AA အနေနဲ့ “ဝ”လိုမျိုး အုပ်ချုပ်ရေးအာဏာ တည်ဆောက်မယ်ဆိုရင်တော့ တပ်မတော်ကို ဖယ်ရှားမှရမှာ

ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး နှင့် အင်တာဗျူး

16 Sep 2020

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေသည်။ ယင်းတိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ဒေသခံ ၂ သိန်းကျော်မှာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ်နှင့် ခိုလှုံနေကြရသည်။

အစိုးရက AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း AA ပါဝင်လာမှုကို မတွေ့ရှိရပေ။ လက်ရှိ ကိုဗစ်ကာလတွင်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်သွားခြင်းမရှိဘဲ ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

ရခိုင်စစ်ရေးပဋိပက္ခအတွင်း ဒေသခံများအပေါ် အကျိုးသက်ရောက်မှု၊ တိုက်ပွဲအခြေအနေ၊ ရှေ့ငြိမ်းချမ်းရေး အလားအလာများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး၏ သုံးသပ်ချက်များ၊ သဘောထားအမြင်များကို DMG သတင်းထောက် ခိုင်ရိုးလက မေးမြန်းထားသည်။

မေး - တပ်မတော်နဲ့ အေအေတို့ဖြစ်နေတဲ့ တိုက်ပွဲတွေက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။

ဖြေ - တပ်မတော်နဲ့ AA တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေရဲ့ရိုက်ခတ်မှုက မြောက်ပိုင်းကအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုမှာတော့ တစ်စုံတစ်ရာသက်ရောက်မှုရှိပါတယ်။ အခုက ဒီတိုက်ပွဲတွေ ဆက်ရှိနေခြင်းကြောင့် တစ်ခြားအဖွဲ့တွေနဲ့ ညှိနှိုင်းတဲ့အခါမှာ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုတော့ သက်ရောက်မှုရှိနိုင်တယ် ဆိုပေမယ့်လည်း ဘယ်လောက်ထိ သက်ရောက်လဲဆိုတာကိုတော့ အတိအကျပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ အခု FPNCC က တစ်ဘက်ကလည်း အားလုံးနဲ့ဆွေးနွေးမယ် ဆိုတဲ့လမ်းကြောင်းကို ဖွင့်ထားပေမယ့် တစ်ဘက်က Bilateral ဆွေးနွေးမှု လုပ်တာတွေရှိပါတယ်။ ဒီလို Bilateral ဆွေးနွေးမှုတွေ အားကောင်းလာရင်တော့ ပုံစံတစ်မျိုးပြောင်းသွားနိုင်ပြီး Bilateral ဆွေးနွေးမှုတွေ အားမကောင်းဘူးဆိုရင်တော့ AA နဲ့ဖြစ်တဲ့ တိုက်ပွဲတွေက တစ်စုံတစ်ရာတော့ သက်ရောက်မှုရှိပါတယ်။

မေး - တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုထိခိုက်မှုတွေကို ဘယ်လိုဆောင်ရွက်သင့်လဲ။

ဖြေ - ပြည်သူလူထုကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီးတော့ NCA မှာ တော်တော်များများ ပြည့်ပြည့်စုံစုံ ရေးသားထားတာရှိတယ်။ ဆိုတော့ NCA ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နေသရွှေ့ ပြည်သူလူထုကို အကာအကွယ်ပေးရေးက အပစ်အခတ်ရပ်စဲထားတဲ့နေရာတွေမှာ ရှိနေပါတယ်။ သို့သော် အပစ်အခတ်မရပ်၊ NCA မသက်ရောက်တဲ့ နေရာတွေမှာတော့ အကောင်အထည်ဖော်ဖို့ ခက်ပါတယ်။ အဲဒီအတွက်ကတော့ ပြည်သူလူထုထိခိုက်မှုကို နည်းနိုင်သရွှေ့နည်းအောင် အပစ်အခတ်ရပ်စဲရေးကိုလုပ်နိုင်ဖို့ လိုပါလိမ့်မယ်။ အပစ်အခတ်၊ တိုက်ခိုက်မှုတွေရှိနေသမျှတော့ ပြည်သူလူထုထိခိုက်မှုတွေ ဆက်ရှိနေမှာဖြစ်တဲ့အတွက် အပစ်အခတ်ရပ်စဲဖို့လိုတာပါ။

