ရက္ခိုင့်တပ်တော်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် Asia Times အင်တာဗျူး - ပထမပိုင်း

“ကျွန်တော်တို့လိုလားတဲ့ မှန်ကန်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုမှာ မရနိုင်ဘူးဆိုရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့အတွက် ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ကြိုးစားသင့်တဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်”

By စောသန္တာအေး 19 Jan 2022

ဓာတ်ပုံ - AFP

“ကျွန်တော်တို့လိုလားတဲ့ မှန်ကန်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုမှာ မရနိုင်ဘူးဆိုရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့အတွက် ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ကြိုးစားသင့်တဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်”

အသက် ၄၃ နှစ်သာ ရှိသေးသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် မြန်မာနိုင်ငံ၌ အသက်အငယ်ဆုံးနှင့် အအောင်မြင်ဆုံး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဟု ဆိုရမည်။ သူဦးဆောင်သည့် ရက္ခိုင့်တပ်တော် (အေအေ) သည် ၂၀၀၉ ခုနှစ် ဧပြီလတွင် စတင်ထူထောင်ချိန်၌ တပ်သား လက်တစ်ဆုပ်စာသာ ရှိခဲ့ရာမှ ယခုအခါ စစ်ကြောင့်ကြေမွနေသည့် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံးနှင့် လုပ်ရည်ကိုင်ရည်အရှိဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်များအနက် တစ်ခု ဖြစ်လာခဲ့သည်။

အေအေသည် ၂၀၁၂ ခုနှစ်တွင် ကချင်ပြည်နယ်မြောက်ပိုင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့်အတူ ရင်ဘောင်တန်းပြီး မြန်မာစစ်တပ်ကို ပထမဆုံး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည်။ နောက်ပိုင်းတွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း၌ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့ပြီးနောက် ၎င်း၏ မိခင်နယ်မြေဖြစ်သလို အာရကန်ဟုလည်း သိကြသည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်။ ရခိုင်၌ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် အေအေသို့ ဝင်ရောက်လျက်ရှိသည်။

မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူလိုက်သည့်အတွက် ဒီမိုကရေစီ ရပ်ဆိုင်းသွားသည့် အချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် မငြိမ်သက်မှုနှင့် အကြမ်းဖက်မှုများဖြင့် ဆူပွက်လျက်ရှိသည်။ ရခိုင်တွင်မူ ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် ရရှိခဲ့သည့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကြောင့် ထိုကဲ့သို့သော ဖြစ်စဉ်များကို မမြင်တွေ့ရပေ။ ဤအနေအထားနှင့်အတူ အေအေနှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း ULA သည် ရခိုင်ရှိ နေရာအများစု၊ အထူးသဖြင့် ရခိုင်မြောက်ပိုင်းတွင် စင်ပြိုင်အုပ်ချုပ်ရေးတစ်ရပ်ကို တဖြည်းဖြည်းတည်ဆောက်ကာ ယခုအခါ ထိထိရောက်ရောက် လည်ပတ်နေပြီဖြစ်သည်။

သို့သော် အေအေသည် မြန်မာစစ်တပ်ကို လက်ရှိတော်လှန်နေသော အဖွဲ့အများစု ပါဝင်သည့် စစ်ရေးမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ညီနောင်မဟာမိတ်အဖွဲ့ (Brotherhood Alliance)၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance) နှင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တို့တွင် အဖွဲ့ဝင်အဖြစ် ရှိနေပြီး အေအေ၏ တိုက်ခိုက်ရေးအင်အားသည် အားကောင်းမောင်းသန် ရှိနေဆဲဖြစ်သည်။ အေအေသာ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုများ ပြန်လည်စတင်လာမည်ဆိုပါက တပ်မတော်သည် မနိုင်မနင်းအနေအထားဖြင့် တိုက်ပွဲဝင်ရနိုင်ခြေ ရှိသည်ဟု အချို့က ယုံကြည်ကြသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာသတင်းဌာန Asia Times (အေးရှားတိုင်းမ်) နှင့် မကြာသေးမီက တွေ့ဆုံပြီး Asia Times ၏ အကြီးတန်းသတင်းသမား ဘာတေးလင့်တနာအား အေအေ၏ အနာဂတ်နှင့် အရှိန်မြင့်နေသည့် မြန်မာ့ပြည်တွင်းစစ်၏ အလားအလာများကို ဖြေကြားပေးထားပါသည်။

