွေး အဖြေရှာတာကပဲ ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ယူဆတယ်" ဟု ၎င်းကပြောသည်။
လက်တွေ့တွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်ရန် အကြောင်းမရှိဘဲ ရွေးကောက်ပွဲနဲ့ စစ်မီးကို ငြိမ်းသတ်ရန်မှာ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ လူသားချင်းစာနာမှု ဆိုင်ရာများနှင့် အပစ်ခတ်ရပ်စဲရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေးအတွက် ပိုမိုကောင်းမွန်သည့် ရေရှည်လုပ်ငန်းစဉ်များကို ရေတို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုခဲ့သည်။
ဆွေးနွေးပွဲကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ နိုင်ငံရေးပါတီများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဓိက တက်ရောက်ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် နွေဦးတော်လှန်ရေး အင်အားစုတို့၏ ထိုးစစ်များကို နိုင်ငံတဝန်း စစ်မျက်နှာပေါင်းစုံတွင် ရင်ဆိုင်နေရသည်။
အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မြို့ပေါင်း ၉၀ ကျော်အထိ လက်လွှတ်ထားရပြီး တိုင်းစစ်ဌာနချုပ် ၂ ခု အပါအဝင် တပ်စခန်းအများအပြားကိုလည်း စွန့်လွှတ်ထားရသည်။