- မြေရှားသတ္တုတူးဖော်မှု ကြီးထွားလာခြင်း နောက်ကွယ်က အကြောင်းတရားများ
- ရခိုင်အပါအဝင် ဒေသလေးခုတွင် "ပြည်သူ့အတွက် ပြည်သူ" အစီအစဉ်ကို ဖော်ဆောင်
- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
မြေရှားသတ္တုတူးဖော်မှု ကြီးထွားလာခြင်း နောက်ကွယ်က အကြောင်းတရားများ
မိုင်းတွင်းအရေအတွက် ရာပေါင်းများစွာရှိတဲ့ ဒီဒေသမှာ အခုလို အရည်ဖျော်စုပ်ထုတ်တဲ့နည်းဟာ သဘာဝပတ်ဝန်းကျင် အတွက်သာမက ဒေသခံ ရွာသားတွေအတွက်ပါ အန္တရာယ်ကြီးတစ်ရပ် ဖြစ်ပါတယ်။
09 Jun 2025

"တောင်ထိပ်တွေမှာ အခေါင်းတွေ ဖောက်တယ်။ ဒီအခေါင်းတွေထဲကို အမိုနီယမ် နိုက်ထရိတ်လိုမျိုး ဓာတုပစ္စည်းတွေ လောင်းထည့်ပြီးတော့ အောက်ခြေမှာရှိနေတဲ့ မြေရှားသတ္တုတွေကို တူးကြတာ"
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ လာထော်ကိုင် (အမည်လွှဲ) က DW သတင်းဌာနကို ပြောပြတာပါ။ စကားပြောရင်း သူ့လက်နဲ့ လေထဲမှာ တောင်တန်းပုံစံရေးပြပြီး လက်ညှိုးနဲ့ အစက်အစက်တွေ ထောက်ပြပါတယ်။
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်က မိုင်းတွင်းတွေမှာ ဆယ်စုနှစ်များစွာ အသုံးပြုလာကြတဲ့ in-situ leaching နည်းကို လာထော်ကိုင်က ရှင်းပြတာပါ။
ဒီနည်းလမ်းအရ တောင်ကုန်းထိပ်တွေမှာ တွင်းတွေ ဖောက်ပြီး ဒီတွင်းတွေက တစ်ဆင့် ဓာတုပစ္စည်းတွေကို ပိုက်လိုင်းတွေနဲ့ သွင်းပါတယ်။ ပိုက်လိုင်းတလျှောက် လျှောဆင်းသွားတဲ့ ဒီအရည်တွေဟာ မြေရှားသတ္တုတွေကို သယ်ယူလာပြီးနောက် ဧရာမကန်ကြီးတွေမှာ စုဆောင်းပေးပါတယ်။
မိုင်းတွင်းအရေအတွက် ရာပေါင်းများစွာရှိတဲ့ ဒီဒေသမှာ အခုလို အရည်ဖျော်စုပ်ထုတ်တဲ့နည်းဟာ သဘာဝပတ်ဝန်းကျင် အတွက်သာမက ဒေသခံ ရွာသားတွေအတွက်ပါ အန္တရာယ်ကြီးတစ်ရပ် ဖြစ်ပါတယ်။
"ဒီမြေရှားသတ္တုရည်တွေကို ထင်းမီးဖိုကြီးတွေနဲ့ အခြောက်ခံတယ်။ မိုင်းတွင်း အနီးတဝိုက် ဧရိယာတွေကတော့ အနံ့ဆိုးတွေ တောက်လျှောက်ရနေတာပဲ" လို့ လာထော်ကိုင်က ရှင်းပြပါတယ်။
အသက်ရှူရ ခက်ခဲတဲ့အတွက် သူတို့ သုတေသနအဖွဲ့ဆိုရင် အဲဒီနေရာမှာ နာရီဝက်ထက် ပိုမနေနိုင်ဘူးလို့လည်း သူက ပြောပါတယ်။
"အဲဒီက လူတွေကတော့ လက်အိတ်မပါ နှာခေါင်းစည်း မပါဘဲ အလုပ်လုပ်နေကြတာပဲ။ ကုမ္ပဏီတွေက အကာအကွယ်တွေ မပေးဘူး။ ဒီတော့ အလုပ်သမားတွေ နာမကျန်းဖြစ်တယ်၊ ဒါဆို ကုမ္ပဏီက သူတို့ကို အလုပ်ထုတ်ပြီး လူသစ်ခေါ်လိုက်တာပဲ" လို့လည်း သူက ပြောပါတယ်။
..jpg)
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဆန်းလီကတော့ မြန်မာပြည်မြောက်ပိုင်းက မိုင်းတွင်းတွေကို သုတေသနပြု လေ့လာနေသူပါ။ ဒီတောင်တန်းတွေဟာ မိုင်းတွင်းတွေ မရှိခင်ကဆိုရင် စိမ်းလန်းစိုပြေတဲ့ နေရာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
