Covid-19 ထိန်းချုပ်ကာကွယ်ရေး အပစ်ရပ်နယ်မြေများထဲတွင် ရခိုင်နှင့်ချင်း မပါဝင်မှုအပေါ် သုံးသပ်ချက်များ

Covid -19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်က အပစ်ရပ်စဲရာတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အား ချန်လှပ်ထားမှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ အမြင်အချို့ကို DMG က စုစည်းဖာ်ပြလိုက်ရသည်။

14 May 2020

COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနိုင်ရေးအတွက် မေလ(၁၀)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း တပ်မတော်က မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေငြာထားသော အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌သာ ယင်းသို့ အပစ်ရပ်စဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရက ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ (၂၃) ရက်နေ့က ကြေညာခဲ့သည်။ ထို့ပြင် မောင်တောခရိုင်အတွင်း လှုပ်ရှားမှုများရှိခဲ့သည့် အာဆာအဖွဲ့ကိုလည်း ပြီးခဲ့သည့် အစိုးရလက်ထက်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနယ်မြေထဲတွင် ၎င်းနယ်မြေများ မပါဝင်ပေ။

Covid -19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ တပ်မတော်က အပစ်ရပ်စဲရာတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အား ချန်လှပ်ထားမှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ အမြင်အချို့ကို DMG က စုစည်းဖော်ပြလိုက်ရသည်။

  • ခိုင်ရိုးလ နှင့် မျိုးသီရိကျော် စုစည်းသည်။ 

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
မြေပုံမြို့နယ်၊ ရခိုင်ပြည်နယ်

ဒီဟာက ကိုဗစ်ရောဂါတားဆီးရေးမှာ တစ်ထောင့်တစ်နေရာက အထောက်ကူပြုနိုင်ဖို့အတွက် အပစ်ခတ်ရပ်စဲထားဖို့ဆိုပြီး ကြေညာတာ။ အရင်တုန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲမှုတွေရှိတယ်လို့ တပ်မတော်ဘက်က ကြေညာထားခဲ့တာတွေ ရှိခဲ့တယ်။

အဲဒီမှာလည်း ရခိုင်ပြည်မြောက်ပိုင်း စစ်ဖြစ်နေတဲ့ ဒေသတွေ မပါခဲ့ဘူး။ သူတို့က AA အကြမ်းဖက်အဖွဲ့မပါလို့ ပြောတာဟာ AA တပ်ဖွဲ့ဝင်တွေမှာ ရောဂါဖြစ်နေတာ မဟုတ်။ ရခိုင်ပြည်မြောက်ပိုင်းက ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်နေတာ။ အဲဒီမှာ အကြမ်းဖက်ဧရိယာဆိုတာကတော့ ပြည်သူတွေနဲ့ သက်ဆိုင်နေတယ်။ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA ရဲ့ အကျိုးစီးပွားထက် ဒီဒေသခံပြည်သူတွေရဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ရောဂါမဖြစ်ပွားအောင် အထောက်ကူပြုဖို့လုပ်ငန်းစဉ်အတွက် ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲထားတယ်ဆိုတာ ပေါ်လွင်ဖို့လိုတယ်။

အခုသူတို့ ကြေညာချက်အတိုင်းဆိုရင် အကြမ်းဖက်အဖွဲ့အစည်း ရှိတဲ့နယ်မြေ၊ အဲဒီနယ်မြေထဲမှာရှိတဲ့ ပြည်သူတွေဟာလည်း နိုင်ငံသူနိုင်ငံသားတွေ ဖြစ်တယ်။ အဲဒီနယ်မြေတွေ မပါဝင်တာဟာ AA ကို အပြစ်ဒဏ်ပေးတာ မဟုတ်ပဲ ပြည်သူတွေကို ပြစ်ဒဏ်ပေးတာနဲ့ တူနေတယ်။

