“လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံခွင့်မရှိဘူးဆိုတာ ကျနော့်ကို ဥပဒေမဲ့မတရားပြုကျင့်သလို ခံစားရတယ်”

မြန်မာ့တပ်မတော်မှ ၎င်း၏သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုး ရက္ခိုင့်တပ်တော်(AA) သို့ ဝင်ရောက်သွားသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပယ်ချခံရသည့် ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

31 Aug 2020

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည်။

သို့သော်လည်း မြန်မာ့တပ်မတော်မှ ၎င်း၏သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးမှာ ၂၀၁၈ ခုနှစ်က ရက္ခိုင့်တပ်တော်(AA)သို့ ဝင်ရောက်သွားသည့်အတွက် ရွေးကောက်ပွဲဥပဒေ အခန်း ၅၊ ပုဒ်မ ၁၀(ဎ)နှင့် ငြိစွန်းသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချလိုက်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းအမည်စာရင်း ပယ်ချခံရခြင်းနှင့် ပတ်သက်ပြီး ဦးဖိုးစံကို DMG သတင်းထောက် မင်းထွန်းက ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ရသည်။

မေး - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတာကို ပယ်ချခံရတာနဲ့ပတ်သက်လို့ ရှင်းပြပေးပါ။

ဖြေ - ကိုယ်စားလှယ်လောင်းပယ်တဲ့ကိစ္စကို (၁၄.၈.၂၀၂၀) ရက်နေ့မှာ ခရိုင်ကော်မရှင်က လူတွေ့ပြီးစစ်ဆေးတယ်။ အဲဒီမှာ ကန့်ကွက်မယ့်သူ ရှိပါသလားဆိုပြီးရင် သုံးကြိမ်တိတိမေးတယ်။ ကန့်ကွက်မယ့်သူ မရှိတဲ့အတွက် အတည်ပြုပြီဖြစ်ကြောင်း ကြေငြာပါတယ်။ ကြေငြာပြီးရင် ပြည်နယ်ကော်မရှင်ကို ပို့တယ်လို့ သိရတယ်။ ပြည်နယ် ကော်မရှင်ကလည်း အတည်ပြုတဲ့အတွက် ပြည်ထောင်စုကော်မရှင်ကို ပို့တယ်လို့ သိရတယ်။ အဲဒီမှာ ကျနော့်ကို (၂၂.၈.၂၀၂၀)နေ့မှာ ခရိုင်ကော်မရှင်က ခေါ်လာတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးရင် ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်ထားတဲ့ ကိစ္စရှိတဲ့အတွက် အဲကိစ္စကို ပြောပြစရာ ရှိတယ်ဆိုပြီး ခေါ်တယ်။ အဲလိုခေါ်တော့ စာကိုဖတ်ပြတယ်။ ကျနော်က အဲဒီစာကို တောင်းတယ်၊ စာပေးလို့ မရဘူးတဲ့။ နောက်ပြီး စာနံပါတ်တောင်းတယ်၊ စာနံပါတ်လည်း ပေးလို့မရဘူး လျှို့ဝှက်ဖြစ်တဲ့အတွက် ဆိုပြီးတော့ပြောတယ်။ အဲဒီစာမှာ ဘာပါသလဲ ဆိုတော့ ၂၀၁၈ ခုနှစ်၊ မတ်လမှာ ဗိုလ်မှူးအောင်မြင့်စိုး၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၏သားသည် တပ်နဲ့ကွင်းကွာပြီး ခွင့်မဲ့ပျက်ကွက်ဖြစ်နေတဲ့အကြောင်း ပါရှိပါတယ်။ အဲဒါကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆက်လက်စုံစမ်းစစ်ဆေးရာ ရက္ခိုင့်တပ်တော် (AA) သို့ ရောက်တယ်ဆိုပြီး သိရှိရတယ်။ ဒါကြောင့်မို့ ဦးဖိုးစံသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ(ဎ)နဲ့ ငြိစွန်းနေတဲ့အတွက် ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ဖို့ ခိုင်းတဲ့အတွက် ခေါ်ယူပြီး အသိပေးရတယ်ဆိုပြီး ပြောတယ်။