မေး - တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ တိုက်ပွဲတွေလျော့သွားအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ။

ဖြေ - နယ်မြေမသတ်မှတ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ နှစ်ဘက်တပ်တွေ ထိတွေ့မှုတွေက ပိုများလာတယ်။ ထိတွေ့မှုတိုက်ပွဲတွေ များလာလေလေ လူအသေအပျောက်၊ ဒဏ်ရာရမှုတွေ များလာလေလေဆိုတော့ ယုံကြည်မှုတည်ဆောက်ဖို့အတွက်လည်း အခက်အခဲတွေရှိလာနိုင်တယ်။ ဒါကြောင့်မို့ နယ်မြေသတ်မှတ်ခြင်း မရှိတဲ့နေရာတွေမှာ နှစ်ဘက်တပ်တွေ ဘယ်လိုမျိုး စုဖွဲ့လှုပ်ရှားသွားလာကြမလဲဆိုတာကို နှစ်ဘက်တပ်တွေ ညှိနှိုင်းပြီးတော့ လုပ်နိုင်ဖို့လိုပါတယ်။ ဒီလိုလုပ်နိုင်မှလည်း တိုက်ပွဲတွေကို လျော့ချလို့ရမယ်။ တိုက်ပွဲတွေရှိရင်တော့ ယုံကြည်မှုတည်ဆောက်မှုကတော့ မရနိုင်ပါ။

မေး - ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ မြောက်ပိုင်းအဖွဲ့တွေလည်း မပါခဲ့ဘူးဆိုတော့ ရှေ့လျှောက်တိုက်ပွဲတွေရဲ့ အလားအလာကိုလည်း သုံးသပ်ပေးပါအုံး။

ဖြေ - ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သူတို့လာတက်ခြင်း၊ မတက်ခြင်းကတော့ မြေပြင်မှာရှိနေတဲ့ တိုက်ပွဲတွေနဲ့တော့ တိုက်ရိုက်တော့မဆိုင်ဘူး။ အရင်တုန်းကလည်း လာတက်ပြီးတော့ တိုက်ပွဲတွေဖြစ်ကြတာပါပဲ။ အဲဒီတော့ ဒီညီလာခံမှာကလည်း တကယ်တမ်းတော့ လာတက်တာကလည်း အစိုးရလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာအားပေးသွားတယ်ဆိုတဲ့ သဘောလောက်ပဲရှိပါတယ်။ ဒီညီလာခံမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက သူတို့ကိုယ်တိုင် ဆွေးနွေးခွင့်ရတဲ့ကိစ္စတွေ မဟုတ်ဘူး။ သူတို့သဘောတူထားတဲ့ကိစ္စတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ သူတို့လာတက်ခြင်း၊ မတက်ခြင်းကတော့ သူတို့နဲ့ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုက်ရိုက်ကြီးတော့ ထိခိုက်စရာမရှိပါဘူး။ နောက်တစ်ခုကလည်း မြေပြင်မှာရှိတဲ့တိုက်ပွဲတွေနဲ့ သက်ဆိုင်ခြင်း မရှိဘူး။

မေး - AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဆွေးနွေးမှုကိုရော အဟန့်အတားဖြစ်နိုင်မလား။

ဖြေ - အဲဒါကို ကျနော်တို့သိသလောက်ကတော့ ဒီညီလာခံကို မဖိတ်တာတော့ရှိတယ်။ AA နဲ့ မဆွေးနွေးတော့ဘူးလို့ အစိုးရဘက်၊ တပ်မတော်ဘက်က ထုတ်ပြန်ထားတာတော့ မရှိသေးဘူး။ ကျနော်တို့ နားလည်တာကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ပြီးတော့လုပ်မယ်ဆိုတဲ့ အနေအထားတော့ရှိပါတယ်။