အဲဒီဟာကို ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ မူတည်လို့မဟုတ်ဘဲနဲ့ ကိုဗစ်နဲ့ပတ်သက်လို့ သတ်မှတ်ထားတဲ့ နယ်မြေထဲမှာ ရခိုင်ပြည်နယ် မပါဆိုတာ။ ရခိုင်ပြည်သူတွေကို သပ်သပ်ကွက်ပြီးတော့ ချန်ထားခဲ့တယ်လို့မြင်တယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ကိုဗစ်ဆိုတာက တစ်နေရာဖြစ်ရင် တစ်နိုင်ငံလုံးမှာ ပြန့်ပွားနိုင်တဲ့အတွက် ရခိုင်မြောက်ပိုင်းကို ကွက်ပြီးတော့ ချန်ထားခဲ့တယ်ဆိုတာ အစိုးရမှာ စိတ်ရင်းစေတနာအမှန်၊ ရည်ရွယ်ချက်အမှန် မရှိဘူးလို့ ပြောချင်တယ်။ ဒါ AA ကို ပြစ်ဒဏ်ပေးရာ မကျဘဲ ရခိုင်ပြည်မြောက်ပိုင်းက ပြည်သူတွေကို ချန်လှပ်ထားတာနဲ့ တူနေတယ်။

ဦးမောင်မောင်စိုး
နိုင်ငံရေးလေ့လာသုံးသပ်သူ

ကိုရိုနာဗိုင်းရပ်စ်စတွေ့တဲ့ မတ်လ(၂၃)ရက်နေ့မှာ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရကကြေညာခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကိုဗစ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွေ လုပ်ခဲ့တယ်။

ဒါပေမယ့် ဒီမှာလည်းပဲ AA ကို ဒီ Covid-19 ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သတ်ပြီး ကမ်းလှမ်းတယ်လို့ ပြောတယ်။ ဒါပေမယ့် လက်ရှိငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ရင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA တို့ ARSA တို့ပေါ့နော်။ လောလောဆယ်မှာတော့ AA နဲ့ တိုက်ခိုက်နေတဲ့ အဲဒီနေရာတွေ မပါဘူးလို့ တပ်မတော်ကြေညာတယ်ဆိုတော့ နည်းနည်း နားလည်ရရှုပ်ထွေးတယ်။

အစိုးရက Covid-19 နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေငြာတယ်။ အပစ်ခတ်ရပ်စဲရေးမှာ AA မပါဘူးဆိုတော့ အစိုးရရဲ့ COVID-19 ပူးပေါင်းဆောင်ရွက်ရေးက အလိုလို ပျက်ပြယ်သွားတယ်လို့ပဲ ပြောရမယ်ပေါ့။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရရဲ့ Covid-19 ပူးပေါင်းဆောင်ရွက်ရေးနဲ့ AA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားတာနဲ့ လက်ရှိ တပ်မတော် ငြိမ်းချမ်းရေးကြေညာချက်မှာ ပါနေတဲ့အချက်တွေက ပဋိပက္ခတွေဖြစ်ပွားနိုင်တယ်။

ချုပ်လိုက်ရင်တော့ လောလောဆယ် တပ်မတော်ပစ်ခတ်ရပ်စဲရေးက AA မပါဘူး၊ ရခိုင်ပြည်မပါဘူး။ နောက်တခု အစိုးရရဲ့ Covid-19 ပူးပေါင်းဆောင်ရွက်ရေးကလည်း အလိုလိုပျက်ပြယ်သွားနိုင်တယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ မရပ်နိုင်တဲ့ပြဿနာပါပဲ။ ဆိုလိုတာကတော့ ၂၀၁၈ အကုန်ကစပြီး တပ်မတော်နဲ့ အပြင်းအထန် စစ်ပွဲေ တွဖြစ်နေတာက AA ပဲရှိတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့ဆိုတာက နယ်မြေကိစ္စအငြင်းပွားတာတွေပဲ ဖြစ်တယ်။ တိုက်ပွဲတွေလည်း နည်းနည်းပဲဖြစ်တယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာက AA နဲ့ဖြစ်နေတာ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ AA ကို အကြမ်းဖက်အဖွဲ့လို့ပဲ သတ်မှတ်ထားတယ်။ ပူးပေါင်းဆောင်ရွက်ရေး၊ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်ဘူးဆိုရင်တော့ ဒီစစ်ပွဲက ဘယ်တော့မှ ရပ်တန့်နိုင်မှာမဟုတ်သလို Covid-19 အတွက် ပူးပေါင်းဆောင်ရွက်နိုင်မှာလည်း မဟုတ်ဘူးလေ။

