စာသင်ချိန်နည်းခဲ့တဲ့ ကျောင်းသားတွေမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ

အခြေခံပညာအတန်းတွေနဲ့ တက္ကသိုလ်ဝင်တန်းတို့ကို မတ်လနဲ့ ဧပြီလမှာ စာမေးပွဲဖြေဆိုရမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။ အခုစာသင်နှစ်မှာ ကိုဗစ်ကြောင့် ကျောင်းတွေကိုယာယီပိတ်ထားခဲ့ရပြီး ကျောင်းသားတွေရဲ့စာသင်ချိန်ဟာလည်း နည်းပါးခဲ့ပါတယ်။ ကျောင်းသားတွေအနေနဲ့ အခုစာသင်နှစ်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲဆိုတာကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေကို DMG က မေးမြန်းထားပါတယ်။

29 Nov 2021

DMG ၊ နိုဝင်ဘာ ၂၉
(VOX POP)

အခြေခံပညာအတန်းတွေနဲ့ တက္ကသိုလ်ဝင်တန်းတို့ကို မတ်လနဲ့ ဧပြီလမှာ စာမေးပွဲဖြေဆိုရမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။ အခုစာသင်နှစ်မှာ ကိုဗစ်ကြောင့် ကျောင်းတွေကိုယာယီပိတ်ထားခဲ့ရပြီး ကျောင်းသားတွေရဲ့စာသင်ချိန်ဟာလည်း နည်းပါးခဲ့ပါတယ်။ ကျောင်းသားတွေအနေနဲ့ အခုစာသင်နှစ်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲဆိုတာကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေကို DMG က မေးမြန်းထားပါတယ်။

ဒေါ်သင်းသင်း (အမည်လွဲ)
အလယ်တန်းပြကျောင်းဆရာမ၊ သံတွဲမြို့နယ်

အခုက အချိန်ဇယားတွေထွက်နေပြီ။ တစ်လပိုင်း ငါးရက်နေ့ဆိုရင် ပထမနှစ်ဝက်စစ်မယ်ပေါ့။ သင်ခန်းစာက အရင်အတိုင်းပဲဆက်သင်နေရတာဆိုတော့ သင်ခန်းစာလည်းမပြီးဘူး။ စာသင်တဲ့နှစ်ကို ခြောက်လနဲ့ ဖြတ်လိုက်တယ်။ အဲဒီတော့ လေးလပိုင်းမှာ စာစစ်ရမယ်။ ရာသီဥတုကလည်းအရမ်းပူတယ်။ ကလေးတွေက စာကိုသုံးလပိုင်းအထိသင်ရမယ်ဆိုတော့ စာကိုစိတ်ပါဝင်စားမှု လျော့နည်းသွားမယ်လို့ထင်တယ်။ ဒီစာမေးပွဲစစ်မယ့်ကိစ္စက တက္ကသိုလ်ဝင်တန်းကျောင်းသားတွေအတွက် ကျောင်းပိတ်ထားတဲ့ ကိုဗစ်ကာလမှာ စာကိုလေ့လာနေတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ မလေ့လာထားတဲ့သူတွေအတွက် ဆိုရင်တော့ အချိန်ကမလုံလောက်ဘူး။ အတန်းငယ်လေးတွေအတွက်ကျတော့ နှစ်တိုင်းလို သင်ခန်းစာတွေက ကြေညက်မယ်မထင်ဘူး။ ဒီအတိုင်းသင်နေရတာပေ့ါ။ အခါတိုင်း ၉ လသင်တဲ့ဟာကို အခုက ခြောက်လနဲ့ အပြတ်ဖြတ်တယ်ဆိုတော့ ကလေးတွေမှာ မနည်းမှီအောင်လိုက်နေရတယ်။ မြို့ပေါ်ကလေးတွေအတွက်က အဆင်ပြေလောက်တယ်။ သူတို့က ဝိုင်းတွေ၊ ကျုရှင်တွေရှိတယ်။ နယ်က ကလေးတွေကျတော့ ကျောင်းပဲရှိတာဆိုတော့ ကျောင်းမှာပဲသင်ယူလိုက်တာပဲရှိတယ်။ ဆိုတော့ သူတို့အတွက်က စာကြေညက်မှုအပိုင်းမှာ အားနည်းသွားမယ်ထင်တယ်။

