သစ်ပင်စိုက်ပြီးရင် ဘယ်လိုထိန်းသိမ်းရမလဲ ???

သစ်ပင်စိုက်ပျိုးသည်ဟု ဆိုရာတွင် စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းကလည်း အရေးကြီးသည်။

By Admin 11 Jul 2023

သစ်ပင်စိုက်ပြီးရင် ဘယ်လိုထိန်းသိမ်းရမလဲ ???

DMG (VOX POP)

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်က နှစ်ရှည်သက်တမ်းရှိ သစ်ပင်ကြီးများအပါအဝင် သစ်ပင်သစ်တောအမျးအပြား ပြိုလဲပျက်စီးသွားခဲ့သည်။

လက်ရှိတွင် သစ်တောဦးစီးဌာန၊ ရက္ခိုင့်တပ်တော် (AA) အပါအဝင် ကျေးလက်နေပြည်သူများ၊ အရပ်ဖက်အဖွဲ့နှင့် သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူများ စသည့် အသိုင်းအဝိုင်းအသီးသီးက သစ်ပင် အစားထိုးစိုက်ပျိုးမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။

သစ်ပင်စိုက်ပျိုးသည်ဟု ဆိုရာတွင် စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းကလည်း အရေးကြီးသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၊ မြေပြင်တွင် တပိုင်တနိုင် သစ်ပင်စိုက်ပျိုးနေသည့် ရခိုင်ဒေသခံများကို မေးမြန်းထားပါသည်။

ကိုရန်နောင်စိုး (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူ)

မိုခါမုန်တိုင်း တိုက်ပြီးတဲ့နောက်မှာ သစ်ပင်တွေ အများကြီးဆုံးရှုံးသွားတော့ နေရာဒေသအသီးသီးမှာ အစားထိုး စိုက်ပျိုးနေကြတဲ့ အဖွဲ့တွေရှိတယ်။ အပင်တစ်ပင် ရှင်သန်ဖို့အတွက်က ရေရှည်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ထိန်းသိမ်းတဲ့အပိုင်းမှာလည်း အဲဒီမှာရှိတဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဖို့လိုပါတယ်။ အပင်စိုက်ပျိုးပြီးရင် ကျွဲနွားတိရိစ္ဆာန်တွေ၊ တခြားအကြောင်းအမျိုးမျိုးကြောင့် အပင်တွေမပျက်စီးရအောင် အကာအရံတွေ လုပ်သင့်ပါတယ်။

အကာအရံမရှိဘဲ စိုက်ထားတာတွေက ကျွဲနွားတိရစ္ဆာန်တွေနဲ့ မလွတ်ကင်းတော့ စားသွားတယ်ဆိုရင် စိုက်တော့စိုက်တယ် ဘာမှအကျိုးမရှိဘူး။ အကျိုးရှိရှိဖြစ်ဖို့အတွက်ဆိုရင် အကာအရံတွေကို အခိုင်အမာလုပ်ပြီး စိုက်တဲ့နေရာက ဒေသခံတွေကို ထိထိရောက်ရောက် ကြီးထွားရှင်သန်အောင် ကာကွယ်ထိန်းသိမ်းဖို့ အသိပညာပေးတွေ လုပ်ပေးသင့်ပါတယ်။

ဦးဝေဟင်အောင် (လူမှုကူညီရေးပရဟိတသမား)

