“ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်”

[ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အင်တာဗျူး - ဒုတိယပိုင်း]

By ရာဗီချန်ဒရာကူးမား 05 Jan 2022

[ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အင်တာဗျူး - ဒုတိယပိုင်း]

မေး - နောက်အကြောင်းအရာတစ်ခုကို ဆက်သွားကြရအောင်ပါ။ အေအေအနေနဲ့ ရိုဟင်ဂျာအရေးကို ဘယ်လိုစဉ်းစားထားပါသလဲ။

ဖြေ - ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ ပတ်သက်တဲ့မေးခွန်းကို စကားတစ်ခွန်းနှစ်ခွန်းနဲ့ ဖြေလို့ မရနိုင်ပါဘူး။ လွတ်လပ်တဲ့နိုင်ငံအနေနဲ့ ဖြေရှင်းရမယ်ဆိုရင်တောင် ဒီပြဿနာက ကြီးမားလွန်းတဲ့အတွက် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက်လည်း ဒါက ကြီးမားတဲ့ကိစ္စရပ်တစ်ခုပါ။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ဆိုတာ အချိန်တော့ယူရပါလိမ့်မယ်။ အထူးသဖြင့် ရိုဟင်ဂျာလူထုရဲ့ ‘ရိုဟင်ဂျာ’ အမှတ်လက္ခဏာနဲ့ ပတ်သက်ရင် နှစ်ဘက်လုံးအတွက် အငြင်းပွားစရာတွေ ရှိကြမယ်။ လူအုပ်စုတစ်ခုက သူတို့ကိုယ်သူတို့ ဘယ်လိုမျိုး ခေါ်ဝေါ်အသိအမှတ်ပြုကြသလဲ ဆိုတာဟာ လူ့အခွင့်အရေးရဲ့ အခြေခံကျတဲ့ မေးခွန်းတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့က လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အခြေခံကိစ္စရပ်တွေကို လေးစားလိုက်နာမှုရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသတစ်ခုတည်းမှာရှိတဲ့ အခြားသော မတူကွဲပြားတဲ့ လူအုပ်စုတွေရဲ့ အမြင်ကလည်း အရေးကြီးပါတယ်။ ‘ရိုဟင်ဂျာ’ အသုံးအနှုန်းကို ၁၉၅၀ လောက်အထိ များများစားစား မကြားခဲ့ရပါဘူး။ ဒီစကားလုံး ပေါ်လာတော့ သမိုင်းတွေလည်း ပြန်ပေါ်ထွက်လာပါတယ်။ အာရပ်တွေရဲ့သမိုင်းလည်း ပြန်ပေါ်ထွက်လာပါတယ်။ အဲဒီမှာ ရခိုင်တွေ စဉ်းစားမိတာက ငါတို့ဘိုးဘေးတွေရဲ့ သမိုင်းကရော ဘယ်လိုလဲ ဆိုတာပါပဲ။ ရခိုင်တွေအဖို့က ရခိုင်သမိုင်းကလွဲရင် ကျန်တာအကုန်လုံး ဗမာကျူးကျော်သူတွေဆီမှာ ဆုံးရှုံးခဲ့ရပြီလေ။ ဒါကြောင့်ပဲ ရခိုင်တွေလည်း ရခိုင်သမိုင်းကို ခိုင်ခိုင်မာမာ ကိုင်စွဲထားကြတာပေါ့။ ရခိုင်တွေက အမျိုးသားရေးစိတ် ပြင်းထန်ကြပါတယ်။ ဒါကြောင့်ပဲ အာရကန်မှာရှိတဲ့ အဓိကလူအုပ်စု နှစ်ခုအကြားမှာ အကွဲအပြဲကြီး ပေါ်ထွက်လာရတာပါ။ ဒါက နိုင်ငံရေးအခြေအနေတွေကြောင့် ဖြစ်ပေါ်ခဲ့တာပါ။ အေအေရဲ့ လက်ရှိရပ်တည်ချက်ကတော့ ကျွန်တော်တို့ဟာ ဗမာအုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အတူတကွရှိနေကြတယ်၊ ကျွန်တော်တို့အားလုံး အာရကန်ပြည်မှာ အတူတကွရှိချင်တယ် ဆိုတာပဲဖြစ်ပါတယ်။ ဒီပြဿနာဖြေရှင်းရေးမှာ ဘင်္ဂလားဒေ့ရှ်က အဓိကကျတဲ့နိုင်ငံအဖြစ် ရှိနေပါတယ်။

မေး - ရိုဟင်ဂျာအကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်တို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အဆက်အသွယ်ရှိပါသလား။

ဖြေ - ကျွန်တော်တို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါပြီ။ မျှော်လင့်ထားတဲ့တုံ့ပြန်မှုမျိုး မရခဲ့ဘူးလို့ ပြောရမှာပါ။ ကျွန်တော်ဆုံးဖြတ်ထားတာကတော့ ဒီအရေးကို ဘင်္ဂလားဒေ့ရှ်က မူဝါဒချမှတ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါ။ ကောင်းမွန်တဲ့တုံ့ပြန်မှုတစ်စုံတစ်ရာ ရရှိဖို့အတွက်ပဲ ကျွန်တော်တို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