ဦးမြင့်သောင်း (အထက်တန်းပြကျောင်းဆရာ)

ရိုးမအလင်းအခမဲ့ပညာသင်ကျောင်း၊ စစ်တွေမြို့

ဧပြီလမှာ စစ်မယ့်စာမေးပွဲကို သဘောတူတယ်။ ဒါပေမဲ့ ဧပြီလထဲမှာဆိုရင် သင်္ကြန်မတိုင်ခင် စာမေးပွဲကို ဖြစ်စေချင်တယ်။ သင်္ကြန်လွန်ပြီးမှ စာမေးပွဲဖြေရမယ်ဆိုရင် ကျောင်းသားတွေ ကျက်ထားတဲ့စာတွေက တစ်ချို့တစ်ဝက် အဆင်ပြေတော့မှာမဟုတ်ဘူး။ အဲဒီတော့ တစ်နိုင်ငံလုံးမှာစစ်မယ့် ဆယ်တန်းစာမေးပွဲကို ဧပြီလတွင်းမှာစစ်မှာဆိုရင် သင်္ကြန်မတိုင်ခင်စစ်တာ အကောင်းဆုံးဖြစ်တယ်။ ကျောင်းသားတွေအပေါ်စိုးရိမ်တာက လျှော့ထားတဲ့သင်ခန်းစာတွေနဲ့ သင်ရမယ့်အချိန်က လေးလလောက်ပဲကျန်တော့တယ်။ နောက်သင်ခန်းစာတွေကိုပြီးအောင် အချိန်ယူပြီးသင်ရမယ်။ ကျောင်းသားတွေကလည်း သင်ကြားတဲ့စာတွေကို နှံ့နှံ့စပ်စပ်သိထားအောင် ပိုလေ့လာပြီးလုပ်ရမယ်။ လေ့လာမှုအားနည်းတဲ့ ကျောင်းသားတွေဆိုရင် စာမေးပွဲအောင်ဖို့မလွယ်ဘူး။ စာလိုက်နိုင်၊ မလိုက်နိုင်တာကတော့ ကျောင်းသားတွေရဲ့ ပင်ကိုယ်ဉာဏ်ရည်နဲ့လည်းဆိုင်တယ်။ ဉာဏ်ကောင်းတဲ့ကျောင်းသားကတော့ လိုက်မီမှာပါ။ ဉာဏ်ရည်ဉာဏ်သွေးနိမ့်တဲ့ ကျောင်းသားမှာတော့ အခက်အခဲရှိနိုင်မယ်။ ဆရာတွေကလည်း အချိန်ယူပြီးစာသင်ရတယ်။ အချိန်တန်ရင် ဒီသင်ခန်းစာတွေကပြီးဖို့လိုတဲ့အတွက် ကျောင်းသားတွေနားလည်အောင် ကြိုးစားသင်ယူနေရတယ်။ နဂိုဉာဏ်ရည်နိမ့်တဲ့ တစ်ချို့ကျောင်းသားတွေမှာတော့ အခက်အခဲတွေ့နိုင်ပါတယ်။

