ရခိုင်တေးသံရှင် ရီလှိုင်းပြာနှင့် တွေ့ဆုံမေးမြန်းခြင်း

ကျွန်မရဲ့ခံယူချက်က ကျွန်မတို့ဟာ ပရိသတ်တွေ လက်ခံမှသာလျှင် အနုပညာအလုပ်ကို လုပ်ရမယ်။ ကျွန်မကို ပရိသတ်တွေ လက်မခံဘူးဆိုရင် ဒီနေ့ပဲ အနုပညာလောကထဲကနေ ထွက်သွားမှာပါ။

By သက်နိုင် 10 Mar 2019

Miss Universe Sittwe 2017 ပြိုင်ပွဲတွင် ပရိသတ်များအား သီဆိုဖျော်ဖြေနေသည့် တေးသံရှင် ရီလှိုင်းပြာ / ဓာတ်ပုံ - ချမ်းအေး

ရခိုင်အမျိုးသမီးတေးသံရှင် ရီလှိုင်းပြာရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ ဂီတလောကထဲ ဝင်လာဖြစ်ပုံ၊ ဂီတအပေါ် ခံယူချက်တွေ၊ လက်ရှိ ရခိုင်ဂီတလောက အခြေအနေနဲ့ ပတ်သက်ပြီးတော့ DMG သတင်းထောက် သက်နိုင် သွားရောက်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး - အနုပညာလောကထဲကို ဘယ်အချိန်လောက်က စပြီးဝင်လာခဲ့တာလဲ။

ဖြေ - စစပြီး ဝင်လာတုန်းကဆိုရင် ၃ တန်းလောက်ကစပြီးဝင်လာတာပါ။ ၈ တန်းလောက်ရောက်တဲ့အခါ ဆရာတော်တစ်ပါးရဲ့ အစီအစဉ်နဲ့ ဓမ္မတေးတစ်ပုဒ်နှစ်ပုဒ် ဆိုပါသေးတယ်။ ပြီးတော့မှ ဦးလေး ဦးမောင်သိန်း Live Show ကို စတင်ပြီး ဆိုပါတယ်။ ခုနှစ်ကိုတော့ သေချာမမှတ်မိတော့ဘူး။

မေး - ပရိသတ်တွေက အမကို ဘယ်အချိန်ကစပြီး သိလာတယ်လို့ ထင်လဲ။

ဖြေ - ဦးလေး ဦးမောင်သိန်း Live Show ခွေကနေ စပြီး သိလာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီ Live Show လုပ်ပြီးမှ ဦးလေးဦးမောင်သိန်း ကိုယ်တိုင်ရေးထားတဲ့ “အိပ်မက်ထဲကချစ်ပုံပြင်” သီချင်းကို ဆိုပြီးတဲ့နောက်ပိုင်းကစပြီး နယ်ဘက်တွေကိုလိုက်ပြီး သီချင်းဆိုတယ်။ အဲ့ဒီသီချင်းကို စပြီးသီဆိုခါကဆိုရင် မဦးခင်သိန်း နာမည်နဲ့သီချင်းဆိုတာပါ။ အဲ့ဒီအချိန်ကဆိုရင် အနုပညာနာမည် မပြောင်းရသေးဘူး။

မေး - အနုပညာ မျိုးရိုးရှိလား။

ဖြေ - ရှိပါတယ်။ အနုပညာမျိုးရိုး ဆိုရင် အဖေပါ။ အဖေက မယ်ဒလင်တို့ ဗုံတို့ အတီးတွေဆိုရင်လည်း ဘက်စုံရပါတယ်။ သီချင်းတွေလည်း ရေးတယ်။ ဆိုလည်းဆိုပါတယ်။ အတီးတွေဆိုရင်လည်း ဘက်စုံရပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဂီတမှူးလုပ်ပြီး တပည့်သားသမီးတွေနဲ့ ပွဲတွေကိုလိုက်ပြီး တီးလည်းတီးတယ် ဆိုလည်းဆိုပါတယ်။

မေး - သီချင်းတွေ မထွက်တာလည်း နည်းနည်းကြာသွားပြီဆိုတော့ အခုလက်ရှိ အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလှုပ်ရှားနေလဲ။