မေး - ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အားလုံးမပါဝင်နိုင်သေးတာ ဘာကြောင့်လို့မြင်လဲ။

ဖြေ - ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ အင်အားကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးပါဝင်လာတာ ကောင်းတာပေါ့။ ဒါပေမယ့်လည်း နိုင်ငံတကာဖြစ်စဉ်တွေအရ ကြည့်မယ်ဆိုလို့ဆိုရင် အားလုံးပါဝင်ရေးဆိုတာက ရှားပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အများစုမှာတော့ တစ်ဖွဲ့နဲ့အဆင်ပြေရင် တစ်ဖွဲ့နဲ့ အရင်သွားဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ မြန်မာပြည်မှာလည်း အဲလိုပုံသဏ္ဍာန်မျိုး ဖြစ်ဖို့ပိုများနေတယ်။

မေး - ရခိုင်တိုက်ပွဲတွေအပေါ်မှာ တပ်မတော်က ဘယ်လိုပုံစံမျိုး ချဉ်းကပ်နေတာတွေ့ရသလဲ။

ဖြေ - ခုလောလောဆယ် အနေအထားကတော့ တပ်မတော်က ချဉ်းကပ်တဲ့ပုံစံကလည်း ရခိုင်ပြည်မှာ အချိန်တိုတိုအတွင်းမှာ ချေမှုန်းတိုက်ခိုက်မယ် ဆိုတဲ့ပုံစံမျိုးထက် အခုဆိုလို့ရှိရင် ရေရှည်ကိုင်တွယ်မယ့် ပြဿနာမျိုး ကိုင်တွယ်တယ်ဆိုတဲ့ သဘောမျိုးတွေ့ရတယ်။ ဒါကိုကြည့်မယ်ဆိုလို့ရှိရင် ရခိုင်မှာ တိုက်ပွဲတွေက ဆက်ရှိနေမယ်။ ပြင်းထန်တာ၊ မပြင်းထန်တာပဲကွာမယ်။ အဓိကအရေးကြီးဆုံးကတော့ AA နဲ့ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှုရရှိဖို့လမ်းကြောင်းက ပွင့်နေဖို့လိုတယ်။ အခုကတော့ အစိုးရက အကြမ်းဖက်အဖြစ် ကြေငြာထားပေမယ့်လည်း ဆွေးနွေးရေးလမ်းကြောင်းက မပိတ်ထားဘူး။ ဒါကြောင့် နှစ်ဘက်ဆွေးနွေးမှု၊ သဘောတူညီမှုတွေရခဲ့ရင် ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့အတွက် လမ်းစတွေပွင့်သွားနိုင်တယ်။