အပင်စိုက်ပျိုးတဲ့အခါ မုန်တိုင်းဒဏ်နဲ့ ဒီရေလှိုင်းဒဏ်ကို ကာကွယ်ဖို့အတွက် ဒီရေတောသစ်ပင်တွေကို ထည့်သွင်းစိုက်ပျိုးဖို့ လိုမယ်ထင်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်ဘက်မှာက တောတောင်တွေ ပြုန်းတီးလာနေတဲ့အခါ မိုခါ မုန်တိုင်းပုံစံ နှစ်စဉ်မလာနိုင်ဘူးလို့ ပြောဖို့ခက်လာတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုရင် မုန်တိုင်းနဲ့ ဒီရေလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် ကမ်းထိန်းနံရံတွေဆောက်တဲ့အပြင် ပြားတော၊ ပြာတော(ဒီရေတော) တွေကိုလည်း စိုက်ပျိုးကြတဲ့အခါ မုန်တိုင်းနဲ့ ဒီရေလှိုင်းကို တားဆီးနိုင်ပါတယ်။ မုန်တိုင်းဒဏ်၊ လှိုင်းဒဏ်တွေကို ကာကွယ်နိုင်ဖို့ဆိုရင် ပြားတော၊ ပြာတောတွေကို ထိန်းသိမ်းဖို့နဲ့ ဒီရေပင်တွေကို တိုးချဲ့စိုက်ပျိုးကြဖို့ တိုက်တွန်းချင်ပါတယ်။ တောတောင်တွေမှာလည်း သစ်ပင်၊ သစ်တောတွေကို စိုက်ပျိုးထိန်းသိမ်းဖို့လိုသလို ပင်လယ်ကမ်းစပ်တွေမှာလည်း ဒီရေတောတွေကို စိုက်ပျိုးထိန်းသိမ်းဖို့ လိုပါတယ်။

မဖြိုးမြတ်သွယ် (ရသေ့တောင်ဒေသဖွံ့ဖြိုးရေးအသင်း)

ကျမတို့အဖွဲ့ကနေ ကျေးလက်ဒေသက ရွာပေါင်း ၆ ရွာလောက်မှာ သစ်ပင်စိုက်ပြီးပါပြီ။ ကုက္ကို၊ ကိုရီယားပိတောက် ရွက်ကြီးနဲ့ရွက်ငယ် လောလောဆယ်မှာတော့ အဲဒီ ၃ မျိုး စိုက်ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ရွာတစ်ရွာကို အပင် ၅၀ လောက်စီ စိုက်ဖြစ်ပါတယ်။ ဒီထက်အများကြီး စိုက်ပျိုးဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ ကျမတို့အသင်းရဲ့ ငွေကြေး၊ လူအင်အားတွေကြောင့် နှောင့်နှေးနေတာမျိုးရှိတယ်။

မိုးရာသီဖြစ်တဲ့အတွက် အပင်တအားငယ်နေရင် မရှင်သန်နိုင်မှာတွေးမိလို့ သက်တမ်းတစ်နှစ်ကျော်လောက်ရှိတဲ့ အပင်တွေကိုပဲ အပင်ကြီးထွားနိုင်မယ့် နေရာတွေ၊ မြေပိုင်ရှင်မရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြတယ်။ ပြီးတော့ အပင်တွေ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုမဖြစ်ရအောင် ကာကွယ်ဖို့အတွက် ခြံစည်းရိုးထိုးပြီး စိုက်ပျိုးပါတယ်။

ကိုမျိုးလွင် (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူ)

ကျနော်တို့ စိုက်ပျိုးလိုက်တဲ့ အပင်တွေကို မြေပြင်ကွင်းဆင်းပြီးတော့ စစ်ဆေးဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ ဘယ်လောက်ထိ ရှင်သန်မှုရှိလဲ၊ ဘယ်လောက်ထိ သေဆုံးမှုရှိလဲ၊ ဘယ်လိုအကြောင်းအရာကြောင့် သေဆုံးမှုရှိလဲ ဆိုတာတွေကို စနစ်တကျစစ်ဆေးပါတယ်။ အပင်တွေသေဆုံးမှုကို လေ့လာမှုတွေလုပ်တဲ့အခါမှာ အထူးသဖြင့် သစ်ပင်ကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေက စည်းကမ်းမဲ့ခုတ်တာ တွေ့ရတယ်။ စိုက်ပျိုးထားတဲ့အပင်တွေကို ခုတ်လှဲဖို့မသင့်ဘူး ဆိုတဲ့အမြင်မျိုးရှိသူ နည်းတာတွေ့ရပါတယ်။