ဖြေ - သီချင်းမထွက်ဖြစ်တာဆိုရင် အမရဲ့ ကလေးက ငယ်သေးလို့ဖြစ်တယ်။ ကလေးမွေးနေတဲ့ ကာလတွေမှာ သီချင်းတွေမဆိုဘဲ တစ်နှစ်၊ နှစ်နှစ်လောက် နားပစ်တယ်။ အခုလက်ရှိမှာတော့ Four Ladies ဆိုတဲ့ သီချင်းခွေကို ထုတ်မယ်ဆိုပြီး လုပ်နေပါတယ်။ နောက်ပြီးရင် စုံတွဲသီချင်းခွေတွေမှာလည်း ဆိုဖို့အတွက် လုပ်နေပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရခိုင့်သံယံဇာတ သီချင်းခွေမှာလည်း ဆိုဦးမှာပါ။ အမသီချင်းတွေပါတဲ့ အခွေတွေထွက်မှာ အများကြီးရှိပါတယ်။

မေး - Four Ladies ခွေအကြောင်းကို ပရိသတ်တွေသိအောင် နည်းနည်းမိတ်ဆက်ပေးပါလား။

ဖြေ - မဝတီစိုးမိုး၊ မစောနှင်းနွယ်၊ မငြိမ်းစန္ဒာရယ်၊ အမရယ်၊ လေးယောက်ပေါင်းပြီး Four Ladies ဆိုပြီး ထုတ်မှာပါ။ သီချင်းက ဆယ့်လေးပုဒ်ပါဝင်ပါတယ်။ တစ်ယောက်စီ ၃ ပုဒ်ကျလောက်ပေါ့။

မေး - လက်ရှိမှာ သီချင်းဘယ်နှပုဒ်လောက် ဆိုပြီးသွားပြီလဲ။ တကိုယ်တော်စီးရီးခွေကော လုပ်ဖို့ရှိလား။

ဖြေ - သီချင်းအပုဒ် ဘယ်လောက်လဲဆိုတာကိုတော့ မမှတ်မိတော့ဘူး။ ၂၀ ကျော် ၃၀ လောက်ရှိမယ်ထင်တယ်။ တစ်ကိုယ်တော် စီးရီးခွေလည်း လုပ်မယ်ဆိုပြီး စီစဉ်နေပါတယ်။ လက်ရှိမှာ Four Lady ခွေနဲ့တိုက်ဆိုင်နေလို့ တစ်ကိုယ်တော်စီးရီးကို နည်းနည်း နောက်ဆုတ်ထားတာပါ။

မေး - သီချင်းဆိုတဲ့အခါမှာ ဘယ်လိုသီချင်းမျိုးတွေကို ပိုပြီးအားသန်လဲ။

ဖြေ - လောလောဆယ်မှာတော့ ပေါ့ပ်သီချင်းတွေ အများဆုံးဆိုဖြစ်တယ်။ ပေါ့ပ်က ပရိတ်သတ်တွေကိုလည်း နားဝင်ချိုစေတယ်လေ။ ရော့ခ်ကြမ်းကြမ်းလေးတွေ Country အမျိုးအစားတွေကိုလည်း ကြိုက်တယ်။ ဆိုဖြစ်တာကတော့ ပေါ့ပ်နဲ့ရော့ခ်သီချင်းတွေကို အများဆုံးဆိုဖြစ်ပါတယ်။ စင်ပေါ်မှာဆိုရင်တော့ ရော့ခ်သီချင်းတွေကို ပိုလို့ အားသာပြီးဆိုဖြစ်တယ်။

မေး - ဆိုခဲ့တဲ့သီချင်းတွေထဲမှာ ကိုယ်တိုင်ရေး သီချင်းတွေကော ရှိလား။

ဖြေ - သီချင်းတွေတော့ ရေးဖြစ်တာတွေရှိတယ်။ ကိုယ်တိုင်တော့ မဆိုဖြစ်သေးဘူး။ တစ်ကိုယ်တော်သီချင်းခွေမှာတော့ ထည့်မယ်ဆိုပြီးစဉ်းစားနေတယ်။ ရေးထားတဲ့သီချင်းတွေကို ပရိတ်သတ်တွေကို မချပြရဲသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကြိုးစားရဦးမယ်လို့ထင်မိလို့ပါ။

မေး - ကိုယ်ဆိုခဲ့တဲ့ သီချင်းတွေအပေါ်မှာရော အားရကျေနပ်မှုရှိလား။

ဖြေ - ကျေနပ်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမက သီချင်းရွေးတာ နည်းနည်းဂျီးများတယ်။ ကိုယ့်အသံကာလာနဲ့ မလိုက်ဖက်တဲ့ သီချင်းတွေ၊ ဆိုရတာ သိပ်အဆင်မပြေတဲ့ သီချင်းတွေဆိုရင် မဆိုဖြစ်ဘူး။ ဘယ်လိုဖြစ်လို့လဲဆိုရင် ကိုယ်နဲ့လိုက်ဖက်မှ ဆိုရတာလည်း အဆင်တပြေဖြစ်ပြီး ပရိတ်သတ်တွေကို ရသတစ်ခု ပေးနိုင်မှာလေ။