ဒေါ်ခင်ဆန်း (တက္ကသိုလ်ဝင်တန်းကျောင်းသားမိဘ)၊ ပုဏ္ဏားကျွန်းမြို့နယ်

ကလေးတွေ စာမလိုက်နိုင်မှာကိုစိုးရိမ်တယ်။ နှစ်ဝက်လောက်စာမသင်ရဘဲ မတ်လမှာ စာမေးပွဲစစ်မယ်ဆိုရင် ကလေးတွေ စာလိုက်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေရှိတယ်။ စိုးရိမ်မှုတွေအများကြီးရှိတယ်။ ကိုယ့်မှာ(စာမေးပွဲ)အောင်မယ်ဆို ခန့်မှန်းထားတဲ့သူက အောင်နိုင်မှာလား။ ဂုဏ်ထူးထွက်မယ်ဆိုပြီး မှန်းထားတဲ့သူက ဂုဏ်ထူးထွက်နိုင်ပါ့မလား။ အဲဒီလိုမျိုး စိုးရိမ်မှုတွေအများကြီးရှိတယ်။ အမှန်ဆိုရင် ကျောင်းသားတွေကို ထပ်ပြီးတော့အချိန်ပိုပေးနိုင်ရင် ပိုပြီးကောင်းတယ်။ အဲဒီလိုဆိုရင် စာလေ့လာဖို့လည်း အများကြီးရမယ်။ အခုက စာလေ့လာဖို့လည်း အချိန်သိပ်မရခဲ့ဘူး။ ကလေးတွေက ကျောင်းပိတ်ထားတဲ့ အချိန်မှာလည်း အချိန်တွေအလကားကုန်ဆုံးသွားတယ်။ အခုက သင်ခန်းစာတွေအားလုံးကိုလည်း သင်ရမယ်ဆိုတော့ ကလေးတွေစာလိုက်နိုင်မယ်လို့မထင်ဘူး။

မောင်အာကာစိုး (တက္ကသိုလ်ဝင်တန်းကျောင်းသား)၊ စစ်တွေမြို့

ကျနော့်အနေနဲ့ စာမေးပွဲ စောစောစစ်တာတော့အဆင်ပြေပါတယ်။ သင်္ကြန်လွန်မှဆိုရင် စာဖတ်ရတာတွေ နှောက်နှေးသွားတာတွေရှိနိုင်တယ်။ စာအပိုင်းနဲ့ပတ်သက်ရင်တော့ စိုးရိမ်စရာတော့မရှိပါဘူး။ ဒီကာလအတွင်း ကိုဗစ်၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကျောင်းတွေပိတ်ပြီး စာမေးပွဲဖြေခွင့်မရမှာကို စိုးရိမ်မိပါတယ်။ စာသင်ကြားမှုအပိုင်းမှာ အချိန်တိုအတွင်း မြန်မြန်သင်ရတော့ နောက်ကလိုက်ရတဲ့ကျောင်းသားတွေအနေနဲ့ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ဖို့တော့လိုတယ်။ လုပ်နေတဲ့ကြားထဲမှာ အခက်အခဲတွေတော့ နည်းနည်းရှိပါတယ်။ ဒါပေမယ့် ကြိုးစားပြီးတော့သင်ယူနေပါတယ်။ ကျနော်က နှစ်ကျဖြစ်တဲ့အတွက် သင်ခန်းစာတွေ လိုက်နိုင်မယ်လို့ ထင်ပါတယ်။

ဆရာဦးသိန်းဝင်း၊ ကောင်းမြတ်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ စစ်တွေမြို့