မေး - AA က “ဝ”လိုမျိုး မျှော်လင့်ချက်တွေရှိနေတယ်။ ဒါကဖြစ်လာနိုင်မလား။

ဖြေ - “ဝ”လိုမျိုးဖြစ်ဖို့ဆိုတာက ဒီနယ်မြေကို လက်နက်ကိုင်ပြီး စိုးမိုးရဖို့လိုတယ်။ ဆိုတဲ့သဘောက အဲဒီရခိုင်ပြည်နယ်မှာရှိတဲ့ အစိုးရတပ်တွေကို တိုက်ထုတ်ဖယ်ရှားပြီးမှ စိုးမိုးလို့ရမှာ။ “ဝ”နဲ့မတူတာက အခု UWSA ဌာနချုပ် ပန်ဆန်းဆိုတာ ဘယ်တော့ကမှ အစိုးရရောက်ခဲ့တဲ့နေရာလည်း မဟုတ်။ သိမ်းပိုက်နိုင်ခဲ့တဲ့နေရာလည်း မဟုတ်ဘူး။ “ဝ”က ဟိုးအစဉ်အဆက် ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်ကတည်းက သူတို့အခြေချနေထိုင်ခဲ့တဲ့နေရာပေါ့။ အဲဒီတော့ သူတို့ရှိတဲ့နေရာမှာ သူတို့အုပ်ချုပ်ရေးယန္တရား တည်ဆောက်တယ်။ အပစ်အခတ်ရပ်စဲရေးမှာလည်း ဒီနေရာတွေကို ထိန်းချုပ်နိုင်တယ်။ ရခိုင်ပြည်နယ်ကိုကျတော့ စစ်ရေးအရ တောက်လျှောက် တပ်မတော်အုပ်ချုပ်ခဲ့တဲ့ နေရာတွေဖြစ်နေတယ်။ အဲဒီနေရာကိုသာ AA အနေနဲ့ “ဝ”လိုမျိုး အုပ်ချုပ်ရေးအာဏာ တည်ဆောက်မယ်ဆိုလို့ရှိရင်တော့ ဒီတပ်မတော်ကို ဖယ်ရှားမှရမှာ၊ အဲဒီအတွက် အခက်အခဲတွေ အများကြီးရှိပါလိမ့်မယ်။

မေး - အခု ရခိုင်နဲ့ချင်းဘက်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်နေရသူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကို ဘယ်လိုမြင်လဲ။

ဖြေ - စစ်ဘေးရှောင်ဒုက္ခသည်လို့ပြောလို့ရှိရင် လက်ရှိမျိုးဆက်တစ်ခုလုံးကို ပြောလို့မရတော့ဘူး။ စစ်ဘေးရှောင်ရပြီဆိုရင် ဒုက္ခတွေကို နောင်မျိုးဆက်အထိတောင် ခံရတာ။ အခုရခိုင်မြောက်ပိုင်းမှာ ကျောင်းတွေပိတ်ရတယ်။ ကလေးတွေ ကျောင်းမသွားနိုင်ကြဘူး။ ဆိုတော့ ကလေးတွေရဲ့အနာဂတ်က တော်တော့်ကို အခက်အခဲရှိလာနေပြီ။ ဒီစစ်ပွဲကြီး နောက်ထပ် (၅) နှစ်ဖြစ်မယ်ဆိုလို့ရှိရင် ကလေးတွေက ကျောင်း (၅) နှစ် နောက်ကျမယ်။ ဆိုတော့ကလေးတွေက ဆယ်တန်းရောက်ရမယ့်ဟာကို ငါးတန်းနဲ့သာ အပြင်ဘက်ကို ရောက်သွားရင် ရခိုင်ပြည်နယ်မှာရှိနေတဲ့ သိန်းဂဏန်းရှိတဲ့ကလေးတွေဟာ အတန်းပညာမရှိတော့ဘဲ ကြီးလာရင် သူတို့ရဲ့အနာဂတ်ကလည်း အများကြီးပြဿနာရှိတယ်။

ဒါကြောင့်မို့လို့ စစ်ဘေးရှောင်ကို စဉ်းစားတဲ့အခါမှာ စားဝတ်နေရေးတစ်ခုတည်းနဲ့ စဉ်းစားလို့မရဘူး။ ဆန်ပေး၊ ဆီပေး တစ်ခုတည်းမဟုတ်ဘဲ သူတို့ကိုစနစ်တကျနဲ့ စစ်ဘေးရှောင်စခန်းတွေ လုပ်ပေးဖို့လိုတယ်။ အဲဒီအပေါ်မှာလည်း တစ်ခုရှိတာကတော့ စစ်ဘေးရှောင်တွေကလည်း အစိုးရထားတဲ့နေရာမှာ မနေဘူး။ ကျနော်တို့ နေချင်တဲ့နေရာမှာပဲ နေမယ်ဆိုရင်လည်း အစိုးရဘက်က လုပ်ရတာအခက်အခဲရှိတယ်။ အဲဒီတော့ စစ်ဘေးရှောင်တွေအတွက် စဉ်းစားတဲ့အခါမှာ သူတို့ရဲ့စားဝတ်နေရေး တစ်ခုတည်းမဟုတ်ဘဲနဲ့ သူတို့ရဲ့ မျိုးဆက်သစ်ကလေးတွေအရေးကိုလည်း အများကြီး ထည့်သွင်းစဉ်းစားပေးဖို့ လိုလိမ့်မယ်။ အဲဒီတော့ ဆန်ပေး၊ ဆီပေးတောင် မကဘူး။ သူတို့ကျောင်းတက်နိုင်ဖို့အတွက် စာသင်ကျောင်းတွေ ဒုက္ခသည်စခန်းတွေမှာ ဖွင့်လှစ်နိုင်ဖို့လိုတယ်။