ဒေါက်တာညိုညိုသင်း
ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ

တပ်မတော်က အခုလိုမျိုး ငြိမ်းချမ်းရေးအတွက် ကြိုဆိုပြီးတော့ တိုက်ပွဲတွေရပ်ပေးတာတော့ ကျမတို့က ကြိုဆိုပါတယ်။ သို့သော်လည်းပဲ ငြိမ်းချမ်းရေးပေးလို့ရှိရင်လည်း ထိထိရောက်ရောက် တကယ်ရအောင်၊ ငြိမ်းချမ်းရေး တကယ်ဖြစ်အောင်ပေါ့နော် ခြွင်းချက်တခုအဖြစ် မထားသင့်ဘူး။ အခုကတော့ အကြမ်းဖက်အဖွဲ့တွေမပါဘူး ဆိုပြီးတော့ ခြွင်းချက်ထားတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးက ပေးတော့ပေးတယ်။ မရဘူးဖြစ်နေတယ်။ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့က ဒီလောက်ထိကြီးကြီးကျယ်ကျယ် ဖြစ်နေတာ မရှိဘူးလေ။ အဓိက မြန်မာနိုင်ငံမှာ မငြိမ်းချမ်းတာက အခု မြန်မာ့တပ်မတော်နဲ့ AA နဲ့တိုက်ပွဲဖြစ်နေတာက တော်တော်လေးဆိုးဝါးတယ်။

မြန်မာ့တပ်မတော်က ပြည်သူလူထုကို တကယ် ငြိမ်းချမ်းရေးပေးချင်တယ်ဆိုရင် ကန့်သတ်ချက်တွေ မထားသင့်ဘူး။ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမဆို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရမယ်။ အင်အားကြီးတဲ့လူက ဆွေးနွေးနိုင်ရမယ်။ အင်အားကြီးတဲ့ လူကပိုပြီးတော့ သတ္တိရှိရမယ်။

ဒါကြောင့်မို့လိ့ု အခုလိုမျိုးခြွင်းချက်ထားပြီးတော့ ငြိမ်းချမ်းရေး ကမ်းလှမ်းတာမျိုး မဖြစ်သင့်ဘူး။ ငြိမ်ချမ်းရေးအတွက် ခေတ္တ အပစ်ခတ်ရပ်စဲ ရပ်စဲ၊ ထာဝရပဲ အပစ်ခတ်ရပ်စဲ ရပ်စဲ ခြွင်းချက်မရှိအောင်ပေါ့နော်၊ ခြွင်းချက်မရှိတာ ဆောင်ရွက်သင့်တယ်။

အဲလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေမပါဝင်ဘူးလို့ ခြွင်းချက်ထားလိုက်တဲ့အခါကျတော့ အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုအတွက်ကို ကိုယ်ကမစဉ်းစားရာကျတယ်။ မငဲ့ညှာရာကျတယ်။ အဲတော့ပြောစရာရှိတယ်။ ဒါဆိုရင် AA ကကော ဘာကြောင့် တိုက်ပွဲဝင်နေကြတာလည်းပေါ့နော်။ ဒါမျိုး ပြောစရာတွေ ရှိလာတယ်ပေါ့။