"ကျွန်မရဲ့ခံယူချက်က ကျွန်မတို့ဟာ ပရိသတ်တွေ လက်ခံမှသာလျှင် အနုပညာအလုပ်ကို လုပ်ရမယ်။ ကျွန်မကို ပရိသတ်တွေ လက်မခံဘူးဆိုရင် ဒီနေ့ပဲ အနုပညာလောကထဲကနေ ထွက်သွားမှာပါ။ အခုက ပရိသတ်လက်မခံရင်လည်း သီချင်းလေးတစ်ပုဒ်လောက်ဆိုပြီး အဆိုတော်လုပ်ချင်တဲ့သူတွေ များနေတယ်..."

မေး - လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပမ်းစားခဲ့တဲ့ “လွမ်းနိန်မေ” သီချင်းကို ဘယ်လိုဆိုဖြစ်ခဲ့တာလဲ။

ဖြေ - အဲ့ဒီသီချင်းကတော့ မှတ်မှတ်ရရဖြစ်မိပါတယ်။ မျိူးဆက်သစ်တွေနဲ့သီချင်းခွေလုပ်မယ်ဆိုပြီးတော့ စုပြီးတဲ့အခါ တေးရေးဆရာ မင်းညီ(ဦးရာဇ်မြီ)ဆီက သီချင်းတောင်းကြတာပေါ့။ သူ့ဆီကလည်း လေးငါးပုဒ်လောက် ပေးပါတယ်။ ယောက်ျားလေးတွေကလည်း ရွေးကြတာပေါ့။ နောက်ဆုံးမှာ အဲ့ဒီသီချင်းတစ်ပုဒ်ပဲ ကျန်တယ်။ ကလေးတွေက အမဆိုလိုက်ပါလား အမနဲ့လိုက်ပါတယ်ဆိုလို့ ဆိုဖြစ်သွားတာ။ စိတ်ထဲမှာတော့ အဲ့ဒီသီချင်းကို သိပ်မကြိုက်ဘူး။ မကြိုက်ဆိုတာကတော့ ယောကျ်ားတွေအတွက် ရေးထားတာလားမသိဘူးလို့ထင်တယ်။ အဲ့ဒီသီချင်းကို သီဆိုတဲ့ အခါမှာလည်း သီချင်းစာရွက်ကိုကြည့်ပြီး အသံသွင်းလိုက်တာ၊ အမှန်ပြောရရင် ခံစားချက်လည်းမပါဘူး။ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျသွားတာကတော့ ဝမ်းသာရမှာပေါ့နော်။

မေး - ရခိုင်သီချင်းတွေအပြင် တခြားသီချင်းတွေရော ဆိုဖို့စိတ်ကူးရှိလား။

ဖြေ - အခွင့်အရေးကြုံရင်တော့ ဗမာသီချင်းတွေ ထုတ်မယ်လို့မှတ်ထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မိန်းကလေး ရခိုင်အဆိုတော်လည်း နည်းပါတယ်။ အဲ့ဒီလိုတော့ အခွင့်အရေးရရင် ချပြချင်ပါတယ်။

မေး - ရခိုင်ဂီတလောက တိုးတက်လာဖို့အတွက် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မလဲ။ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်လို့ မြင်လား။

ဖြေ - အစိုးရကလည်း နည်းနည်းထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူလူထုတွေကလည်း ဝိုင်းရံပေးဖို့လိုပါတယ်။ အဆိုသင်တန်း၊ ဂီတသင်တန်းတွေလည်း ဖွင့်ဖို့လိုမယ်။ အကယ်၍ မဖွင့်နိုင်ခဲ့ဘူးဆိုရင်လည်း မျိုးဆက်သစ်လူငယ်လေးတွေက ဥပမာ သူတို့လေးစားတဲ့သူတွေဆီမှာ ဒါကိုဘယ်လိုလုပ်ရမလဲ၊ ဒီဟာကို ဘယ်လိုဖက်ရမလဲ မေးမြန်းရမယ်။ ကိုယ်တွေကလည်း ကိုယ်တတ်ထားမှတ်ထားတာတွေ ပြောပြရပါမယ်။ ကိုယ်တို့တွေမှာလည်း သင်ယူစရာတွေ အများကြီးရှိပါသေးတယ်။ အဲဒီလို မျှပြီးလုပ်ရမယ်လို့ထင်တယ်။