မေး - ရခိုင်စစ်ပွဲက နိုင်ငံတကာရဲ့အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်နေကြတာရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ - ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က အချက်အလက်အရထက် သီအိုရီအလိုက် တရုတ်က အိန္ဒိယမို့လို့လုပ်တယ်။ တရုတ်က AA ကို ပေးတယ်ဆိုတာတော့ ပြောနေကြတာရှိတာပေါ့။ ဒါပေမယ့်လည်း အတုံးလိုက်အတစ်လိုက် ဖော်ပြဖို့ ဘယ်သူကမှ မတွေ့သေးဘူးပေါ့နော်။ စိတ်ဝင်စားဖို့ကောင်းတဲ့ဟာကတော့ တရုတ်နယ်စပ်ကို အခြေခံထားတဲ့ ‘ဝ’ကနေပြီးတော့ FPNCC ဥက္ကဋ္ဌဖြစ်တယ်။ အဲဒီမှာ AA ပါတယ်။ AA ကိုယ်၌ကလည်း KIA မှာနေသလိုပဲ ပန်ဆန်းမှာလည်း စစ်သင်တန်းတို့ တက်နေတာရှိတယ်။ ပြီးတော့ သူ့ရဲ့ရုံးတွေ၊ ယန္တရားတွေရှိတယ်ဆိုတာလည်း သတင်းတွေလည်း ထွက်လာတယ်။ ဆိုတော့ အဲဒီနောက်မှာ တရုတ်က ဘယ်လောက် တရားဝင်ပါလဲ၊ မပါလဲဆိုတာကိုတော့ ဖြစ်နိုင်ခြေလည်းရှိနိုင်သလို တစ်ဘက်က သက်သေသာဓကနဲ့ ငြင်းမယ်ဆိုလည်း ငြင်းဖို့ခက်တယ်။ သက်သေသာဓက မတွေ့ဘူးပေါ့နော်။

နောက်ပြီး ဗမာပြည်ကွန်မြူနစ်ခေတ်တုန်းက တရုတ်က လက်နက်စက်ရုံတွေဘာတွေ လာလုပ်ထားတာရှိတယ်။ နောက်တစ်ခုက ကျနော်တို့က ကြည့်မယ်ဆိုရင် ထိုင်းနယ်စပ်မှာရှိတဲ့ အဖွဲ့နဲ့ တရုတ်နယ်စပ်မှာရှိတဲ့ အဖွဲ့တွေနဲ့ ယှဉ်ပြီးကြည့်လိုက်မယ်ဆိုရင် ထိုင်းနယ်စပ်မှာရှိတဲ့ KNU လိုဟာမျိုးတောင် လက်နက်စက်ရုံ မရှိခဲ့ဘူး။ တရုတ်နယ်စပ်မှာရှိတဲ့ အဖွဲ့တွေထဲမှာ KIA ဆိုရင် လက်နက်စက်ရုံရှိတယ်။ “ဝ”မှာဆိုရင်လည်း ရှိတယ်။ အရင်တုန်းကဆိုရင် ကိုးကန့်မှာရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီတရုတ်နိုင်ငံကနေပြီးတော့ လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူရုံမကဘူး။ လက်နက်ခဲယမ်းတွေလုပ်လို့ရတဲ့ ပစ္စည်းတွေကို အလွယ်တကူနဲ့ ရနေတယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး။ ဒီအပေါ်မှာ တရုတ်အစိုးရရဲ့ပေါ်လစီကတော့ မထောက်ပံ့ဘူးဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ဒီလိုပစ္စည်းတွေ သူတို့ဆီကို အလွယ်တကူ သူတို့လက်ထဲကို ရောက်နေတာကိုတော့ တွေ့ရတယ်။ အဲဒီမှာတော့ ကွာဟချက်တွေရှိနေတာကိုတော့ တွေ့ရတယ်။