မေး - အခုလို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်တဲ့အကြောင်းကို ကော်မရှင်က ခေါ်ယူအသိပေးတဲ့အခါမှာ ဆရာဘက်က ဘာတွေပြောဖြစ်ခဲ့လဲ။

ဖြေ - အဲအချိန်မှာ ကျနော်က ရွေးကောက်ပွဲဥပဒေပုဒ်မ ၁ဝ(ဎ)နဲ့ မငြိစွန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပုဒ်မမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်သွယ်တဲ့ အကြောင်းအရာတွေကို ခိုင်လုံတဲ့အထောက်အထားရှိသူ ဖြစ်ရမယ်လို့ ပါရှိပါတယ်။ ဆိုတော့ ကျနော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုမရှိဘူး။ သားဖြစ်တဲ့သူနဲ့လည်း ကျနော်နဲ့ ဆက်သွယ်မှုမရှိဘူး။ သားက အိမ်ကနေထွက်သွားတာလည်း မဟုတ်ဘူး။ သူဟာ တပ်ထဲကပဲ ပြောင်းရွှေ့သွားတယ်ဆိုတာကို ခုနက ကော်မရှင်က လူကြီးမင်းတို့ဖတ်ပြမှပဲ သိရှိရတဲ့အတွက် အဲကိစ္စကို ငြင်းပယ်ပါတယ်ဆိုပြီး ပြောတယ်။

မေး - ဆရာအနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရတာကိုသိရတော့ အယူခံတွေတက်ဖြစ်ခဲ့သေးလား၊ ဘာတွေ ဆက်လုပ်ဖြစ်ခဲ့သေးလဲ။

ဖြေ - နောက်ထပ် ကျနော် ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို ဆက်ပြောခဲ့သေးတယ်။ ကျနော်ကို ကန့်ကွက်မယ့်သူရှိလာတဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အယူခံတက်မှာဖြစ်တယ်။ အဲလိုပြောတော့ သူတို့က အယူခံသွင်းလို့ မရဘူးတဲ့။ ခရိုင်ကိုလည်း တက်လို့မရဘူး၊ ပြည်နယ်ကိုလည်း တက်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုကနေလာတဲ့ စာဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ပဲ ဆက်သွယ်ရမယ်လို့ ပြောတယ်။ ဆိုတော့ ကျနော် (၂၄.၈.၂၀၂၀) နေ့မှာ ပြည်ထောင်စုကို စာပို့ပါတယ်။ ပြည်ထောင်စုကို ကျနော်ရဲ့ကိစ္စ အတည်ပြုပေးဖို့အတွက် စာပို့တယ်။ အဲဒီက (၂၇.၈.၂၀၂၀) နေ့မှာ ဘာပြန်လာလဲဆိုတော့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်တဲ့ကာလအတွင်း အယူခံတက်ရောက်မှု မရှိတဲ့အတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်ဆိုပြီး အဲ့အတွက်ကြောင့် ဦးဖိုးစံအား ပယ်ချကြောင်း အဲလိုစာနဲ့ အကြောင်းကြောင်းလာတယ်။

မေး - အခုလို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရတဲ့အပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ - ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျနော်က အတည်ပြုပြီးတဲ့ လူတစ်ယောက်ကို ဒီလိုရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ(ဎ)နဲ့ ငြိစွန်းတယ်ဆိုတာ ဘယ်လိုငြိစွန်းတာလဲ။ ကျနော့်ကို စစ်ဆေးရမယ်။ ခုံအဖွဲ့ဖွဲ့ပြီး စစ်ဆေးရမယ်။ အဲလို မစစ်ဆေးဘဲနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုတည်းက စာရေးပြီးရင် အဲစာအပေါ်မှာ မှုတည်ပြီး တဖက်သတ် ဆုံးဖြတ်တယ်ဆိုတာကတော့ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ကျနော်ဟာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တယ်။ တကယ်လို့ ကျနော် အဲဒီလို ငြိစွန်းနေတယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူလို့ရတယ်။ အခုက အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချတယ်ဆိုတာကိုတော့ မတရား ပြုကျင့်တယ်လို့ ခံစားမိတယ်။