အဲဒီတာ့ AA ဖက်ကလည်းပဲ တပ်မတော်ဖက်က ငြိမ်းချမ်းရေးအတွက် စိတ်ပါဝင်စားလာတဲ့ အချိန်အခါမျိုးမှာ ကိုယ်ကလည်းပဲ စတင်ပြီးတော့ပေါ့နော် ဒါငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းတာတို့ဘာတို့လုပ်သင့်တယ်။ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကိုစိတ်ပါဝင်စားမှပဲ ဒီပြည်နယ်က ငြိမ်းချမ်းရေးရမှာလေ။ မဟုတ်လို့ရှိရင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ကြတယ်။ သေဆုံးကြတယ်။

ဒါကြောင့်မို့လို့ ပြည်သူလူထုကို ချစ်တယ်ဆိုရင်တော့ တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုရင်တော့ ဒီဒေသမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်မတော်ကော၊ AA ကော အခြားသော AA ကို လက်ခံထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကော အားလုံးက ရခိုင်ပြည်ရဲ့ ပြည်သူလူထုမျက်နှာကိုကြည့်ပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို စတင်သင့်တယ်။ ခြွင်းချက်ဆိုတာ မထားသင့်ဘူးလို့ ကျမတို့က မြင်တယ်ပေါ့နော်။

ဦးစိုးထက် (စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး)
ချင်းပြည်နယ်အစိုးရအဖွဲ့

နယ်မြေမှာလည်း မအေးချမ်းသေးတဲ့အတွက် (အခုထုတ်တဲ့ကြေငြာချက်မှာ) အကြမ်းဖက်အဖြစ် AA လို့ မဟုတ်ဘူး။ ARSA လည်းပါမယ်ထင်တယ်။ ARSA ကလည်း ရခိုင်ဘက်ရော ဒီပလက်ဝနယ်ဘက်ရော လှုပ်ရှားမှုတွေရှိနေတယ်လေ။ AA ရဲ့လှုပ်ရှားမှုလည်း ရှိတာပေါ့။ ဆိုတော့ တပ်ကတော့သူ့ဟာသူ ကြေညာပြီးသားပဲ။ ဒီနယ်မြေကို အေးချမ်းအောင် ရှင်းလင်းသွားမယ်လို့လေ။ အရင်တုန်းကလည်း ကြေညာတယ်။ အခုလည်း အဲဒီအတိုင်းပဲ လုပ်နေတာပေါ့နော်။

ပလက်ဝမြို့နယ်ဟာ အရင်တုန်းက အဖြူရောင်ပဲ အဖြူရောင်နယ်မြေ ဖြစ်တဲ့အထိကို သူတို့က ရည်စူးပြီးလုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မအေးချမ်းသေးတဲ့ နေရာဖြစ်တဲ့အတွက် အခုကတော့ တကယ့်ကို အနက်ရောင်နယ်မြေ ဖြစ်သွားပြီလေ။ အနက်ရောင်အဆင့်ကို ရောက်သွားပြီ။

ဆိုတော့ အဖြူရောင်ဖြစ်အောင် ရှင်းလင်းလုပ်မှာဖြစ်တဲ့အတွက် ဒေသခံတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ကတော့ တပ်မတော်လုပ်တဲ့အပေါ်မှာ ဘာမှမှတ်ချက်ပြုစရာမရှိပေမယ့် ဒါကတော့ အဖြူရောင်ဖြစ်အောင် လုပ်မယ်ဆိုတော့ ဆက်တိုက်ရှင်းလင်းမှုလုပ်သွားရမယ့်အနေအထားလို့ သိထားတာပေါ့နော်။

ဆိုတော့ ကျန်တဲ့နေရာဘက်မှာလည်း မအေးချမ်းပါဘူး။ မအေးချမ်းပေမယ့် အခုက အဆိုးဝါးဆုံးအခြေနေက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ကျွန်တော်တို့ ချင်းပြည်နယ် ပလက်ဝက အဓိကဖြစ်နေတာကိုး။

