“ရခိုင်ပြည်သူနဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးကြိုးစားသွားမယ်”

ရခိုင်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် လူငယ်ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းခြင်း

အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းထွန်းနိုင် ကို ဆက်သွယ်မေးမြန်းထားပါသည်။

By ခင်သရဖီဦး 15 Oct 2020

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ကိုယ်စားပြု၍ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်ကို DMG သတင်းထောက် ခင်သရဖီဦးက ဆက်သွယ်မေးမြန်းထားပါသည်။

မေး - ပထမအဆုံးအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာကို အကျဉ်းချုပ်ရှင်းပြပေးပါ။

ဖြေ - အဓိကဝင်ပြိုင်ရတဲ့အချက် သုံးချက်လောက်ရှိတယ်။ ပထမအချက်က ကျနော်တို့ ရခိုင်ပြည်နယ်မှာက ပညာရေးကို လုပ်နေကြတဲ့ထဲမှာ အသက်ကြီးပိုင်းတွေ ပိုပြီးများတယ်။ ဆိုတော့ အခုခေတ်စနစ်တွေ၊ နည်းပညာပိုင်းတွေ၊ နိုင်ငံတကာအခင်းအကျင်းတွေကလည်း နည်းနည်းအားနည်းချက်တွေရှိတာ တွေ့ရတယ်ပေ့ါ။ ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းတွေမှာလည်း ခေတ်ပညာတွေ၊ နိုင်ငံတကာအခင်းအကျင်းတွေနဲ့ လုပ်ဖို့လိုလာတယ်ပေါ့။ အဲဒါတွေကို လုပ်ဖို့ဝင်လာရတာ တစ်ချက်ပေါ့နော်။

ဒုတိယကတစ်ချက်က ကျနော်တို့မှာက မပြီးဆုံးနိုင်သေးတဲ့ နိုင်ငံရေးအရ တောင်းဆိုရမယ့်ဟာတွေရှိတယ်။ တိုက်ပွဲဝင်ရမယ့်ဟာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရခိုင်တွေမှာ ဆုံးရှုံးနေတဲ့ အမျိုးသားရပိုင်ခွင့်တွေ၊ နောက်ကိုယ့်ကံကြမ္မာ ကိုယ့်ဖန်တီးခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ အမျိုးသားတန်းတူရေးတွေကို ရရှိဖို့အတွက် ကျနော်တို့က တစ်ဖက်တစ်လမ်းကနေပြီးတော့ လွှတ်တော်ထဲကနေပြီးတော့ ကြိုးစားဖို့လိုတယ်ပေါ့နော်။

နောက်တစ်ပိုင်းကျတော့ ယနေ့လိုအချိန်မျိုးမှာ ရခိုင်ပြည်နယ်မှာနေပြီးတော့ အကျပ်အတည်မြောက်များစွာနဲ့ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်။ ဒီဖက်မှာလည်း စစ်ပွဲတွေရှိနေပါတယ်။ ဟိုဖက်မှာလည်း နိုင်ငံတကာအခင်းအကျင်းတွေရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာဖြစ်နေတယ်၊ မတရားဖမ်းဆီးမှုတွေ၊ မတရားသတ်ဖြတ်မှုတွေ၊ အဲဒါတွေကို ကျနော်တို့ကနေပြီးတော့ လွှတ်တော်မှာရော၊ နိုင်ငံတကာသံတမန်တွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေတာတွေကို ပြောပြဖို့လိုတယ်။ အဲဒါကြောင့် အဓိက ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး - အကိုက အရင်တုန်းကဆိုရင် အစိုးရ၊ ပါတီ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်ရေးဆောင်းပါးတွေ ရေးသားခဲ့တယ်ပေါ့နော်။ ဆိုတော့ အခုရွေးကောက်ပွဲမှာ ANP ပါတီကနေ ဝင်ပြိုင်ဖို့ ဘာကြောင့် ရွေးချယ်တာလဲ။

