မီတာခဆောင်နေရပေမယ့် လျှပ်စစ်မီးနေ့စဉ်ရက်ဆက်ပြတ်တောက်နေတဲ့အပေါ် ပြည်သူတွေရဲ့အသံ

ရခိုင်ပြည်နယ်အတွင်းမှာ လျှပ်စစ်မီးသုံးစွဲသူတွေဟာ မီတာခကိုပုံမှန်ဆောင်နေရပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို လျှပ်စစ်မီးပြတ်တောက်မှုဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။ လျှပ်စစ်မီးပြတ်တောက်ရာမှာလည်း အချိန်အနည်းငယ်မဟုတ်ဘဲ နာရီကြာမြင့်စွာ ပြတ်တောက်နေတာဖြစ်တဲ့အတွက် လျှပ်စစ်မီးသုံးစွဲသူတွေဟာ အလုပ်အကိုင်တွေ ထိခိုက်နေကြရပါတယ်။

By DMG 16 Jan 2022

DMG ၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်အတွင်းမှာ လျှပ်စစ်မီးသုံးစွဲသူတွေဟာ မီတာခကိုပုံမှန်ဆောင်နေရပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို လျှပ်စစ်မီးပြတ်တောက်မှုဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။ လျှပ်စစ်မီးပြတ်တောက်ရာမှာလည်း အချိန်အနည်းငယ်မဟုတ်ဘဲ နာရီကြာမြင့်စွာ ပြတ်တောက်နေတာဖြစ်တဲ့အတွက် လျှပ်စစ်မီးသုံးစွဲသူတွေဟာ အလုပ်အကိုင်တွေ ထိခိုက်နေကြရပါတယ်။

အခုလိုလျှပ်စစ်မီးပြတ်တောက်မှုကြောင့် လျှပ်စစ်မီးသုံးစွဲသူတွေမှာ ဘယ်လိုအခက်အခဲတွေရှိနေကြသလဲဆိုတာကို DMG က မေးမြန်းတင်ဆက်လိုက်ပါတယ်။

ဦးစံရွှေသိန်း (ကျောင်းအုပ်၊ မဟာပညာကျော်ကိုယ်ပိုင်အထက်တန်းကျောင်း)

လျှပ်စစ်မီးမလာတော့ အခက်အခဲတွေအများကြီးကြုံရတယ်။ ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေဆိုမယ့်အချိန်ကလည်း နီးလာပြီ။ နေ့ခင်းမှာအလင်းရှိပေမယ့် ညအချိန်မီးမလာဘူးဆိုရင် ကလေးတွေမှာ စာလုပ်ဖို့အခက်အခဲရှိတယ်။ မီးစက်နှိုးပြီး မီးအလင်းပေးလို့ရတယ်ဆိုပေမယ့် အခုချိန်မှာ စက်သုံးဆီဈေးနှုန်းက ဈေးအရမ်းကြီးတယ်။ အရင်ကဆို အစိုးရကပြောထားတာ နှစ်နာရီပဲမီးဖြတ်မယ်တဲ့။ အခုကနှစ်နာရီလည်းမပြီး၊ သုံးနာရီနဲ့လည်းမပြီးဘူး။ တစ်ခါတစ်ခါဆို မီးကဗြုန်းစားကြီးသေသွားချိန် ဖယောင်းတိုင်နဲ့မီးထွန်းရတယ်။ အဲဒီလိုမီးထွန်းရတော့ တစ်ဖက်မှာလည်း ကလေးတွေအတွက် မီးဘေးအန္တရာယ်ကိုစိုးရိမ်ရတယ်။ မီးခဏခဏပြတ်နေတော့ စာသင်ကြားရေးအပိုင်းမှာအခက်အခဲရှိတယ်။