"အခုတော့ တောင်ကုန်းတွေက ပုံပျက်ပန်းပျက်နဲ့ မြစ်ကလည်း နီရဲနေတယ်။ မိုင်းတွင်းက ကန်တွေမှာ သုံးကြတဲ့ ဓာတုပစ္စည်းတချို့ကို မြစ်ထဲမှာ ဒီအတိုင်း စွန့်ပစ်လိုက်ကြတာပဲ" လို့လည်း သူက DW ကို ပြောပြပါတယ်။
အကူအညီရရှိရေး ကမ်ပိန်းတွေ ဥရောပတစ်ခွင်မှာ ပြုလုပ်နေကြတဲ့ လာထော်ကိုင်နဲ့ ဆန်းလီတို့ကို DW က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေ၊ တာဘိုင်တွေ၊ ဆေးဝါးကိရိယာတွေအပြင် လက်နက် ထုတ်လုပ်ရေးအထိ ကမ္ဘာတစ်ဝန်း ထုတ်ကုန်တွေရဲ့ ကနဦးအဆင့်တွေမှာ ဘယ်လိုရှိနေတယ် ဆိုတာကို ဥရောပသားတွေ နားလည်အောင် သူတို့က ရှင်းပြဖို့ ကြိုးပမ်းနေကြတာပါ။
စက်မှုကုန်ကြမ်းအတွက် မြေရှားသတ္တုတွေဟာ မရှိမဖြစ် အရေးပါသလား
အမေရိကန်ပြည်ထောင်စု ဒေလာဝဲတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဂျူလီကလင်းဂါးက မြေရှားသတ္တု (rare-earth elements) ဆိုတဲ့အသုံးဟာ ဒြပ်စင်ဇယားထဲက အမျိုးအစား ဆင်တူတဲ့ ဓာတုဒြပ်စင် ၁၇ မျိုးကို ရည်ညွှန်းခေါ်ကြတာလို့ ပြောပါတယ်။
"တခြားဒြပ်စင်တွေနဲ့ မတူဘဲ ကွဲပြားသွားတာက အံ့သြစရာကောင်းတာ၊ သံလိုက်ဓာတ်ရှိတာ၊ ဓာတ်ကူးနိုင်စွမ်း၊ တချို့တွေကျ အပူဓာတ်ခံရှိတာတွေကြောင့်" လို့ သူက DW ကို ပြောပြပါတယ်။
စက်မှုလုပ်ငန်းရဲ့ အမွှေးအကြိုင် (spice of industry) လို့လည်း ခေါ်ကြတဲ့ ဒီမြေရှားသတ္တု ဒြပ်စင်တွေကို စက်မှုလုပ်ငန်းစဉ်တွေမှာ အရည်အသွေး ပိုမြှင့်တင်ဖို့အတွက် အနည်းအကျဉ်း အသုံးပြုရုံနဲ့ လုံလောက်တယ်လို့လည်း သူက ပြောပါတယ်။
ဒီစပရိုစီယမ် (Dysprosium) ဆိုရင် ရေနံဓာတ်တုပစ္စည်းကို သန့်စင်ရာမှာ ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုပြီး မြန်မာပြည်မြောက်ပိုင်းမှာ တွေ့ရတယ်လို့ ကလင်းဂါးက ပြောပါတယ်။ ဒီဒြပ်စင်ကို ဘတ္ထရီထုတ်လုပ်ရေးမှာ အသုံးပြုခြင်းအားဖြင့် ဘတ္ထရီတွေ အပူပိုခံနိုင်တာ၊ တာရှည်ခံတာ စတာတွေကြောင့် အထူးအရေးပါတဲ့ ဒြပ်စင်ဖြစ်ပါတယ်။
ဒီစပရိုစီယမ်ကို အမြဲတမ်းသံလိုက် ထုတ်လုပ်ရေးမှာလည်း သုံးပါတယ်။ ဒီသံလိုက်က လျှပ်စစ်ကားတွေနဲ့ လေအားလျှပ်စစ် တာဘိုင်တွေမှာ လိုအပ်တဲ့ တည်မြဲသံလိုက်စက်ကွင်းအတွက် အသုံးပြုပါတယ်။
တရုတ်က ထုတ်လုပ်တဲ့ အမြဲတမ်းသံလိုက်တွေဟာ မြန်မာကထွက်တဲ့ မြေရှားသတ္တုတွေကို အသုံးပြုထားတာလို့ Global Witness ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
.jpg)
