တော်လှန်ရေးခရီးတွင် ဘက်ပေါင်းစုံမှကူညီခဲ့သော ပြည်သူများကို AA တပ်ချုပ် ကျေးဇူးတင်စကားဆို

ရက္ခိုင့်တပ်တော် (AA) ၏ ၁၄ နှစ်တာ တော်လှန်ရေးခရီးစဉ်တွင် အဘက်ဘက်မှ ကူညီပေးခဲ့သည့် ရခိုင်ပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ယနေ့ကျရောက်သော AA မွေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

By Admin 10 Apr 2023

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ (ဓာတ်ပုံ - AA Info Desk)
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဧပြီ ၁၀

ရက္ခိုင့်တပ်တော် (AA) ၏ ၁၄ နှစ်တာ တော်လှန်ရေးခရီးစဉ်တွင် အဘက်ဘက်မှ ကူညီပေးခဲ့သည့် ရခိုင်ပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ယနေ့ကျရောက်သော AA မွေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နာကျင်မှုများကြုံရသည့်ကြားက ရဲရင့်စွာ ရပ်တည်နေသည့် ဒေသခံများနှင့် ပြည်တွင်း၊ ပြည်ပမှ တာဝန်ထမ်းဆောင်ပေးနေသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“တိုက်ပွဲသံ၊ ဗုံးလက်နက် အမြောက်ဆံတွေကြားက နာကျင်မှုမျက်ရည်တွေနဲ့ ရဲရင့်စွာရပ်တည်နေကြတဲ့ အာရက္ခပြည်သူတွေနဲ့ တော်လှန်ရေးကို ရောက်တဲ့နေရာက နိုင်တဲ့တာဝန်ကို ထမ်းဆောင်ပေးနေကြတဲ့ နိုင်ငံတကာနဲ့ အဝေးရောက် ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ ရပ်တည်မှုတွေကို အထူးကျေးဇူးဥပကာရ တင်ရှိပါတယ်” ဟု ဆိုသည်။

ယင်းအပြင် တော်လှန်ရေးကာလ တိုက်ပွဲများတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားသည့် ရဲဘော်ရဲဘက်များကိုလည်း လေးနက်စွာ အလေးထား ဂါဝရပြုအပ်ကြောင်း ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် အောင်မြင်လာခြင်းမှာ ရခိုင်ပြည်လူထုတစ်ရပ်လုံး၏ ထောက်ခံအားပေးမှုကြောင့်ဖြစ်ပြီး၊ ယင်းအပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်စကားပြောဆိုခြင်းကို အားရကျေနပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အမ်းဒေသခံ ကိုမျိုးလွင်က “ဒီနေ့ဆိုရင် ရက္ခိုင့်တပ်တော် AA တည်ထောင်တာဟာ ၁၄ နှစ်ပြည့်သွားပြီဖြစ်တယ်။ ရက္ခိုင့်တပ်တော် AA အောင်မြင်လာတာဟာ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုတွေ၊ အားပေးမှုတွေပါတဲ့အတွက် ဗိုလ်ချုပ်က ပြည်သူတွေကို ကျေးဇူးတင်စကား ပြောတာဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ပြည်သူတွေအနေနဲ့ အားရကျေနပ်ပါတယ်။ AA အနေနဲ့ လိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဆိုသည်။

၂၀၀၉ ခုနှစ်နောက်ပိုင်း လက်နက်အင်အား၊ လူအင်အား အခက်အခဲများစွာဖြင့် ရခိုင်ပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော ရက္ခိုင့်တပ်တော် (AA) သည် မြန်မာစစ်တပ်နှင့် ပြင်းထန်သော စစ်ပွဲများကို ကြံ့ကြံ့ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် ရခိုင်ပြည်အနှံ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့ကို စစ်ကောင်စီနှင့် စင်ပြိုင်လုပ်ဆောင်နေနိုင်ပြီ ဖြစ်သည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA) ထူထောင်ခြင်း (၁၄) နှစ်ပြည့်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်အဖွဲ့အသီးသီးမှ ဂုဏ်ပြုကြောင်း သဝဏ်လွှာများ ပေးပို့ထားကြသည်။

၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့ကို AA ဌာနချုပ်အပါအဝင် ရခိုင်ရှိ စစ်ဒေသနေရာများအပြင်  မလေးရှား၊ ထိုင်း၊ ဂျပန် စသည့် နိုင်ငံတို့တွင်လည်း ကျင်းပခဲ့သည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော်(AA) သည် လူသားချင်းစာနာမှုကို အခြေခံကာ ရခိုင်နှင့် ပလက်ဝဒေသတို့တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစပြီး မြန်မာစစ်တပ်နှင့် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲထားသည်။

#R007

ဗီဒီယိုများ