မေး - ရခိုင်တိုက်ပွဲနဲ့ ပတ်သက်လို့ ဘာတွေက စိုးရိမ်စရာတွေရှိလဲ။

ဖြေ - အခုကျနော်တို့က ဘာဖြစ်နေကြလဲဆိုတော့ ငါတို့တွေ ဖွံ့ဖြိုးမှုနိမ့်ကျတယ်။ ငါတို့အနှိမ်ခံရလို့ ဆိုပြီးတော့ စစ်တိုက်မယ်ဆိုတဲ့ဟာက ဘာနဲ့တူလဲဆိုတော့ ကင်ဆာဖြစ်တဲ့ဟာကို အက်ဆစ်လောင်းပြီး ကုသလိုပဲ။ ရောဂါပိုဆိုးလာဖို့ပဲရှိတယ်။ အခုဆိုလို့ရှိရင် ဘာပဲပြောပြောပြော ရခိုင်ပြည်သူလူထုမှာ မကျေနပ်ချက်တွေများတယ်။ ဒါတွေကလည်း အင်မတန်မှ သဘာဝကျတယ်။ ဥပမာ-ရခိုင်ဆိုတာ အရင်တုန်းက အင်္ဂလိပ်လက်ထက်တုန်းကတောင် အင်မတန်မှ စီးပွားရေးအချက်အချာကျတဲ့ နေရာတွေဖြစ်ခဲ့တယ်။ အဲဒီလိုနေရာမျိုးက တိုင်းပြည်ရဲ့အဆင်းရဲဆုံး ပြည်နယ်တစ်ခုမှာ ပါလာတယ်ဆိုတော့ အဲဒီနိမ့်ကျမှုတွေအတွက် ရခိုင်လူထုကြားထဲမှာလည်း အများကြီးခံစားချက်တွေရှိတယ်။ ဒီလိုခံစားချက်တွေကို လက်နက်ကိုင်ပဋိပက္ခတွေအပေါ်မှာ ခံစားချက်အတွက် ကုစားတယ်ဆိုရင်လည်း လက်နက်ကိုင်ပဋိပက္ခတွေရှိသရွှေ့ ဒီခံစားချက်တွေက ပိုများလာဖို့ပဲရှိနေတယ်။

အခုဆိုလို့ရှိရင် ကိန်းဂဏန်းတွေအရ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်မှာ ဆန်ထွက်တဲ့နှုန်းက အရမ်းကျသွားတယ်။ ဆိုတဲ့သဘောက သူ့ရဲ့ဓနအင်အားက ကျသွားတယ်။ အခုဆိုရင် ရခိုင်မြောက်ပိုင်း စစ်တွေလိုနေရာမျိုးက ပိုက်ဆံရှိတဲ့လူတွေလည်း စစ်တွေမှာ မနေကြတော့ဘူး။ ရန်ကုန်ကိုပြောင်းကြတယ်။ သူ့ရဲ့ရင်နှီးမြှုပ်နှံမှုအင်အား၊ ဓနအင်တားတွေ ထွက်ပြေးတဲ့သဘောပဲ။ နောက်တစ်ခုက အခုစစ်ပွဲတွေရှိနေတဲ့အတွက်မို့ ရေလုပ်ငန်းတို့ဟာ အင်မတန်မှ ရခိုင်မှာ အလားအလာရှိနေတဲ့ လုပ်ငန်းမျိုး၊ အဲလုပ်ငန်းမှာလည်း ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေလည်း မလာတော့ဘူး။ အဲလိုဆိုလို့ရှိရင် ဒေသမှာရှိတဲ့ဝင်ငွေတွေ အများကြီး ဆုံးရှုံးမှုတွေရှိတယ်။