တစ်ရက်တည်းမှာနှစ်ခါလောက် လျှပ်စစ်မီးသေသွားတဲ့ရက်တွေလည်းရှိတယ်။ ဟိုတလောကဆို အစိုးကနေ တစ်ရက်ကိုနှစ်နာရီလောက် အလှည့်ကျလျှပ်စစ်မီးဖြတ်မယ်ဆိုတာ ကြားလိုက်တယ်။ အခုကအဲဒီလိုမဟုတ်တော့ဘူး။ သုံးနာရီလောက်လျှပ်စစ်မီးပြတ်တဲ့ရက်တွေလည်းရှိတယ်။ စက်သုံးဆီဈေးကကြီးသလို မီးစက်တွေကို အဆောင်တိုင်းမှာပေးမထားနိုင်ဘူး။ ဒါကျနော်တစ်ယောက်တည်းအတွက်ပြောတာမဟုတ်ဘူး။ မီးစက်မရှိတဲ့ ဘော်ဒါတောင်တွေဆို ဖယောင်းတိုင်နဲ့စာသင်နေရတာ။ ဒါဆိုမီးဘေးအန္တရာယ်အတွက် စိုးရိမ်ရတယ်။ ကျနော်တို့ရခိုင်ပြည်မှာဆို လူတိုင်း လစဉ်ပုံမှန် ကျသင်တဲ့မီးတာခကိုပေးဆောင်နေကြတာ။ ဒါပေမဲ့ မီးကျတော့ ပုံမှန်ထက်ကိုမီးပြတ်တဲ့အချိန်က အရင်ထက်ပိုများလာတယ်။ ကျနော့်နေအိမ်ဆို တစ်လကိုမီတာခ နှစ်သောင်းကျော်လောက်ပေးဆောင်ရတယ်။ မီတာခပေးသွင်းဖို့ကို ကျနော်တို့ဘက်က လုံးဝမပျက်ကွက်ခဲ့ဘူး။ ရခိုင်ပြည်မှာက မီးတာခမဆောင်ဘူးဆိုရင် ဒဏ်ကြေးငွေသုံးလေးသောင်းကျပ် ပေးဆောင်ရသေးတယ်။

ဦးခင်မောင်ကြီး (စီးပွားရေးလုပ်ငန်းရှင်)

လျှပ်စစ်မီးက လူမှုဘဝပတ်ဝန်းကျင်မှာ မရှိမဖြစ်ဆိုတဲ့အနေအထားပါ။ ဆိုတော့ အခုလိုမျိုး မီးခဏခဏပြတ်နေတော့ ကုန်ထုတ်လုပ်မှုအပိုင်းမှာ အဆင်မပြေဘူး။ ပြည်သူတွေအတွက်မှာလည်း ထမင်းဟင်းချက်ရတာ အခြားလျှပ်စစ်မီးနဲ့အသုံးပြုရတဲ့အပိုင်းတွေမှာပါ အဆင်မပြေကြဘူး။ မီတာခမဆောင်လို့ မီးဖြတ်တယ်ဆိုတာကို အစိုးရကပြည်သူလူထုထံ အလေးထားပြီးတော့ စဉ်းစားပေးရမယ်။ ကျနော်တို့ရခိုင်ပြည်မှာ မီးတာခမဆောင်ဘူးဆိုတာ မရှိဘူးလို့ထင်ပါတယ်။ ကျနော်ဆိုရင်လည်း အိမ်မှာရှိတဲ့ လုပ်ငန်းရော၊ ကုမ္ပဏီမှာရှိတဲ့လုပ်ငန်းတွေရော မီတာခက အမြဲတမ်းပေးဆောင်နေတယ်။ သို့သော်လည်း ဒီလိုမျိုးမီးမမှန်တဲ့အခါမှာ ဆန်စက်လုပ်ငန်းတွေဆိုရင် ဆန်စပါးကြိတ်ခွဲဖို့အတွက် လုပ်ငန်းတွေကိုရပ်ထားရတဲ့အနေအထာတွေဖြစ်တယ်။ မီတာခမဆောင်တာကြောင့်မီးဖြတ်တဲ့အပိုင်းက သာမန်အားဖြင့်ပြောရတာကောင်းပေးမယ့် အစိုးရတစ်ရပ်အနေနဲ့တော့ တာဝန်အပြည့်အဝ မဆောင်နိုင်တဲ့အနေအထားမျိုးလို ပြောလို့ရတာပေါ့၊

အစိုးရအနေနဲ့လည်း ကြိုတင်ပြီးတော့အသိပေးတာတွေ၊ ဘယ်ပချိန်ကနေဘယ်အချိန်ထိ မီးပြတ်မယ်ဆိုတာတွေကို အသိပေးတာမျိုး ကျနော်တို့မတွေ့ဖူးသေးဘူး။ အခုချိန်မှာတော့ အစိုးရကိုပြောရမှာကလည်း မနိုင်ဝန်ထမ်းနေရတဲ့ပုံစံမျိုးဖြစ်နေတာကို တွေ့ရတယ်။