ရခိုင်ပြည်မှာက သစ်ပင်တွေကို ရွေးချယ်စိုက်ပျိုးသင့်တာ ကြာပါပြီ။ စိုက်ပျိုးတဲ့အပင်တွေ မှားယွင်းသွားတဲ့အခါမှာ မြေအောက်မှာရှိတဲ့ ရေအရင်းအမြစ်တွေကို ထိခိုက်ဆုံးရှုံးမှုဖြစ်တယ်။ အထူးသဖြင့် ဘာဒန်ပင်၊ ယူကလစ်ပင် တွေဆိုရင် မြေအောက်ရေကို အရမ်းစုတ်ယူတဲ့အခါ မြေအောက်ရေခမ်းခြောက်စေပြီး ထိခိုက်မှုများနိုင်တဲ့အတွက် အဲဒီအပင်တွေကို မစိုက်ပျိုးမိဖို့ လိုပါတယ်။

စိုက်ပျိုးဖို့ အသင့်တော်ဆုံးကတော့ ဂေဟစနစ်ကိုလည်း အထောက်အကူဖြစ်ဖို့ လိုတယ်။ မြို့ရွာတွေနဲ့လမ်းဘေးနားတွေမှာ စိုက်မယ်ဆိုရင်တော့ ကုက္ကိုပင်က ပိုကောင်းတယ်။ အပင်ရဲ့အမြစ်တွေက မြေအောက်သို့ အနက်ကြီးဆင်းသလို နှစ်ရှည်ပင်ကြီးလည်း ဖြစ်တဲ့အတွက် စိုက်ပျိုးသင့်ပါတယ်။ ကုက္ကိုပင်၊ သဝင်ပင်တို့က ရာသီဥတုအတွက်လည်း ကောင်းတယ်၊ အပူရှိန်ကိုလည်း လျော့ချနိုင်သလို မြေအောက်ရေတွေကိုလည်း ထိန်းနိုင်တယ်။

ဒေါ်လီလီမြင့် (စိမ်းလန်းစီအဖွဲ့)

မနှစ်က သစ်ပင်တွေစိုက်တော့ ကျွဲနွားတိရိစ္ဆာန်တွေကြောင့် အပင်တွေ ပျက်စီးသွားတာရှိတယ်။ ဒီနှစ်အတွက်ဆိုရင် စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ထိန်းသိန်းဖို့အတွက် ကျေးရွာ၊ ရပ်ကွက်ပဲဖြစ်ဖြစ် အဲဒီက လူတွေကိုပဲ တာဝန်ပေးပါတယ်။ ကျမတို့ စိုက်ပျိုးတဲ့အပင်တွေက ၁ ပေ ကျော်လောက်ဆိုရင် ၅ ပေလောက်ကို ဝါး ဒါမှမဟုတ် သံဇကာလေးနဲ့ ကာပြီးတော့ ထိန်းသိန်းဖို့ ပြောထားတယ်။ အဲလိုလုပ်ထားပေမဲ့လည်း စိုက်ပျိုးလိုက်တဲ့ အပင်အားလုံးရှင်သန်မယ် ပြောလို့မရပါဘူး။ တခြားသဘာဝဘေးကြောင့် ပျက်စီးတာရှိသလို လူကြောင့် ပျက်စီးသွားတာလည်းရှိတယ်။ အပင်နဲ့ပတ်သက်ပြီး ဗဟုသုတနည်းသူတွေက လူမမြင်တဲ့အချိန်မှာ ဖျက်ဆီးတာတွေရှိတယ်။ စိုက်တဲ့လူတွေကစိုက်ပြီး ထိန်းသိမ်းမှုမရှိရင် အလကားဖြစ်သွားမှာပါ။ သစ်ပင်စိုက်ပျိုးတဲ့ နေရာအနီးအနားက လူတွေ၊ ကျောင်းတွေမှာ သစ်ပင်စိုက်ပျိုးထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။

#I003 

ဗီဒီယိုများ