ပလက်ဝကလည်း အိန္ဒိယနယ်စပ်နဲ့လည်း ၄၅ ကီလိုမီတာလောက် နယ်နိမိတ်ထိစပ်နေတယ်။ ဘင်္ဂလားဒေ့ရှ် ၄၆ မိုင် နယ်နိမိတ်ထိစပ်နေတော့ AA တွေရဲ့ လှုပ်ရှားမှု ဝင်ထွက်ပေါက်က ဒီက အခုလည်း အဲဒီအတိုင်းပဲ သုံးနေတာဆိုတော့ အဲဒီအပေါ်မှာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် ဒီနေရာကို နောက်ထပ် အပစ်ခတ်ရပ်စဲရေး မလုပ်ဘဲ ဆက်ရှင်းနေတယ်လို့ ကျွန်တော်က သဘောပေါက်ပါတယ်။

ဦးရန်ကျော်
နိုင်ငံရေးလေ့လာသုံးသပ်သူ

အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအနေနဲ့ ထုတ်ပြန်တာကို တွေ့ရပါတယ်။ အဲဒီမှာ အချက်(၈)ချက်ပါပါတယ်။ အဲဒီမှာ အချက်နံပါတ် (၃)ကတော့ အထူးသတိပြုရမှာဖြစ်ပါတယ်။

အချက်ထဲမှာ သူက ခြွင်းချက်သဘောမျိုးဖြစ်နေတယ်။ ခြွင်းချက်အနေနဲ့ ထုတ်ပြန်တာထက်စာလို့ရှိရင် တပြေးညီငြိမ်းချမ်းရေးကို ထုတ်တာမျိုးကို ပိုကြိုက်ပါတယ်။ သို့သော်လည်းပဲ ဖြစ်ပေါ်နေတဲ့ အခြေနေအရ ဒီလို တပြေးညီထုတ်ရတာထက်စာရင်တော့ ခြွင်းချက်နဲ့ထုတ်တာလည်းပဲ သူတို့ကို လက်ညှိုးထိုးဖို့ကတော့ တော်တော်လေးခက်နေတာကို တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီနေရာ အချက်နံပါတ် (၃)မှာကတော့ သူကန ိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပလို့ ဆိုထားတဲ့အတွက်ကြောင့် AA တစ်ခုတည်းလို့တော့ ကောက်ချစွဲလို့ မရဘူးပေါ့လေ။

အခုနားကပြောသလို KNU တို့ဘာတို့ဆိုလို့ရှိရင် ဒီလက်မှတ်ထိုးပြီးတာနဲ့ ဒီအကြမ်းဖက်က ပစ်ပယ်သွားတယ်။ နို့မို့ဆိုရင် အကြမ်းဖက်က မပစ်ပယ်သရွှေ့ (၁၇)တို့ ဘာတို့က အမြဲတမ်းရှိနေတာကို။ ဒါကြောင့်မို့လို့ ဒီလိုမျိုးနဲ့ ပတ်သက်တယ်ဆိုလို့ရှိရင် သူက ဒါကတော့တူသလိုပါပဲ။ ဒီမြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ Biliteral တောင် မထိုးရသေးတာဆိုလို့ရှိရင် အားလုံးပေါင်း (၄) ဖွဲ့တောင်ကျန်နေသေးတယ်။ KIA ၊AA၊ TNLA၊ MNDAA။ ဒီ (၄) ဖွဲ့စလုံးကလည်း Bilateral မထိုးရသေးဘူးဆိုတော့ ဒီလိုနယ်မြေကိုလည်း ပါဝင်လားဆိုတာကိုလည်း အချက် နံပါတ် (၃)မှာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ခါ ခုနားကပြောသလို အချက်နံပါတ် ၄၊ ၅၊ ၆ ဆိုတာ တစ်ခါတစ်လေကျတော့ ဒီလိုအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ထားတဲ့အချိန်မှာ ဘာတွေလုပ်ထားလဲဆိုတော့ နယ်မြေတိုးချဲ့နေကြတာ။ အခုမှ မဟုတ်ဘူး။ အမြဲတမ်းပဲ။ နှစ်ဘက်စလုံးက ဒီနေရာကြီးကတော့ ကျွန်တော်တို့နေရာ။ ဟိုနေရာကတော့ ခင်ဗျားတို့နေရာဆိုပြီးတော့။ အပစ်ခတ်တိုက်ခိုက်မှုတွေမရှိတဲ့ အခါကျတော့ နယ်မြေတွေကို တိုးယူကြတာကလည်း ဒါထုံးတမ်းစဉ်လာလိုဖြစ်နေပြီ။