မမေသန်းနု (စစ်တွေမြို့ဒေသခံ)

မီးပြတ်တာကြောင့် online ကတင်ရတဲ့ online shop ကိစ္စတွေ အဆင်မပြေတာတွေ။ နံနက်ပိုင်းဆိုရင်လည်း အလုပ်သွားဖို့အတွက် စားရသောက်ရတာလည်းအဆင်မပြေဘူး။ အလုပ်ကအချိန်နဲ့ သွားနေရတာမှာ ထမင်းချက်တာတွေနောက်ကျသွားတယ်ပေါ့။ လုပ်ငန်းပိုင်းက ရုံးအလုပ်တွေနဲ့ စာလုပ်ရတာတွေလည်းအဆင်မပြေဘူးလေ။ မီးမရတာကြောင့် မီးသွေးနဲ့ချက်ရတော့ မလိုအပ်ပဲငွေတွေပိုကုန်သွားတယ်။ မီးသွေးခကုန်ပြီး မီတာခလျော့လားဆိုတော့ မီတာခလည်းမလျော့ဘူး။ မီတာခက ပိုပြီးတော့တောင်များလာတယ်ဆိုတော့ အချိန်လည်းကြန့်ကြာတယ်၊ လူလည်းပင်ပန်းတယ်၊ ငွေလည်ကုန်တယ်လေ။ မီးဖြတ်ဖို့ဟာကိုလည်း ရပ်ကွက်တွေမှာ ဟောတာတွေရှိတော့ရှိနေတယ်။ ဒါပေမဲ့ ဟောထားတာကတစ်ချိန်ဖြစ်ပြီးတော့ နှစ်ချိန်မီးဖြတ်သွားတာလည်းရှိတယ်။

EPC ဖက်ကလည်း မီးကြိုးတွေ၊ ပင်မမီးပိုက်လိုင်းတွေ လုပ်နေတာကြောင်း မီးဖြတ်တယ်လို့ပြောတာမျိုးလည်းရှိတယ်ပေ့ါ။ ဒါပေမဲ့ အချိန်အတိအကျတစ်ခုခု ချမှတ်ပြီးတော့ ရပ်ကွက်အလိုက် အလုပ်ချိန်မှာမဟုတ်ဘဲ၊ အသုံးမများတဲ့အချိန်တွေမှာ ဖြတ်စေချင်ပါတယ်။ မီတာကိုလည်း တိတိကျကျစစ်စေချင်တယ်။ အခုက သုံးရင်လည်းအဲဒီလောက်၊ မသုံးရင်လည်းအဲဒီလောက်ပေးနေရတယ်လို့ပြောတာတွေ ကြားနေရတယ်။ ဘယ်လိုပုံစံမျိုးစစ်ဆေးလဲဆိုတော့ ကျမတို့လည်းမသိဘူးပေါ့၊ သူတို့ကိုမေးရင်လည်း သေချာမပြောပြ အဲဒီလိုမျိုးတွေရှိတယ်။ ဆိုတော့ မီတာစစ်တာတွေကို တိတိကျကျလုပ်စေချင်တယ်။ online ပေါ်မှာလည်း မီးမသုံးဘဲ သိန်းကျော်ပေးရတာတွေလည်း ရှိနေတယ်ပေါ့။ အဲဒီလိုမျိုးမဖြစ်စေချင်ဘူး၊ သူတို့ဖက်က အဆင်မပြေတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေဖက်ပါ အဆင်ပြေအောင်လုပ်ပေးစေချင်တယ်။

ကိုထွန်းကြည် (ကျောက်ဖြူဒေသခံ)

ရခိုင်ပြည်မှာ လျှပ်စစ်မီးအသုံးပြုပြီး တစ်နေ့တာလုပ်ငန်းတွေ လည်ပတ်နေကြသူအများကြီးရှိတယ်။ ဆိုတော့ လျှပ်စစ်မီးပြတ်ပြီဆို အဲဒီလူတွေရဲ့ အလုပ်အကိုင်တွေမလည်ပတ်နိုင်တော့ဘူး။ မီးက လာချင်တဲ့အချိန်လာတယ်။ ပြတ်ချင်တဲ့အချိန်ပြတ်တယ်။ အဲဒီအခါကျတော့ လူတွေရဲ့လုပ်အားခတွေဆုံးရှုံးရတယ်။ နောက်တစ်ခုက ဖုန်းဆိုင်တွေမှာဆိုရင် ကိုယ့်ရဲ့ဖောက်သည်တွေကို အချိန်မီဝန်ဆောင်မှုကောင်းအောင်မလုပ်ပေးနိုင်တော့ဘူး။ လျှပ်စစ်မီး ခဏခဏပြတ်နေတာဟာ လူမှုဘဝတစ်ခုလုံးကို ထိခိုက်တယ်လို့မြင်တယ်။ တစ်နေ့တာလှုပ်ရှားနေရတဲ့ လူမှုဘဝကို ထိခိုက်နေရတယ်လို့မြင်တယ်။