မေး - တလောက မြန်မာဘက်က ပြည်လည်နေရာချထားရေး ဝန်ကြီး ရခိုင်ကို အလည်သွားတာ ကျွန်တော်တို့ မြင်လိုက်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့ မီဒီယာမှာ ဖော်ပြတာလည်း တွေ့လိုက်ပါတယ်။

ဖြေ - အခြေအနေက အပြောင်းအလဲမရှိသေးဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ဗမာစစ်တပ်က ဘယ်ကိစ္စမှာမှ တည်ငြိမ်အောင်မထိန်းနိုင်သေးဘူး။ သူတို့ရဲ့ သဘောထားတွေ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်။ သူတို့ကို ယုံရမလား။ ရိုဟင်ဂျာတွေ ပြန်ဝင်လာရေးဟာ ကြိုဆိုရမယ့်ကိစ္စရပ် တစ်ခုပါ။ ဒါပေမဲ့ အခုရှိထားတဲ့ အပစ်ရပ်အနေအထားက အချိန်မရွေး ပျက်ပြယ်သွားနိုင်တယ်။ တပ်မတော်ကိုယ်တိုင်ကလည်း သူတို့ စခန်းချထားတဲ့ နေရာတွေကနေ ပြန်မဆုတ်သေးဘူးလေ။

မေး - ဒါပေမဲ့ အာရကန်က လတ်တလောမှာ အတော်အသင့် အေးချမ်းနေပြီပဲ။

ဖြေ - ဗမာပြည်က တခြားနေရာတွေနဲ့ယှဉ်ရင် ရခိုင်မှာ အတော်အသင့် အေးချမ်းနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်း ဆက်လက်အေးချမ်းနေဦးမယ်လို့ အာမခံလို့မရနိုင်ဘူး။ တကယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြန်လာချင်တယ်ဆိုရင် လာကြပါစေ။ သူတို့ပြန်လာမှာကို ကျွန်တော်တို့ ကန့်ကွက်နေတာမဟုတ်ပါဘူး။ ကိုယ့်နေရာကိုကိုယ် ပြန်လာချင်တယ်ဆိုတာ သဘာဝကျပါတယ်။ တကယ်တမ်း ဒုက္ခသည်စခန်းတွေမှာလည်း သူတို့က အဆင်ပြေနေကြတာမှ မဟုတ်ဘဲကိုး။ ဒါပေမဲ့ သူတို့ပြန်ဝင်လာရင်ကော ဒီဘက်မှာ ဘာများထူးခြားတဲ့ အခြေအနေတစ်ခုခု ရနိုင်မှာလဲလို့ မေးစရာရှိတယ်။

မေး - ARSA နဲ့ RSO လို ရိုဟင်ဂျာအဖွဲ့အစည်းတွေအကြောင်း ကျွန်တော်တို့ ကြားရပါတယ်။ အေအေနဲ့ သူတို့အကြား ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

ဖြေ - ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း နိုင်ငံတော်တော်များများဆီမှာ ဖိအားပေးခံနေရပါတယ်။ ဘယ်သူမှတော့ အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် မလုပ်ချင်ကြပါဘူး။ ကျွန်တော်တို့တောင် အကြမ်းဖက်အဖွဲ့အစည်း စာရင်းသွင်းခံခဲ့ရသေးတယ်။ ယာယီအပစ်ရပ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ လပိုင်းကမှ ဗမာအစိုးရက ကျွန်တော်တို့ကို အကြမ်းဖက်စာရင်းက ပယ်ဖျက်ပေးလိုက်တာ။ ARSA ကို ကျွန်တော်တို့ ထောက်ပံ့ပေးနေသလား ဆိုပြီး အိန္ဒိယ၊ တရုတ် အကုန်လုံးက မေးကြတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို သူတို့ သတိပေးကြတယ်။ ကျွန်တော်ပြောချင်တာကတော့ မူဆလင်အုပ်စုတွေကို ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အဆင့်အများအပြားမှာ ထည့်သွင်းဖို့ ကြိုးစားတာတွေရှိပါတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့မှာဆိုရင် သူတို့ကို ထည့်သွင်းထားတယ်။ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဘက်မှာ ဆိုရင်လည်း ပုံစံတူဆောင်ရွက်ချက်တွေ ရှိတယ်။ အေအေဟာ မူဆလင်အများစုရှိကြတဲ့ ကျေးရွာတွေကိုလည်း သူ့ရဲ့အုပ်ချုပ်ရေးအောက်မှာ ထားဖို့ဆန္ဒရှိတဲ့အတွက် သူတို့လည်း ကျွန်တော်တို့ကို လိုအပ်ပါတယ်။ ဒါပေမဲ့ဗျာ ပြီးခဲ့တဲ့သီတင်းပတ်ကဆိုရင် ကျွန်တော်တို့ သင်တန်းပေးနေတဲ့ မူဆလင်တစ်ယောက်ဟာ လက်နက်တွေယူပြီး ARSA ဘက်ကို ဝင်ပြေးသွားတယ်။ ဒါမျိုးကျတော့ အဖွဲ့အစည်းထဲမှာ သူတို့အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေ ယိုင်နဲ့သွားစေတာပေါ့။