“စာမေးပွဲက ပုံမှန်ဆိုမတ်လပထမအပတ် မဟုတ်ရင် ဒုတိယအပတ်မှာ စစ်လေ့စစ်ထရှိတယ်။ အခုက ကိုဗစ်နဲ့ကျောင်းပိတ်ထားတဲ့အတွက် စက်တင်ဘာလ တစ်လထပ်တိုးသွားတယ်။ မတ်လထဲမှာစစ်တာထက် စာရင်တော့ တစ်လစာလုပ်ချိန်ရသွားတယ်။ ကလေးတွေအတွက် အကောင်းဆုံးမဟုတ်ရင်တောင်မှ အတိုင်းအတာတစ်ခုအထိ အဆင်ပြေမယ်လို့ထင်တယ်။ နောက်ပြီး သင်ခန်းစာတွေလျော့ထားတာရှိတယ်။ တွက်စာတွေမှာတော့ သိပ်မလျော့ထားဘူး။ မြန်မာစာနဲ့ အင်္ဂလိပ်စာမှာ တော်တော်လျော့ထားတာတွေ့တယ်။ အဲဒီလိုလျော့ထားတာကို အစိုးရကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ စနေနေ့တစ်ရက်တိုးပြီး သင်ကြားနေတဲ့အတွက် ဘာပဲဖြစ်ဖြစ် စာမေးပွဲဖြေတဲ့လမှာ ဧပြီလရောက်သွားတယ်။ ကလေးတွေအတွက် အကောင်းဆုံးမဟုတ်ရင်တောင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေမယ်လို့ထင်တယ်။ အခက်အခဲကျတော့ နယ်ဘက်က စစ်ဘေးရှောင်ကလေးတွေ၊ ဘကကျောင်းတွေနဲ့ အထကခွဲကျောင်းတွေက ကလေးတွေမှာ ကိုဗစ်နဲ့ကျောင်းပိတ်တော့ ဆရာ၊ဆရာမတွေအကုန်လုံးက ကိုယ့်အိမ်ကိုပြန်သွားကြတယ်။ အဲဒီမှာ စာပြဖို့ဆရာ၊ဆရာမတွေ မရှိတဲ့အခါကျတော့ အခုမှပြန်စပြီးသင်ယူရမယ်၊ လေ့လာရမယ့်ကလေးတွေကျတော့ တော်တော်လေးခက်ခဲမယ်။ အကျပ်အတည်းတွေ ဖြစ်မယ်။ နောက်ပြီးတော့ ပိတ်ရက်တွေများသွားတဲ့အခါ ကလေးတွေရဲ့စိတ်ခံစားမှုတွေဟာ ပြောင်းသွားတယ်။

မစိုးသန်းအေး (တက္ကသိုလ်ဝင်တန်းကျောင်းသူ)၊ ရွှေစေတီသာလီစွပညာဒါနကျောင်း

စစ်တွေမြို့အတန်းကထွားတဲ့(နှစ်ကြီးသမား) ကျောင်းသားတွေအတွက်တော့ အဆင်ပြေပါတယ်။ အခုက အိမ်သင်နဲ့ ကျောင်းသင်ဆိုပြီးတော့ နှစ်ခုရှိတယ်ဆိုတော့ ကျောင်းသင်ကိုပဲ နည်းနည်းလုပ်သွားရင် နှစ်ကြီးသမားတွေအတွက် နည်းနည်းအဆင်ပြေတယ်။ အခုမှစတက်တဲ့ တက္ကသိုလ်ဝင်ကျောင်းသားတွေ အတွက်ဆိုရင် နည်းနည်းအဆင်မပြေဘူး။ စိုးရိမ်မှုရှိတယ်။ မရတဲ့ဘာသာရပ်တွေ ပါသွားမှာကိုစိုးရိမ်တယ်။ ကိုယ်မဖတ်ထားတဲ့စာပုဒ်တွေ ပါသွားမှာစိုးရိမ်တယ်။ အခုက မတ်လနဲ့ ဧပြီလမှာ စာမေးပွဲစစ်မယ်ဆိုတော့ ကျောင်းသားတွေအတွက် စာတွေလုပ်ရတာမှာ သိပ်အဆင်ပြေမယ်မထင်ဘူး။ တကယ်တမ်းဆိုရင် ကျောင်းသားတွေအကုန်အဆင်ပြေအောင် စားမေးပွဲစစ်မယ့်လကို နောက်ထပ်နည်းနည်းဆုတ်ပေးရင်တော့ ကျောင်းသားတွေအတွက် ပိုအဆင်ပြေသွားမယ်ထင်တယ်။

ဗီဒီယိုများ