မီတာခမဆောင်တာကြောင့် မီးဖြတ်တယ်လို့ပြောပြီး ဆင်ခြေပေးလို့မရဘူး။ အစိုးရဆိုတာက ပြည်သူကို ဆင်ခြေပေးလိုမရဘူး။ မီတာခမဆောင်ရင် ပေးဆောင်ဖို့လုပ်ရမှာက အစိုးရတာဝန်။ ပြည်သူက ဘာကြောင့်မီတာခမဆောင်တာလည်းဆိုတာကို သူတို့ရအောင်အဖြေရှာရမယ်။ မီတာခမဆောင်လို့ မီးဖြတ်တယ်ဆိုတာက ပြည်သူကိုဆင်ခြေပေးတဲ့ အခြေအနေတစ်ခုပဲဖြစ်တယ်။ အဲဒါက အစိုးရတစ်ရပ်အတွက် လုံ့လောက်တဲ့အဖြေတစ်ခုတော့မဟုတ်ဘူး။ မီးဖြတ်ဖို့ စစ်ကောင်စီကကြေညာထားတာလည်းရှိတယ်။ သူတို့မှာ အရင်ကတည်းက မီးဖြတ်ဖို့ခွဲထားတဲ့ဧရိယာတွေရှိတယ်။ ဘယ်ချိန်ကနေဘယ်ချိန်ထိ ပြတ်မယ်ဆိုပြီးတော့ ခွဲထားတာရှိတယ်။ ဒါပေမဲ့မီးပြတ်တာက သူတို့တရားဝင်ကြေညာထားတဲ့အချိန်မဟုတ်ဘဲ ဖြတ်ချင်တဲ့အချိန်ဖြတ်တယ်။ ကျနော်တို့လို လျှပ်စစ်မီးကိုမှီခိုပြီးတော့ သက်မွေးဝမ်းကျောင်းပြုနေရတဲ့လူတွေအတွက် ပိုပြီးတော့ခက်ခဲသွားတာပေါ့။

ဒေါ်ကျော့စိန် (ဥက္ကဋ္ဌ၊ ရခိုင်အလင်းတံခါး)

အခက်အခဲတွေကအများကြီးပဲ၊ ထမင်းချက်နေရင်းတန်းလန်းလည်း မီးပျက်သွားတော့ ထမင်းအိုးတွေလွှင့်ပစ်လိုက်ရတာတွေ၊ နောက်ပြီးတော့ ရေတင်မယ့်အချိန်မှာ ရေတင်မရတော့အခက်အခဲတွေဖြစ်တယ်။
မီးဖြတ်တာကြောင့် မီတာခ လာကောက်ရင်လည်း မီတာခကမလျော့ဘူး။ အရင်ကထက် ပိုတောင်ပိုသွားသေးတယ်။ အဲဒါကြောင့် အစိုးရမှာ ဘယ်လိုမျိုးလုပ်နေကြလဲဆိုတာကို ကျမတို့လည်းမသိဘူး။ ဥပမာ- တစ်လပိတ်မယ်ဆိုရင်တောင် တစ်လပိတ်မယ့်ပေါ့။ ၁၀ ရက်ဆိုရင် ၁၀ ရက်ပိတ်မယ်။ အဲဒီလိုမျိုးလည်းမဟုတ်ဘူး။ ထမင်းချက်နေရင်လည်းပြတ်သွားတယ်။ တစ်ရက်လုံးပြန်လည်း မီးမလာတော့ဘူး။ ကျောင်းသားမိဘတွေမှာလည်း အခက်အခဲအမျိုးမျိုးရှိတယ်။ ဥပမာ- တစ်ရက်မှာ မိုးထ ၆ နာရီလောက်မှာ မီးသတ်တယ်ဆိုရင်လည်း ၈ နာရီလောက်ကနေ ၁၂ နာရီထိပေးပေါ့။ နောက်ညဖက်အချိန်ဆိုရင်လည်း ၄ နာရီလောက်က ပြတ်သွားတယ်ဆိုရင်လည်း ညဖက် ၆ နာရီလောက်မှာ ပြန်လာပေါ့။ အဲဒီဆိုရင် အဆင်ပြေမယ်လို့ထင်တယ်။