မေး - ရခိုင်မှာ ခိုးကူးခွေတွေက အဆိုတော်တွေအပေါ် ဘယ်လောက်ထိ ရိုက်ခက်မှုရှိနေပြီလဲ။ ခိုးကူးသူတွကိုရော ဘာပြောချင်လဲ။

ဖြေ - အမှန်ဆိုရင် ခိုးကူးတာတွေတော့ မကောင်းဘူး။ ခိုးကူးခွေတွေကြောင့် အဆိုတော်တိုင်းလိုလို ခံစားကြရပါတယ်။ အမဆိုရင် မြို့တစ်မြို့ကို အခွေတစ်ရာပေးလိုက်တယ်။ ဆယ်ခွေလောက်ပဲရောင်းရတယ်။ ကျန်တဲ့ ကိုးဆယ်လောက်က ပြန်လို့ရောက်လာတယ်။ ဒါပေမဲ့ အဲဒီမြို့မှာ အဲဒီသီချင်းတွေက ပေါက်နေတယ်။ ကိုယ်တို့က ခံစားရပါတယ်၊ စိတ်ထဲမှာလည်းမကောင်းဘူး။ တဖက်ကကြည့်ရင်လည်း သူများတွေလို ပိုက်ဆံ ၁၅၀၀ ၊ ၂၀၀၀ နဲ့ မဝယ်နိုင်တဲ့ ပရိသတ်တွေလည်း ရှိတာပေါ့။ မာစတာခွေဆိုရင် တစ်ခွေကို ၁၅၀၀၊ ၂၀၀၀ တောင်ကျတာ၊ ခိုးကူးခွေက ၃ ခွေမှ ၁၀၀၀ ကျတာလေ အဲ့လိုဆိုပြီး တချို့ပရိသတ်တွေက ဝယ်ကြတာပေါ့။ စဉ်းစားကြည့်ရင်တော့ “အော် ငါတို့ကို အားပေးတာပါလား” ဆိုပြီး ခွင့်လွှတ်လို့ရတယ်။ နောက်တစ်ဖက်ကကြည့်ရင်လည်း ပိုက်ဆံ သိန်း ၅၀ လောက် အကုန်ခံပြီး ရခိုင်ပြည်သေးသေးလေးထဲမှာ ဖြန့်ရတာဆိုတော့ အဆင်မပြေဘူးပေါ့။

မေး - ခိုးကူးခွေ ပပျောက်ဖို့အတွက် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မယ်လို့ထင်လဲ။

ဖြေ - ပရိသတ်တွေကို ပြောချင်တာတစ်ခုရှိတယ်။ အဲဒါက တကယ့်တကယ် အမှန်အကန်လုပ်နေတဲ့ အနုပညာသမားတွေကို ပရိပ်သတ်တွေကလည်း အားပေးကြပါတယ်။ ဒါပေမဲ့ ပြဿနာက ၁၅၀၀ နဲ့လည်း ဝယ်ရတယ်။ အရည်အသွေးလည်း နိမ့်၊ တေးရေးတေးသားတွေလည်း မကောင်း၊ ကြည့်ရတာလည်း အဆင်မပြေ၊ ပရိသတ်တွေနားထဲမှာ မစွဲတဲ့ အခွေတွေက ရှေ့ကသွားလိုက်တဲ့အခါ ပရိသတ်တွေကလည်း သူတို့တွေဘက်က ခံစားချက်ကို စဉ်းစားကြည့်လေ။ တစ်ခွေလာရင်လည်း ၁၅၀၀ ရာနဲ့ဝယ်ရ၊ ပြီးရင် နားထောင်လို့လည်း အဆင်မပြေဆိုရင် နောက် မဝယ်ချင်တော့ဘူးလေ။ ဆိုတော့ အနုပညာကို တကယ်ကြိုးစားသူတွေ၊ အရည်အသွေးကောင်းတဲ့ ခွေတွေကို သွားရောင်းတဲ့အချိန်တွေမှာ မဝယ်ချင်ကြတော့ဘူး။ ၁၅၀၀ ဆိုရင် ဈေးကြီးတယ်၊ ၅၀၀နဲ့လည်းရတယ် ၃၀၀ နဲ့လည်းရတယ်။ အဲလိုဖြစ်သွားကြတယ်။ အဲဒီပြဿနာလေးတစ်ခု ရှိနေတော့ ခိုးကူးခွေဝယ်သွားတဲ့ လူတွေကိုလည်း အားပေးတယ်မလားဆိုပြီး စိတ်က ရင်နာနာနဲ့ ဖြေသိမ့်နေရတယ်။