နောက် အခုကလေးတွေ ကျောင်းမတက်ရဘူးလို့လည်း ဖြစ်လာနေတယ်။ အဲဒီတော့ စစ်တိုက်နေတဲ့သူတွေ စစ်တိုက်တဲ့အရွယ်တွေ အသက် ၁၅၊ ၁၆ ကနေ ၃၀၊ ၃၅ အရွယ်ထိကလည်း စစ်တိုက်ကြတယ်။ ဆိုလိုတဲ့သဘောက သူတို့လည်း လယ်အလုပ်အပြင် တခြားအလုပ်တွေ မလုပ်နိုင်တော့ဘူး။ အဲဒီလူတွေက မိသားစုအတွက် ဝင်ငွေတွေရှာပေးရမယ့်အရွယ်မှာ စစ်သွားတိုက်နေရတော့ အဲဒီလူတွေ လုပ်အားမရှိတော့ မိသားစုတွေအတွက် ပိုပြီးတော့ ဝင်ငွေအခက်အခဲဖြစ်တယ်။ ဆင်းရဲမှုတွေပိုများလာတယ်။ အဲဒီ Generation က နောက်ဆုံး စစ်ပွဲတွေရပ်သွားပြီ ဆိုရင်တောင် မိုင်းထိ၊ လက်နက်ထိပြီး အကျိုးအကန်းတွေ ထောင်နဲ့ချီဖြစ်လာမယ်။

နောက်ပြီး ဒီလက်နက်ကိုင်ပဋိပက္ခဆိုတာက စိတ်ဝေဒနာတွေ အများကြီးပေးတယ်။ ပြီးသွားရင်တောင် စိတ်ဝေဒနာတွေ အများကြီးကျန်နေခဲ့တယ်။ ဒီလူတွေက လက်နက်မကိုင်တော့တဲ့ အချိန်မှာတောင် ဘဝကိုထူထောင်ဖို့ခက်သွားပြီ။ နောက်မျိုးဆက်မှာ ခံစားချက်တွေနဲ့ ဒါကြောင့် မျိုးဆက်တစ်ခု ပျက်သွားမယ်ဆိုတဲ့သဘော။

နောက်ပြီး အနာဂတ် Generation တက်လာမယ့် ကလေးတွေတောင် သူတို့ တကယ်အလုပ်လုပ်မယ့် အရွယ်ကို ရောက်လာမယ်ဆိုရင်တောင် ဥပမာ ရှိသင့်ရှိထိုက်တဲ့ ပညာအရည်အချင်း မရှိဘူး။ အဲဒီတော့ သူတို့ အလုပ်ကိုယ်စီဝင်တဲ့အခါမှာ သူများတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ခက်တယ်။ သဘောကတော့ ရခိုင်မှာ ဆင်းရဲတွင်းနက်တာ ဟုတ်တယ်။ ဒါပေမယ့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်တဲ့အတွက်ကြောင့် ဆင်းရဲတွင်းပိုနက်သွားပြီ။ နောက်လာမယ့် မျိုးဆက်အတွက်ပါ ခက်ခဲသွားစေတယ်။ အဲဒီအကျိုးဆက်က ပိုပြီးကြီးတယ်။ ဘယ်လောက်ထိလဲဆိုတာတော့ ပြောဖို့ခက်တယ်။ ဒါကြောင့် အခုမြင်နေရတာတော့ မျိုးဆက်အလိုက်ခံစားရမှာ၊ အဲဒီပြဿနာတွေက ဟိုတုန်းက ကရင်ပြည်နယ်မှာ အများကြီးကြုံခဲ့ရပြီ။ အခုရခိုင်မှာ ဒီလိုမျိုးမြင်လာရတော့ စိတ်မကောင်းပါဘူး။

ဗီဒီယိုများ