ဖြေ - ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းတစ်ခုကိုလျှောက်တယ် ဆိုတဲ့အခါမှာ ဝေဖန်ရေးအပိုင်းမှာ တာဝန်ရှိသူတွေကို ဝေဖန်တဲ့အပိုင်းမှာ ဝေဖန်သုံးသပ်တယ်၊ အကြုံပြုတယ်။ အဲဒါတွေက ဒီမိုကရေစီနိုင်ငံတိုင်းမှာ လုပ်လေ့၊ လုပ်ထရှိတဲ့ စံနှုန်းတွေဖြစ်တယ်။ ဆိုလိုတာက ဝေဖန်ရေးဆောင်းပါးတွေ၊ သုံးသပ်တဲ့ဆောင်းပါးတွေပေါ့နော်။ အစိုးရတစ်ရပ်ပဲဖြစ်ဖြစ်၊ ပါတီတစ်ခုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်၊ သုံးသပ်တယ်ဆိုတာက အဲဒီလူတွေ၊ အဖွဲ့အစည်းတွေရဲ့ ပိုပြီးတော့ကောင်းမွန်တဲ့ မူဝါဒတွေ ဖြစ်လာဖို့အတွက် သုံးသပ်ရတာဖြစ်တယ်။ နောက်တစ်ခုက တာဝန်ရှိသူတွေကို ထိန်းကျောင်းဖို့အတွက် ပြည်သူတွေရဲ့ကိုယ်စား ထိန်းကျောင်းရတာ ဖြစ်တယ်။

နောက်တစ်ခုက ပါတီထဲကို ဘာကြောင့်ဝင်ပြိုင်ရလဲဆိုရင် ဝေဖန်သုံးသပ်တဲ့အခါကျရင် အဲဒါက အစိုးရဖြစ်စေ၊ ပါတီဖြစ်စေ၊ အဲဒါကတော့ ဝေဖန်ရမှာပဲ။ ဘယ်သူဖြစ်ဖြစ် မခွဲခြားဘဲနဲ့ပေါ့။ အဓိက တာဝန်ရှိသူတွေကို ဝေဖန်ရတာ ဖြစ်တယ်။ အဲဒီအချိန်မှာလည်း ယူထားတဲ့တာဝန်တွေကို ပီပီပြင်ပြင်လုပ်ဖို့လိုတယ်။ ပါတီဖက်ကို စောင်းသွားတဲ့အခါကျတော့ ကျနော်တို့က ဘာကြောင့်ဝင်ပြိုင်ဖြစ်လဲဆိုရင်တော့ ANP ပါတီဆိုတာဟာလည်း ရခိုင်ပါတီနှစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ RNDP နဲ့ ပေါင်းပြီးတော့ ရခိုင်လူထုထဲက ပေါက်ဖွားလာတဲ့ ပါတီတစ်ခုဖြစ်တယ်။

ဒီနေ့အချိန်မှာတော့ တစ်ချို့ကတော့ မကြိုက်တဲ့လူတွေလည်းရှိသလို ကြိုက်တဲ့လူတွေလည်းရှိမယ်။ ဒါပေမဲ့ ဒီပါတီက ရခိုင်လူထုထဲက ပေါက်ဖွားလာတဲ့၊ အခုအချိန်မှာလည်းနေပြီးတော့ ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားတွေ၊ ရခိုင်ပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ရခိုင်ပြည်သူဖက်က မာမားမတ်မတ်ရပ်တည်ပြီးတော့ လုပ်နေတဲ့ ပါတီတစ်ခုလည်းဖြစ်တယ်။ အဲဒါကြောင့် အခုအချိန်မှာ အကောင်းဆုံးပါတီတစ်ခု ဖြစ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်တယ် ပါတီကိုယ်စားပြုအနေနဲ့ပေါ့။

