ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလတွင်သာ ကြေငြာခြင်းမှာ မျှတမှုမရှိကြောင်း ကိုယ်စားလှယ်လောင်းများဝေဖန်

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့်မဲဆန္ဒနယ်များကိုအောက်တိုဘာလတွင် ကြေငြာ သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဝေဖန်နေကြသည်။

By မင်းထွန်း 07 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၇ ၊ စစ်တွေ

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့်မဲဆန္ဒနယ်များကိုအောက်တိုဘာလတွင် ကြေငြာ သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဝေဖန်နေကြသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေပြီး အဆိုပါ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို (မဲဆွယ်စည်းရုံးရေးကာလဖြစ်သည့်) အောက်တိုဘာလတွင် ကြေငြာသွားမည်ဖြစ်ကြောင်း UEC မှ တာဝန်ရှိသူများက ပြောဆိုထားသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များရှိကြောင်း UEC မှ ပြောဆိုထားသော်လည်း မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို တိကျစွာပြောဆိုမှု မရှိခြင်းသည် ပွင့်လင်းမြင်သာမှုနှင့် မျှတမှုမရှိကြောင်း ရခိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဝေဖန်ကြသည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်သောင်းရွှေက “မျှတမှုမရှိဘူးဆိုတာ အဲဒါကိုပြောတာပေါ့။ ဆိုလိုတာက ရွေးကောက်ပွဲမကျင်းပ နိုင်ဘူးလို့ သူတို့ (UEC)က ခန့်မှန်းတယ်ဆိုလို့ရှိရင် တစ်ခါတည်းကြေငြာဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်လိုက်ပြီဆိုကတည်းက

အဲဒီနေရာမှာ ကျနော်တို့ ရွေးကောက်ပွဲကျင်းပရတော့မှာပဲ။ ဆိုတော့ ကျနော်တို့တချို့တဝက်လုပ်ပြီးမှ တစ်လလောက်နေပြီးမှ ဒါကို (ရွေးကောက်ပွဲ)မလုပ်ဖြစ်ပါဘူးလို့ ပြောလိုက်တာဟာ ကျနော်တို့ကို သက်သက်မဲ့ ဒုက္ခရောက်အောင် တမင်လုပ်လိုက်တာလို့ ပြောလို့ရတယ်” ဟု သူကပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်ပြီးချိန်ကနေ ကြိုတင်ပြီး ထုတ်ပြန်ပြောဆိုရန်လိုအပ်ကြောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း (၆၀)ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ မဲဆွယ်စည်းရုံးရေးကာလကို ကြေငြာထားသော်လည်း ရခိုင်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် များကို တိကျစွာမသိရှိရသည့်အတွက် စိုးရိမ်မိကြောင်း ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ခင်စောဝေက ဆိုသည်။

“ကျမတို့ စက်တင်ဘာ၊ အောက်တိုဘာ နှစ်လဟာ မဲဆွယ်စည်းရုံးရေးကာလ ဖြစ်တယ်။ ဆိုတော့ မဲဆွယ်စည်းရုံး ရေးကို စက်တင်ဘာလမှာလုပ်နေတဲ့အခါမှ အောက်တိုဘာလမှာ မဲပေးခွင့်မရှိတော့ဘူးဆိုပြီးတော့ ကြေငြာ လိုက်ရင် ဒီဘက်မှာ ကြိုးစားနေကြတဲ့ကိစ္စတွေ အချည်းအနှီးဖြစ်သွားမှာကို စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးလှသိန်းအောင်ကလည်း “ကိုယ်စားလှယ်လောင်းက ဘယ်လောက်ပဲအကုန်အကျခံပြီးတော့ မဲဆွယ် စည်းရုံး ထားပါစေ၊ ဒီနေ့ နိုင်ငံရေးအခြေအနေအရ UEC က ရွေးကောက်ပွဲမဖြစ်တော့ဘူးလို့ ကြေငြာတဲ့အပေါ်မှာ လိုက်နာရဖို့ပဲရှိတယ်။ ကျနော်တို့ဘက်က ပြန်ပြီးပြောဆိုလို့ရတဲ့ အနေအထားက မရှိဘူး။ ဥပဒေအရတော့ ဘယ်လိုမှ ပြောဆိုလို့ရမယ့် အနေအထားတော့မမြင်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်ရှိသည့် မြို့နယ် ၁၇ ခုအတွင်းမှ မြို့နယ်(၅)ခုမှာသာ ရွေးကောက်ပွဲကို နေရာအကုန်ပြုလုပ် နိုင်မည်ဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ရခိုင်မြောက်ပိုင်းကတချို့နေရာများတွင် မြို့ပေါ်၌ ရွေးကောက်ပွဲကျင်းပနိုင်သော်လည်း နယ်ဘက်တွင် လုံခြုံရေးအရ ကျင်းပနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

ရခိုင်မှ မြို့နယ်တစ်ချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင် ပြည်သူများကိုကိုယ်စားပြုမှု၊ ပြည်သူများ၏ နစ်နာ မှုများကို စကားပြောခွင့်ရမည့်အခွင့်အရေးများ ပပျောက်သွားနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