မေး - ဆရာရဲ့သားနဲ့ အဆက်အသွယ်မရတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - ကျနော်သားနဲ့ (၂၀၁၄) ခုနှစ်ကနေ အဆက်အသွယ် ပြတ်နေတယ်။ ကျနော်နဲ့ ဘာမှတစ်စုံတစ်ရာ ပြောဆိုခြင်း၊ စာပေးစာယူလုပ်တာ၊ ငွေးကြေးအရ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီတာတွေ ဘာမှမရှိဘူး။ အဲကြောင့်မလို့ ကော်မရှင်က ဖတ်ကြားလာတဲ့ စာမှာ ရက္ခိုင့်တပ်တော်(AA) ကို ရောက်နေတယ်လို့ သူတို့ပြောမှ ကျနော်က သိခဲ့ရတာဖြစ်တယ်။ ကျနော် အရင်တုန်းက တခုမှ မသိခဲ့ရဘူး။ အဲကြောင့်မလို့ ကျနော်ဟာ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ပြီး သွားနေခြင်းဖြစ်တယ်။ တကယ်လို့များ အဲလို ကျနော်နဲ့ ငြိစွန်းနေတယ်၊ အဆက်အသွယ်ရှိတယ်ဆိုလို့ရှိရင် ကျနော်ကို လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့လည်း အရေးယူလို့ရတာတွေရှိတယ်။

မေး - ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်ပြီးတော့ ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ - ကျနော်ကတော့ ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်လူမျိုးတွေရော၊ ကျနော်ရဲ့ မဲဆန္ဒရှင်တွေရော ထိခိုက်သလို ခံစားမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ ပါတီရဲ့ CEC တစ်ဦးလည်းဖြစ်တယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်။ ပြည်သူလူထုအတွက်၊ ကျနော်ရဲ့မဲဆန္ဒရှင်တွေအတွက် လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေအောက်ကသော်လည်းကောင်း၊ ပါတီရဲ့ မှုဝါဒအရသော်လည်းကောင်း ကင်းကင်းရှင်းရှင်း လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်တယ်။ အဲကိစ္စကိုမှ တစ်ဖက်သတ် ကျနော့်ကို စွပ်စွဲပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ရွေးကောက်ခံခွင့်မရှိဘူးဆိုတာ ကျနော့်ကို ဥပဒေမဲ့ မတရားပြုကျင့်သလို ခံစားရတယ်။ ဒါကြောင့် ကျနော့်ပါတီရဲ့ ခေါင်းဆောင်တွေနဲ့တိုင်ပင်ပြီး ရှေ့ဆက်ပြီး ကျနော်ရဲ့ကိစ္စကို ဆောင်ရွက်သွားဖို့ဆိုပြီး စီစဉ်ထားတာရှိပါတယ်။

မေး - ဖြည့်စွက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ - ပြောချင်တာကတော့ နိုင်ငံတော်မှာ အခု ဖက်ဒရယ်ဒီမိုကရေစီ သမ္မတအနေနဲ့ သွားမယ်ဆိုပြီးရင် အစိုးရကလည်း တရားဝင် ကြေငြာထားပြီး ဖြစ်တယ်။ ပြည်တွင်းငြိမ်းရေးကိစ္စနဲ့လည်း သူတို့အစည်းအဝေးတွေ လုပ်နေတာတွေ ရှိတယ်။ အကုန်လုံး ဖက်ဒရယ်ဒီမိုကရေစီသမ္မတနိုင်ငံနဲ့ သွားမယ့်ကိစ္စမှာ ကျနော်တို့ရခိုင်လူမျိုးကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ဦးကို ဒီလိုလုပ်ခြင်းဟာ တကယ်စစ်မှန်ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကို ရောက်မှာလား။ ကျနော်တို့လိုချင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ရရှိရေးဆိုတာ တကယ်ဖြစ်လာနိုင်မလား ဆိုတာကို မမြင်ဘူးလို့ထင်တယ်။ အဲအတွက်ကြောင့် ကျနော်ရဲ့ မဲဆန္ဒရှင်တွေကိုလည်း ပြောချင်တာက ရှေ့အနာဂတ်မှာ ကျနော်တို့ရဲ့ ရခိုင်ပြည် ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်ကို လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။

ဗီဒီယိုများ