ထို့အတူပဲ အပစ်ခတ်ရပ်စဲထားတဲ့ကာလမှာ လူသစ်အင်အားတွေ စုဆောင်းကြပါတယ်။ လူသစ်စုဆောင်းတဲ့ နေရာမှာလည်း သူတို့စကားနဲ့ပြောရရင် အကြမ်းဖက်လို့ သတ်မှတ်ထားကြတယ်ပေါ့လေ။ ဒါကတော့ လက်လိုပါပဲ။ လက်ဆိုတာ ကြည့်တဲ့သူ မြင်တဲ့သူဘက်က အမြင်အတိုင်းပဲပြောတယ်။ လက်ဖဝါးဖက်ကမြင်ရင် လက်ဖဝါးလို့ ပြောကြပေမယ့်။ နောက်တစ်ဖက်ကကြည့်ရင် လက်ဖမိုးလို့ ပြောကြမှာပဲ။

ရခိုင်လူမျိုးတို့ရဲ့ ရေးရာအခွင့်အလမ်းတွေကို လက်နက်ကိုင်ပြီး ဖြေရှင်းမှရလိမ့်မယ်လို့ ထင်တဲ့လူတွေစုထားတာက AA ပဲ။ သူတို့ဟာလည်း ငါတို့သည် ရခိုင်အတွက် အလုပ်လုပ်တယ်လို့ပြောတယ်။ တစ်ဖက်မှာလည်း သူတို့သည် အကြမ်းဖက်သောင်းကျန်းသူလို့ပြောတယ်။ ဒါမျိုးကတော့ ပိုက်ဆံပြားရဲ့ခေါင်းနဲ့ပန်းလို တွဲနေတယ်။ ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကနေ ပြောကြတာပဲ။

အဲဒီတော့ ဒီဥစ္စာကို ယေဘုယျအားဖြင့်တော့ ကြိုဆိုရမှာဖြစ်ပေမယ့် ခြွင်းချက်တွေပါလာတော့ စိတ်မကောင်းပါဘူး။ အထူးသဖြင့် Covid-19 ကူးစက်ပြန့်ပွားတဲ့အခါမှာ AA မှ တပ်မတော်မှ TNLA၊ KIA မှ ကူးမှာလို့ သတ်မှတ်မထားပါဘူး။ သူကူးချင်တဲ့လူကို ကူးလို့ရပါတယ်။ အင်မတန် ကြောက်လန့်စရာကောင်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်နေပြီးတော့ ဆေးဝါးလည်းမပေါ်သေးတော့ ဒီအချိန်မှာ အားလုံးဟာ သတိထားရမှာပါ။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတာ အပစ်ခတ်တိုက်ခိုက်မှု ခေတ္တရပ်စဲရုံနဲ့ ငါတို့လူမျိုးတွေအတွက် ပစ်ခတ်တိုက်ခိုက်ပြီး ဖြေရှင်းမယ်ဆိုတဲ့အရာမျိုးနဲ့ နိုင်ငံတိုင်းမှာ ဘယ်မှာမှ ရတာကိုမတွေ့ရပါဘူး။ စားပွဲဝိုင်းပေါ်မှာထိုင်ပြီးတော့ ဖြေရှင်းမှ ဆွေးနွေးညှိနှိုင်းမှသာလျှင် အဖြေတစ်ခုရယူမှသာလျှင် ငြိမ်းချမ်းရေးက ရနိုင်ပါလိမ့်မယ်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