မြေရှားသတ္တု အသုံးပြုထားတဲ့ တရုတ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲကြသူတွေထဲမှာ ပါဝင်သူတွေအဖြစ် အစီရင်ခံစာက သတ်သတ်မှတ်မှတ် ဖော်ပြထားတဲ့အထဲမှာ ကမ္ဘာ့ ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ ဗော့စ်ဝက်ဂွန်း၊ တိုယိုတာ၊ နစ်ဆန်း၊ ဖို့ဒ်နဲ့ ဟွန်ဒိုင်းတို့သာမက လေအားလျှပ်စက် ကုမ္ပဏီတွေဖြစ်တဲ့ Siemens ၊ Gamesa နဲ့ Vestas တို့လည်း ပါဝင်ပါတယ်။
အရေးပါတဲ့ သတ္တုနဲ့ တွင်းထွက်ရင်းမြစ်တွေနဲ့ ဆက်စပ်တဲ့ အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ အခြေစိုက်တဲ့ Adams Intelligence ကုမ္ပဏီက ပြုစုတဲ့ အစီရင်ခံစာ တစ်ရပ်မှာတော့ ၂၀၂၄ ခုနှစ်မှာ တရုတ်ဆီက အမြဲတမ်းသံလိုက် အများဆုံး ဝယ်ယူခဲ့တဲ့ နိုင်ငံဟာ ဂျာမနီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တာဝန်ယူမှုရှိတဲ့ သတ္တုတူးဖော်ရေးဖြစ်ဖို့ တောင်းဆိုချက်
တရုတ်ဟာ ပြည်တွင်းမှာ မြေရှားတ္တု ထုတ်လုပ်ရေးကို လျှော့ချနေပြီး တချိန်တည်းမှာပဲ အိမ်နီးချင်း မြန်မာနိုင်ငံဆီက မြေရှားသတ္တု တူးဖော်ဝယ်ယူမှုကိုတော့ တိုးမြှင့် လုပ်ဆောင်နေပါတယ်။
တရုတ်က မြန်မာဆီကနေ အကြီးစား မြေရှားသတ္တု ဝယ်ယူမှုဟာ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ တန်ချိန် ၄၁,၀၀၀ အထိ ထိုးတက်သွားတယ်လို့ Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။
"ဒါဟာ ၂၀ ရာစုတုန်းက အမေရိကန်တွေရဲ့ လုပ်ရပ်နဲ့ အလားသဏ္ဍာန်တူတယ်" လို့ ဂျူလီကလင်းဂါးက ဆိုပါတယ်။ ပြည်တွင်းက ယူရေနီယံတွေကို မထုတ်ဘဲ သိမ်းထားခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို သူက ညွှန်းဆိုတာ ဖြစ်ပါတယ်။
လာထော်ကိုင်ကတော့ မြန်မာပြည်သူလူထုဟာ တရုတ်ရဲ့ သတ္တုတူးဖော်နေမှုကို မနှစ်သက်ကြဘူးလို့ ပြောပါတယ်။
"နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီသတ္တုတွေကို ဆက်ဝယ်နေကြတယ် ဆိုရင်တော့ သူတို့ကို လက်သည်တရားခံအဖြစ် တာဝန်ယူခိုင်းသင့်တယ်" လို့လည်း သူက ပြောပါတယ်။
မြန်မာရဲ့ မြေရှားသတ္တု ကုန်သွယ်မှုဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံဖိုးအထိ ရှိခဲ့တယ်လို့ Global Witness ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဒီငွေကြေးတွေဟာ ဒီဒေသမှာ ပဋိပက္ခနဲ့ အပျက်အစီးတွေအတွက် စီးဝင်နိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဟာ ၂၀၁၈ ခုနှစ်မှာ ပြည်ပတင်ပို့မှုကို တားမြစ်ခဲ့သလို တရုတ်မိုင်းကုမ္ပဏီတွေကိုလည်း သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်တည်းကစလို့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်အစိုးရ လက်အောက်မှာတော့ ပိုမိုကျယ်ပြန့်လာတဲ့ ပြည်တွင်း ပဋိပက္ခနဲ့အတူ သတ္တုတူးဖော်မှုဟာ ဆက်ရှိနေခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ သူ့မဟာမိတ်တပ်တွေဟာ ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံမြောက်ပိုင်းရှိ သယံဇာတ ကြွယ်ဝတဲ့ ဒီဒေသကို ထိန်းချုပ်ခဲ့ပါတယ်။ KIO ဟာ ဒီဒေသ လွတ်မြောက်ရေးအတွက် ၁၉၆၀ အလွန်နှစ်တွေတည်းက တိုက်ပွဲဝင်လာခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒီလို အာဏာ အပြောင်းအလဲဟာ KIO နဲ့ တရုတ်ကုန်သည်တွေအကြားမှာ မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး အကောက်ခွန်ရေးရာ ညှိနှိုင်းမှုအသစ်တွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။
KIO ဟာ ဗမာအစိုးရနဲ့ နီးစပ်တဲ့ လက်နက်ကိုင် အုပ်စုတွေထက် ကချင်လူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရရှိထားပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နှစ်ဘက်လုံးရဲ့ သတ္တုတူးဖော်မှုတွေက သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ဒုက္ခပေးနေပြီး အများပြည်သူ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုအန္တရာယ်ကလည်း ပိုကြီးလာနေတယ်လို့ Global Witness ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
.jpg)
သတ္တုတူးဖော်ရေးမှာ တာဝန်ယူမှု ပိုရှိဖို့ KIO က ဆောင်ရွက်လာနိုင်သလား
လာထော်ကိုင်နဲ့ ဆန်းလီတို့ကတော့ ဒီလုပ်ငန်းခွင်တွေမှာ ဘေးကင်းလုံခြုံစေရေးအတွက် လူအများသိအောင် ပိုမိုစိစစ်ဖို့ တောင်းဆိုကြပါတယ်။
"အခုထိကတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုဟာ သတ္တုတူးဖော်ရေးအတွက် မူဝါဒချမှတ်ရေးမှာ ဘေးဖယ်ခံထားရဆဲပဲ။ .. နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေက သူတို့ရဲ့ အုပ်ချုပ်ရေး ပိုမိုအားကောင်းစေဖို့ KIO နဲ့ တိုက်ရိုက် ဆက်ဆံ ဆောင်ရွက်သင့်တယ်" လို့ ဆန်းလီက ပြောပါတယ်။
မြေရှားသတ္တု တူးဖော်ခြင်းကို ရပ်တန့်နိုင်မယ်လို့တော့ ဆန်းလီက မထင်ပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးအတွက် အခြေအနေတွေ ပိုမိုတိုးတက် ကောင်းမွန်လာသင့်တယ်လို့ သူက ယူဆပါတယ်။
ဒေသခံ ပြည်သူလူထုနဲ့ တစ်ပြည်နယ်လုံးဟာလည်း စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုမှ တစ်ဆင့် အကျိုးအမြတ်တွေ ခံစားခွင့် ရသင့်တယ်လို့ သူက ဆိုပါတယ်။
.jpg)
DW သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည့် The dirty secrets behind Myanmar's rare-earths boom ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။