အေးရှားတိုင်းမ် - ရခိုင်ကအခြေအနေကတော့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး သိပ်မကြာခင် မြန်မာစစ်တပ်နဲ့ ခင်ဗျားတို့အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးနောက်မှာ အသင့်အတင့် တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ မြန်မာပြည်ထဲက ကျန်တဲ့နေရာတွေမှာ ဗြောင်းဆန်နေတာဆိုတော့ ဒီငြိမ်းချမ်းရေးဟာ ဘယ်အထိတာရှည်ခံမယ်လို့ မျှော်လင့်ထားပါသလဲ။

ထွန်းမြတ်နိုင် - အလွတ်သဘော အပစ်အခတ်ရပ်စဲရေးက သိပ်တော့လည်း တည်ငြိမ်နေတာ မဟုတ်ပါဘူး။ အချင်းချင်းက မတည့်ကြဘူးဆိုတော့လေ။ ဒီအပစ်ရပ်အနေအထားက ဘယ်လောက်တာရှည်ခံမယ်ဆိုတာ မသေချာဘူး။ ဒါပေမဲ့ အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး အဓိပ္ပာယ်ရှိတဲ့ အပစ်ရပ်စဲရေးတစ်ရပ် ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။

SAC (နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ) ဟာ တခြားနေရာတွေမှာ ကြုံရာကျပန်း အနေအထားနဲ့ တိုက်ပွဲတွေ ရင်ဆိုင်နေတယ်။ ကျွန်တော်တို့က တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ ပြည်သူ့လုံခြုံရေး ကဏ္ဍတွေနဲ့ တစ်ခြား အုပ်ချုပ်ရေးအင်စတီကျူးရှင်းတွေပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ရပ် ထူထောင်နေတာကို သူတို့တွေ မကျေမနပ်ဖြစ်နေတာ ကျွန်တော်တို့ သိပါတယ်။

အေးရှားတိုင်းမ် - မြန်မာနိုင်ငံထဲက အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ခင်ဗျားတို့အကြား ဆက်ဆံရေးအနေအထားက ဘယ်လိုရှိပါသလဲ။ ခင်ဗျားတို့ရဲ့ မဟာမိတ်အဖွဲ့တွေတင် မဟုတ်ဘဲ KNU ၊ KNPP နဲ့ ကရင်နီတပ်ဖွဲ့၊ ပြီးတော့ ခင်ဗျားတို့ရှိနေတဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်မဟုတ်တဲ့ RCSS တိုနဲ့ရောပေါ့။

ထွန်းမြတ်နိုင် - ရက္ခိုင့်တပ်တော်ဟာ ညီနောင်မဟာမိတ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ရဲ့ စစ်ဆင်ရေးတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသလို FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ KNU ၊ KNPP တို့အပြင် တစ်ခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။

အေးရှားတိုင်းမ် - ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ SAC ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ခင်ဗျားရဲ့ ခြုံငုံသုံးသပ်ချက်က ဘယ်လိုရှိပါသလဲ။ ဆွေးနွေးမှုတွေ ရှိလာနိုင်သလား၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကသာ ရှေ့ဆက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းလား။

ထွန်းမြတ်နိုင် - SAC ရဲ့ ကျန်းမာရေးစနစ်က ပြိုလဲနေပြီ။ နိုင်ငံက စီးပွားရေးဘက်မှာ ချွတ်ခြုံကျနေသလို နိုင်ငံရေးဘက်မှာလည်း အကြောဆွဲနေတယ်။ SAC ဟာ သံသယလွန်ကဲနေပြီး သံတမန်အသိုင်းအဝိုင်းမှာလည်း ခါတိုင်းထက်ပို အပယ်ခံဖြစ်လာနေတယ်။ ပြီးတော့ သူ့ရဲ့စစ်တပ်ကလည်း ရှေ့တန်းစစ်မျက်နှာ တော်တော်များများမှာ မနိုင်မနင်းဖြစ်နေတယ်။ စစ်အစိုးရဟာ မုန်တိုင်းအလယ်မှာရောက်နေပြီး လုံးဝ အမှားမခံနိုင်တဲ့ အနေအထားမှာရှိတယ်။

အတွင်းပိုင်း အကွဲအပြဲတွေနဲ့ အာဏာဖီဆန်မှုတွေကြောင့် သူတို့ရဲ့ အမိန့်ပေးစနစ်နဲ့ စည်းလုံးညီညွတ်မှု ပျက်စီးသွားပြီဆိုတာနဲ့ အကုန်လုံး အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ စစ်အင်အားနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုတော့ ကျွန်တော်တို့ လျှော့တွက်လို့မရဘူး။ သူတို့က အာဏာတည်မြဲဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတာကို သူတို့ကိုယ်တိုင် ရက်စက်ကြမ်းကြုတ်မှုနဲ့ သက်သေပြထားပြီ။