မေး - ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာ ဒုတိယမျိုးဆက် ပညာတတ်ရိုဟင်ဂျာလူငယ်တွေ အများအပြားရှိနေပါတယ်။ သူတို့တွေဟာ သွက်သွက်လက်လက်လည်း ရှိကြတယ်။ ဗိုလ်ချုပ်အနေနဲ့ သူတို့ကို စိတ်ဝင်စားပါသလား။

ဖြေ - အရမ်းကြီး စိတ်ဝင်စားတာမျိုးတော့ မရှိပါဘူး။ သူတို့ကို ခေါ်သွင်းဖို့ ကျွန်တော်တို့မှာ ပြင်ဆင်ထားတာမရှိဘူး။ သူတို့အနေနဲ့ ကျွန်တော်တို့ကို ကူညီချင်တယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ အတွေ့အကြုံအရ ဆိုရင်တော့ အနောက်နိုင်ငံရောက် ပညာတတ်တွေဟာ တကယ်မြေပြင်အခြေအနေကို နားလည်နိုင်စွမ်း တော်တော်နည်းပါတယ်။ လက်တွေ့ လုပ်ကိုင်နေရတဲ့ တော်လှန်ရေးသမားတွေနဲ့ သူတို့ရဲ့အမြင်တွေက ကွဲပြားပါတယ်။ အနောက်တိုင်း ပညာတတ်လူငယ်တွေက မေးခွန်းထုတ်ဖို့ပဲ သိကြတယ်။ တကယ်တမ်း မြေပြင်မှာ လက်တွေ့ဆောင်ရွက်ရတာတွေက တော်တော်လေး ကွဲပြားပါတယ်။

မေး - အေအေဟာ တရုတ်နဲ့ နားလည်မှုတစ်ရပ် ရထားတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ရိုဟင်ဂျာအရေးကို တရုတ်နဲ့ ဆွေးနွေးဖူးပါသလား။

ဖြေ - တရုတ်အရေးက တော်တော်ကြီးမားပါတယ်။ ကျွန်တော်တို့က ယူနန်နားမှာ ရှိနေတာလေ။ အဲဒီဘက်က လုံခြုံရေးအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ အဆက်အသွယ်ရှိပါတယ်။ ဒါပေမဲ့ မူဝါဒချမှတ်သူတွေနဲ့တော့ အဆက်အသွယ်မရှိဘူး။ တခါတလေတော့ သူတို့တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည်အရေး မေးမြန်းတာတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ် ထားရှိရမယ်ဆိုတာ အမှန်ပါပဲ။ ဒီကိစ္စက ကျွန်တော်တို့ ဦးစားပေးတွေထဲက တစ်ခုပါ။

မေး - ဘင်္ဂလားဒေ့ရှ်က သတင်းစာတစ်ချို့မှာ ဒီကလူတစ်ချို့ ချင်းပြည်နယ်ထဲကို ဝင်သွားတာရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီဒေသတွေမှာ အေအေနဲ့ ဆက်စပ်မှုတွေရှိပါသလား။

ဖြေ - အေအေက နယ်စပ်တစ်လျှောက်မှာ ရှိပါတယ်။ တစ်ဘက်က အခြေအနေကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူတို့နယ်စပ်မှာ ကျွန်တော်တို့ကို ဘယ်လိုမှ ရှိမနေစေချင်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန္ဒကို ကျွန်တော်ကို အလေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိချင်သလို ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကိုလည်း ကျွန်တော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှု အမှန်တွေကို အထူးပဲ သိစေလိုပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ကို နိုင်ငံရေး၊ စီးပွားရေး ဒါမှမဟုတ်လည်း နယ်ပယ်မျိုးစုံမှာ ဆက်ဆံရေး အတွေးအမြင်တွေ ပေးနိုင်ပါတယ်။


ရာဗီချန်ဒရာကူးမား မြန်မာလို ဆီလျော်အောင် ပြန်ရေးပါတယ်။

မူရင်း - ‘Interview: Arakan army chief Twan Mrat Naing’ by Altaf Parvez, Shafiqul Alam and Ashfaque Ronnie, PROTHOM ALO, Photo: AA Info Desk

မှတ်ချက် - Prothom Alo ပုံနှိပ်စာစောင်တွင် ဖော်ပြခဲ့သည့် အင်တာဗျူးအား Ayesha Kabir က အင်္ဂလိပ်ဘာသာဖြင့် ပြန်ရေးထားသည်ကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အင်တာဗျူးတွင် ဖော်ပြထားသော အသုံးအနှုန်းများသည် မူလဖော်ပြထားသည့် သတင်းဌာန၏ အသုံးများသာဖြစ်ပြီး DMG ၏အာဘော် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

ဗီဒီယိုများ