မေး - ဆိုလိုတာက ရခိုင့်ဂီတလောကထဲကို အရည်အချင်းမပြည့်ဝသေးဘဲ ဝင်လာတဲ့သူတွေများနေတယ်၊ အဲလိုသဘောမျိုးလား။

ဖြေ - ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု ဒီမေးခွန်းကိုဖြေလိုက်လို့ ပရိတ်သတ်တွေ၊ ကိုယ့်အနုပညာလောကထဲကလူတွေ မုန်းရင်လည်း မတက်နိုင်တော့ဘူး။ ကျွန်မရဲ့ခံယူချက်က ကျွန်မတို့ဟာ ပရိသတ်တွေ လက်ခံမှသာလျှင် အနုပညာအလုပ်ကို လုပ်ရမယ်။ ကျွန်မကို ပရိသတ်တွေ လက်မခံဘူးဆိုရင် ဒီနေ့ပဲ အနုပညာလောကထဲကနေ ထွက်သွားမှာပါ။ အခုက ပရိသတ်လက်မခံရင်လည်း သီချင်းလေးတစ်ပုဒ်လောက်ဆိုပြီး အဆိုတော်လုပ်ချင်တဲ့သူတွေ များနေတယ်။ အောက်ကပရိသတ်တွေ လက်ခုတ်မတီးသေးဘဲ ကိုယ်ကအဆိုတော်ဖြစ်ချင်တယ်ဆိုလို့မရဘူးလေ။ အနုပညာလုပ်သူအချင်းချင်း လေးစားမှုရှိရမယ်။ ကိုယ်က မသိနားမလည်ဘူးဆိုရင် ကိုယ့်ထက်သိတဲ့သူတွေ၊ ကိုယ့်ထက်တတ်တဲ့သူတွေဆီကနေ သင်ယူပြီးမှ စီးရီးခွေတွေ ထုတ်စေချင်တယ်။

မေး - အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဘယ်လိုခံယူထားလဲ။

ဖြေ - အခု လုပ်သမျှအလုပ်တွေထဲမှာ အနုပညာကို အချစ်ဆုံးပါပဲ။ အသက် မသေသေးသမျှတော့ အနုပညာအလုပ်ကိုပဲ လုပ်သွားမယ်။ အခွင့်ကြုံရင်ကြုံသလို လုပ်သွားမယ်။ အနုပညာကိုတော့ ဘယ်တော့မှ စိတ်မပျက်ဘူး။ အနုပညာဗီဇက မိဘတွေပေးတဲ့ ဒီခန္ဓာကိုယ်၊ အသွေးအသားတွေထဲမှာ ရှင်သန်စီးဆင်းနေတယ်။

မေး - အနုပညာအပြင် တခြားဘာတွေကို စိတ်ဝင်စာသေးလဲ။

ဖြေ - ကလေးဘဝတုန်းကဆိုရင် အားကစားအကုန်လုံးကို ဝါသနာပါတယ်။ အခုနောက်ပိုင်းဆိုရင် နည်းနည်းစဉ်းစားလာတယ်။ ဒီအလုပ်တွေက အဆင်မပြေဘူးလေ။ အားမှပဲ ကစားဖြစ်တော့တယ်။ အခုနောက်ပိုင်း အနုပညာဈေးကွက်တွေ ကျဆင်းသွားတဲ့အခါ စီးပွားရေးတစ်ခုလုပ်မယ်ဆိုတဲ့အခါ ဘာကိုလုပ်မလဲဆိုရင် လက်မှုပညာတစ်ခုကို သင်ထားတယ်။ စက်နည်းနည်းပါးပါးချုပ်တယ်။ ဒီဇိုင်နာသင်တန်းတွေလည်း တက်ထားတယ်။

မေး - နောက်ဆုံးအနေနဲ့ အားပေးနေတဲ့ပရိသတ်တွေကို ဘာတွေပြောချင်လဲ။

ဖြေ - ကျွန်မကို ရခိုင်အနုပညာလောကမှာ ရီလှိုင်းပြာ ဆိုပြီး နာမည်တစ်လုံးဖြစ်တည်လာအောင် အားပေးခဲ့ကြတဲ့ ၊ အားပေးနေကြတဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို သေတဲ့အထိ ကိုယ်တတ်စွမ်းသလောက် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ကျွန်မကို ဆက်လက်ပြီး အားပေးကြပါဦးလို့ ပြောကြားပါရစေ။ ပရိတ်သတ်တွေ အစစအရာရာမှာ အဆင်ပြေချောမွေ့ကြပါစေ။

ဗီဒီယိုများ