တစ်ဖက်မှာလည်း မီးသွေးကဝယ်နေရတယ်။ မီတာခကလည်း တစ်လမှာ နှစ်သောင်းခွဲ၊ သုံးသောင်း အဲဒီလိုမျိုးပေးရတယ်။ မီးတွေကလည်း အရင်ဆိုရင် တစ်အိတ်ကို ၆၀၀၀ ပေးရတယ်။ အခုက တစ်အိတ်ကို ၈၅၀၀ ကျပ်ပေးရတယ်။ မီးဖြတ်မယ့်ဟာကိုလည်း အသိပေးပြီးတော့မဖြတ်ဘူး။ ဖြတ်ချင်တဲ့အချိန်မှာ ဖြတ်လိုက်တယ်။ EPC ကိုပြောချင်တာက အခုလိုမျိုး မီးကိုဖြတ်မယ့်အချိန်ကို အတိအကျပြော၊ အတိအကျပြောပြီးတော့ဖြတ်။ ဘယ်ချိန်ကနေဘယ်အချိန်ထိ ဖြတ်မယ့်ပြောပေါ့။ အဲဒါကြောင့် အစိုးရကိုလည်းပြောချင်တယ်၊ ရခိုင်ကထွက်တဲ့ ဓာတ်ငွေနဲ့ ရခိုင်သားတွေအတွက် မီးကိုလုံလုံလောက်လောက်ရစေချင်တယ်။ ကျမတို့ရခိုင်က ဓာတ်ငွေ့ထွက်နေတာ ကျမတို့ဖယောင်တိုင်းထွန်းနေရတယ်။

အမည်မဖော်လိုသည့် မြို့နယ်ဆေးရုံအုပ်တစ်ဦး

မီးပျက်ရင်တော့ မီးစက်နှိုးရတယ်။ အခုကတစ်နိုင်ငံလုံးမှာ ခဏခဏမီးပြတ်နေတဲ့ အနေအထားဖြစ်နေတယ်။ အလုပ်က ရပ်ထားလို့မရဘူး။ လိုအပ်ရင် မီးစက်နှိုးရတာပေါ့။ မီးစက်နှိုးရတော့ စက်သုံးဆီစရိတ်ကာမိတဲ့အခါရှိသလို မကာမိတဲ့အခါမှာလည်း ဝန်ထမ်းလစာငွေထဲက ထုတ်သုံးရတာမျိုးလည်းရှိတယ်။ ဒါပေမဲ့ ကျနော်တို့အခုအသုံးပြုနေတဲ့ မီးစက်တွေက တစ်ပိုင်တစ်နိုင်အသုံးပြုတဲ့စက်တွေဖြစ်တာမို့ အခက်အခဲတော့မရှိသေးပါဘူး။ ဆေးရုံကငယ်တော့လေ။ မီးပြတ်မယ့်အချိန်ကို ကြေညာထားတဲ့အခါရှိပေမယ့် အချိန်မတိကျတဲ့အခါတွေလည်းရှိတယ်။ သူတို့ဘယ်လိုစီမံနေလဲဆိုတာကိုတော့ ကျနော်တို့လည်းမသိဘူးလေ။ အဲဒါကိုမေးတော့လည်း တိကျတဲ့အဖြေမရပါဘူး၊ တစ်ခါတစ်ခါ အချိန်မှားပြီးတော့ မီးဖြတ်တဲ့အခါတွေလည်းရှိမယ်ထင်ပါတယ်။ သေချာတာကတော့ သူတို့မီးဖြတ်တဲ့အချိန် အတိအကျတော့မရှိပါဘူး။ မီးကရေရှည်ပြတ်နေရင်တော့ အဆင်မပြေဘူး။ အရေးတယူပဲ ကျနော်တို့စက်သုံးဆီစရိတ်တွေကို နိုင်ငံတော်အစိုးရဆီတင်ပြတောင်းဆိုရမှာပေါ့။ လျှပ်စစ်မီး ပုံမှန်ရစေချင်ပါတယ်။

#R004

ဗီဒီယိုများ