မေး - အမ်းဟာ တပ်မတော်အားကောင်းတဲ့ နယ်မြေတစ်ခုလည်းဖြစ်သလို ရခိုင်ထက် အခြားတိုင်းရင်းသားတွေများတဲ့ ဒေသတစ်ခုဖြစ်တော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။

ဖြေ - အမ်းမှာကကျတော့ စစ်တပ်ကများတယ်ပေါ့နော်။ ဆိုတော့ ယခုနှစ် လောလောဆယ်မှာတော့ တပ်ဖက်ကပေးဖို့ မဲအရေအတွက်က ဘယ်လောက်ရှိနေလဲဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောတာတွေ မရှိသေးဘူးပေါ့နော်။ နောက်တစ်ခုကကျတော့ တိုင်းရင်းသားမျိုးနွယ်စုတွေ အများအပြားရှိနေပေမယ့် သူတို့ တိုင်းရင်းသားတွေနဲ့ ဘုံရည်မှန်းချက်တွေတူတဲ့ အချက်တွေ များစွာရှိနေတာကြောင့် အမ်းမှာဆိုရင်လည်း ကျနော်တို့ရခိုင်အမျိုးသားပါတီတွေနဲ့ နေပြီးတော့ သူတို့တွေနဲ့ပေါင်းစပ်ပြီးတော့ ကူညီပေးတာတွေ များစွာရှိပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီအပိုင်းမှာနေပြီးတော့ အခက်အခဲတော့ မရှိပါဘူး။ သို့သော်ငြားလည်း စစ်တပ်ရှိနေတာက တစ်ပိုင်းပေါ့နော်။ နောက်တစ်ပိုင်းကကျတော့ ယခုအချိန်က ကိုဗစ်ရောဂါကာလဆိုတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအပိုင်းနေပြီးတော့ အကန့်အသတ်တွေ များနေတာတွေရှိပါတယ်။

မေး - ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် ဘာတွေကို အဓိကထား ဆောင်ရွက်သွားမှာလဲ။ လူငယ်တွေအတွက်ရော လူငယ်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုကိစ္စတွေကို ဆောင်ရွက်ပေးသွားမလဲ။

ဖြေ - ကျနော်တို့ရခိုင်ပြည်မှာက နှစ်ပိုင်းရှိတယ်ပေါ့နော်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် လုပ်ရမယ့်အပိုင်းနဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့တစ်ပိုင်း။ နောက်တစ်ပိုင်းကနေပြီးတော့ ကိုယ့်ရခိုင်ပြည်ဖွံ့ဖြိုးရေးကလည်း တစ်ပိုင်းရှိတယ်ပေါ့နော်။ အဓိကတော့ ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်လို့ အမျိုးသားရပိုင်းခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ တန်းတူညီမျှမူတွေ ဆုံးရှုံးနေတယ်။ အဲဒါတွေကို ပြန်ရအောင် ကြိုးစားရမယ်ဟာက တစ်ပိုင်းပေါ့နော်။

နောက်ပြီးတော့ ကျနော်တို့ ရခိုင်အဖွဲ့အစည်းတွေကို နိုင်ငံရေးအသိုင်းအဝိုင်းတွေကနေပြီးတော့ လျစ်လျှူရူမှုတွေ အများကြီးရှိနေတယ်။ ဥပမာ - ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို မဖိတ်တာတွေ အဲဒါတွေက အများကြီးရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မူခံနေရတာတွေကို အဓိကလုပ်သွားဖို့ လိုတယ်ပေါ့နော်၊ ပြည်ထောင်စုအဆင့်မှာပေါ့နော်။ သိုပေမဲ့ အခုနှစ် ရခိုင်ပြည်နယ်မှာကျတော့ အကျင့်ပျက်ခြစားမှုပြဿနာတွေ၊ နောက်တစ်ခုက ဒေသဖွံ့ဖြိုးရေးလမ်းပန်ဆက်သွယ်ရေး၊ အဲဒီကိစ္စတွေကိုပါ လုပ်သွားဖို့လိုတယ်။ နောက် အမျိုးသမီးအခန်းကဏ္ဍတွေကိုပါ ကျနော်က အဓိက လုပ်သွားမှာပါ။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင်ပေါ့။

လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရခိုင်ပြည်မှာ အများကြီး လုပ်ပေးရမယ့်ဟာတွေရှိတယ်။ အခုခေတ်သစ်လူငယ်တွေဆိုတာလည်း ရခိုင်ပြည်အနာဂတ်အတွက် အလွန်တရား အရေးကြီးတယ်ပေါ့နော်။ သူတို့တွေမှာလည်း ရခိုင်ပြည်ကို ပြောင်းလဲဖို့အတွက် ခွန်အားတွေရှိတယ်။ သူတို့မှာ ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။ ရဲရဲဝံဝံ ပြောင်းလဲဖို့အတွက်လည်း သတ္တိတွေရှိတယ်။ ဆိုတော့ လူငယ်တွေကို အထူးသဖြင့် တာဝန်တွေကို အဓိကယူလာနိုင်အောင် ရခိုင်ပြည်ကို တည်ဆောက်ဖို့ဆိုရင်လည်း လူသားအရင်းအမြစ်တွေ၊ ပညာတတ်တွေ အများကြီးပေါ်ထွက်လာဖို့လိုတယ်။ အဲဒါမှ ကိုယ့်ရခိုင်ပြည်ကို ပညာအားနဲ တည်ဆောက်လို့ရမယ်။

အဲဒါတွေကြောင့် လူငယ်တွေအတွက် အမ်းမြို့နယ်အပါအဝင် ရခိုင်ပြည်က လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ၊ နိုင်ငံတကာတက္ကသိုလ်တွေမှာ သင်ကြားလာနိုင်အောင်၊ ဒါမှမဟုတ် ရခိုင်ပြည်က နိုင်ငံတကာနဲ့ လျှောက်ခွင့်ရအောင်ပေါ့။ အခုက ရခိုင်ပြည်မှာ အခွင့်အလမ်းတွေ အလွန်းနည်းတယ်။ ရန်ကုန်ကိုသွားရတယ်။ အဲဒီမှာ ပညာသင်ရတယ်။ အင်္ဂလိပ်စာသင်ရတယ်။ နောက်လိုအပ်တဲ့ အခြေခံတွေကအစ အကုန်သင်ပြီးမှ နိုင်ငံတကာနဲ့ ချိတ်ဆက်ရတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျနောတို့ရခိုင်ပြည်ကနေ နိုင်ငံတကာကို လက်လှမ်းမီနိုင်တဲ့ အခင်းအကျင်တစ်ခုကို ကျတော်တို့ကနေပြီးတော့ လူငယ်တွေအတွက် တည်ဆောက်ပေးဖို့လိုတယ်။

မေး - နောက်တစ်ခုက အကိုယ့်ရဲ့ကြေညာစာမှာတွေ့ရတဲ့ “ကျနော့်ရဲ့အာမခံချက်” ဆိုတာနဲ့ ပတ်သတ်ပြီး ရှင်းပြပေးပါ။