ကျွန်တော့်အမြင်အရတော့ လက်ရှိအနေအထားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်လာနိုင်ခြေ မရှိသလောက်ပါပဲ။ အခုလိုမုန်းတီးမှုတွေ ရှိနေတဲ့အခြေအနေမှာ ငြိမ်းချမ်းရေးစကားဝိုင်းတွေဟာ စစ်မှန်တဲ့ ညှိနှိုင်းဆွေးနွေးမှုထက် နိုင်ငံရေးလေလုံးထွားတဲ့ အဆင့်ပဲ ရှိပါလိမ့်မယ်။

အေးရှားတိုင်းမ် - မြန်မာ့နိုင်ငံရေးထဲက NLD ရဲ့ အခန်းကဏ္ဍနဲ့ ဒေသတွင်းနိုင်ငံရေးထဲက ရခိုင်က အဓိကအင်အားကြီး ANP ပါတီတို့အပေါ် ဘယ်လိုမြင်ပါသလဲ။

ထွန်းမြတ်နိုင် - NLD က ရှေ့ [၂၀၂၀] ရွေးကောက်ပွဲမှာ မဲအများစုရပြီး အကြီးအကျယ် အနိုင်ရခဲ့တယ်ဆိုပေမယ့် သိပ်တော့အခြေအနေ ကောင်းနေတာမျိုးမဟုတ်ဘူး။ အိုမင်းပြီး တိုးတက်မှုမရှိတဲ့ ခေါင်းဆောင်မှုကြောင့် NLD အနာဂတ်ဟာ အားရစရာ သိပ်မရှိသလို လူထုရဲ့မျှော်လင့်ချက်တွေနဲ့လည်း မကိုက်ညီဘူး။ NLD မှာ ခေါင်းဆောင်မှုအသစ် လိုတယ်။ ဒါမှမဟုတ်လည်း မြန်မာလူထုရဲ့အကျိုးအတွက် စွမ်းရည်ပြည့်ဝတဲ့ နိုင်ငံရေးအင်အားစု အသစ်တစ်ခုက လက်ရှိ နိုင်ငံရေးလစ်ဟာမှုမှာ ဝင်ရောက်နေရာယူသင့်တယ်။

ANP ကတော့ SAC ကတိပေးထားသလို ၂၀၂၃ မှာ ရွေးကောက်ပွဲ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပါတီက ဆက်ရှိနေဦးမယ် ထင်ပါတယ်။ [မြန်မာ့] နိုင်ငံရေးအနာဂတ်က ဆိုးရွားပြီး ခန့်မှန်းရလည်းခက်ပါတယ်။ ANP အတွက် ဖြစ်နိုင်ခြေ နောက်တစ်မျိုးက လာမယ့်နှစ်တွေမှာသာ ရွေးကောက်ပွဲတွေ မရှိတော့ဘူးဆိုရင် ANP ဟာ အခြားအင်အားစုတွေ၊ တစ်သီးပုဂ္ဂလတွေနဲ့အတူ ULA နဲ့ ပူးပေါင်းလာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

အေးရှားတိုင်းမ် - ခင်ဗျားရဲ့ နောက်ဆုံးပန်းတိုင်က အာရကန် (ရခိုင်) လွတ်မြောက်ရေးလား၊ ဖက်ဒရယ်ပြည်ထောင်စုထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်လား။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဘယ်လိုဖွဲ့စည်းပုံမျိုးကို စိတ်ကူးထားပါသလဲ။

ထွန်းမြတ်နိုင် - ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ အချုပ်အခြာအာဏာဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရခိုင်လူထု တောင့်တနေတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံမျိုးအတွက် နိုင်ငံရေးနေရာ ရှိ မရှိဆိုတာ ကြည့်ရဦးမှာပါ။

ကျွန်တော်တို့အနေနဲ့ ကိုယ့် [တိုင်းရင်းသား] ညီအစ်ကို မောင်နှမတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ ပိုနှစ်သက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုလားတဲ့ မှန်ကန်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုမှာ မရနိုင်ဘူးဆိုရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့အတွက် ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ကြိုးစားသင့်တဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။

စောသန္တာအေး
(Asia Times တွင်ဖော်ပြထားသည့် ‘Rebel yell: Arakan Army leader speaks to Asia Times’ By BERTIL LINTNER ကို ဘာသာပြန်ဆိုပါသည်။)

ဗီဒီယိုများ