AA နှင့်ဆက်စပ်သီချင်းများ ထုတ်လုပ်သည်ဆိုပြီး စတူဒီယိုများကို စစ်ကောင်စီ လိုက်ရှာနေ  

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ တေးသံသွင်း စတူဒီယို(Studio)တချို့ကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေနေသဖြင့် စတူဒီယိုပိုင်ရှင်များနှင့် ရခိုင်အဆိုတော်များ တိမ်းရှောင်နေရကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။

By Admin 09 Dec 2023

စစ်တွေမြို့ရှိ စတူဒီယိုတစ်ခုတွင် သီချင်းအသံသွင်းနေစဉ်။   
စစ်တွေမြို့ရှိ စတူဒီယိုတစ်ခုတွင် သီချင်းအသံသွင်းနေစဉ်။   

ဒီဇင်ဘာ ၆ ရက်၊ ညနေ ၃ နာရီခန့်က ဖိုးသာရွာရပ်ကွက်၊ ရထားလမ်းအနီးရှိ “သျှင်လင်းစတူဒီယို” ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးခဲ့ပြီး အခြား စတူဒီယိုများကိုလည်း လိုက်လံရှာဖွေနေကြောင်း သိရသည်။

“AA နဲ့ဆက်စပ်တဲ့ အမျိုးသားရေးသီချင်းတွေ သီဆိုတယ်၊ ထုတ်လုပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စတူဒီယိုတွေကို လိုက်လံရှာဖွေ စစ်ဆေးနေတာလို့ သိရတယ်။ တစ်ခုတည်းကို စစ်ဆေးခဲ့သေးတာ။ နောက်ထပ်လိုက်ရှာတဲ့ စာရင်းတွေလည်း ရှိသေးတယ်” ဟု စစ်တွေမြို့ရှိ စတူဒီယိုပိုင်ရှင်တစ်ဦးက ပြောသည်။  

စစ်ကောင်စီက ရှာဖွေစစ်ဆေးနေသဖြင့် လက်ရှိမှာ စစ်တွေမြို့ရှိ စတူဒီယိုအားလုံးနီးပါးကို ပိတ်ထားကြသည်။ 

“စတူဒီယိုခန်းဆိုတာ လိုအပ်တဲ့အသံကို တီးခတ်မယ်။ အသံသွင်းမယ်။ သီချင်းကောင်းတစ်ပုဒ်ရအောင် အလုပ်လုပ်ကြတာ။ ဆိုတော့ ဒါဟာ အနုပညာအလုပ်ပဲ ဖြစ်တယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတာ မဟုတ်ဘူး” ဟု ရခိုင်အဆိုတော်တစ်ဦးက ပြောသည်။

စစ်ကောင်စီက တေးသံသွင်းစတူဒီယိုများအပြင် ရခိုင်အဆိုတော်တချို့ကိုလည်း ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်သည်ဆိုပြီး လိုက်လံရှာဖွေနေကြောင်း သိရသည်။ ပြီးခဲ့သည့် စစ်အေးကာလအတွင်း AA က ကြီးမှူးကျင်းပသော ပွဲလမ်းသဘင်များတွင် ရခိုင်အဆိုတော်တချို့က သွားရောက်ဖျော်ဖြေမှုများ ရှိခဲ့သည်။ 

“အနုပညာကို အနုပညာလို ကြည့်ဖိုလိုအပ်တယ်” ဟု စတူဒီယိုပိုင်ရှင် နောက်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီအနေဖြင့် အနုပညာအသိုင်းအဝိုင်းနှင့် ဆက်စပ်အလုပ်များအား နှောင့်ယှက်နေခြင်းမှာ ရခိုင်ဂီတလောကကို ဖျက်စီးနေခြင်းဟု အနုပညာသမားများက ပြောကြသည်။ 

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည်နှင့်တပြိုင်နက် စစ်ကောင်စီသည် ဒေသတွင်းသတင်းမီဒီယာများ၊ CSO/ NGO/ INGO အသိုင်းအဝိုင်းများနှင့် ဒေသခံများအား ပစ်မှတ်ထားကာ ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည်။ 

#D003 #DMG

ဗီဒီယိုများ