ဖြေ - အဲဒါက ဘာလဲဆိုတော့ အဓိကက ကတိကဝတ်ပေါ့နော်။ ရွေးကောက်ပွဲလုပ်လိုရှိရင် ကိုယ့်ကဘာလုပ်ပေးနိုင်မှာလဲ ဘယ်လိုရည်ရွယ်ချက်တွေရှိနေလဲ ဆိုတဲ့သဘောပေါ့နော်။ ဆိုလိုတာက ရွေးကောက်ပွဲတစ်ခုမှာ ဝင်ပြိုင်မယ်ဆိုရင် ကိုယ်က ဘာတွေလုပ်ချင်လဲ၊ ဘာတွေဖန်းတီးချင်လဲ ဆိုတာတွေကို လူထုကို ချပြရတာဖြစ်တယ်။ ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည့်ချက်က ဘာရှိလဲ၊ ကိုယ့်ရဲ့ ရခိုင်လူမူအဖွဲ့အစည်းတစ်ခုကို အနာဂတ်မှာ ဘယ်လိုမျိုးမြင်ချင်သလဲဆိုတဲ့ ယုံကြည့်ချက်တွေကို ကျနော်တို့ကနေပြိးတော့ ပြည်သူလူထုတွေကို ချပြရတာဖြစ်တယ်။

မေး - ဒါတွေကို အမှန်တကယ်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လား။

ဖြေ - ကျနော်တို့ကကျတော့ ဘယ်လိုပုံစံလဲဆိုတော့ နိုင်ငံရေးဆိုတဲ့အထဲမှာ ကိုယ့်ရဲ့ယုံကြည်ချက်တွေ၊ ကိုယ့်ရဲ့ရခိုင်ပြည်မှာ ဘယ်လိုပုံစံမျိုးမြင်ချင်လဲ ဆိုတာမျိုးကို ကျနော်တို့က ချပြရတယ်။ အဲဒီအပေါ်မှာပဲ ကျနော်တို့က အကောင်းဆုံးဖြစ်အောင် လုပ်ပေးရတာဖြစ်တယ်။ တချို့ကတော့ (၅) နှစ်အတွင်းမှာ ရမယ်ဆိုတာက ခက်ခဲတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့သည် (၅) နှစ် တာဝန်ပေးထားတဲ့အတွင်းမှာ သဘောထားတွေ၊ ကိုယ့်အမြင်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့ သဘောပေါ့။

မေး - နောက်ထပ်ဘာတွေများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ - ကျနော်တို့ရခိုင်ပြည်က ကြီးမားတဲ့ အခက်အခဲတွေကြား ရောက်နေတယ်ပေါ့။ အခက်အခဲတွေ၊ အကျပ်အတည်းစိန်ခေါ်မူကြားတွေကို ရောက်နေပေမဲ့ ကျနော်တို့ လွှတ်တော်ထဲကို ဝင်မယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ အကန့်အသတ်တွေ အများကြီးှရှိတယ်။ ဒါပေမဲ့ အဲဒီအကန့်အသတ်တွေထဲက နေရာသေးသေးလေးထဲက နည်းနည်းလေးကို ကျနော်တို့ အကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်။ အဲဒီအခက်အခဲ အကျပ်အတည်းတွေကိုလည်း ဒီအချိန်မှာ ကျနော်တို့ကနေပြီးတော့ အခွင့်အရေးတစ်ရပ်အနေနဲ့ ဖန်တီးပြီးတော့ အားလုံး ရခိုင်လူထုတစ်ရပ်အနေနဲ့ ညီညီညွတ်ညွတ်နဲ့ သွားရင်တော့ ကျနော်တို့ ရခိုင်အမျိုးသား ရည်မှန်းချက်တစ်ခုကိုတော့ ရောက်လာမှာပါ။

ကျနော်တို့ ကိုယ်စားလှယ်အနေနဲ့ ဝင်လာရတာကလည်း ကိုယ့်ရဲ့ရခိုင်အမျိုးသားရပိုင်ခွင့်အတွက် အကောင်းဆုံးကြိုးစားသွာမယ်။ ကျနော်တို့ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်တည်ပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် မပါဘဲ ရခိုင်ပြည်သူနဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးကြိုးစားသွားမယ် ဆိုတာကို ပြောချင်ပါတယ်။ အဲဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့လည်း ယုံယုံကြည့်ကြည်နဲ့ မဲပေးဖို့ကို ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ဦးထွန်းထွန်းနိုင်ကို ကျေးဇူးတင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