စာရေးဆရာဝေဟင်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

သူတို့က လွှတ်ချိန်တန်လို့ လွှတ်ပေးလိုက်တယ်လို့မြင်တယ်။ ရှေ့မှာ ရခိုင်ပြည်သူတွေက ဆန္ဒပြပြီး တစ်မျိုး၊ ဆုတောင်းပွဲတစ်မျိုး၊ လက်မှတ်ထိုးလို့တစ်မျိုး အမျိုးမျိုးတောင်းဆိုခဲ့ကြတယ်။ နောက်ဆုံးအနေနဲ့ဆိုရင် ANP က ထုတ်ပြန်ချက်တွေထုတ်ပြီးတော့ သူတို့တိုက်တွန်းပြီးတောင်းဆိုခဲ့တာရှိတယ်။ ဒီအကုန်လုံးဝိုင်းပြီး တောင်းဆိုခဲ့ကြတဲ့ လူတွေအပေါ်မှာလည်း ကျေးဇူးတင်ပါတယ်၊ လွှတ်ပေးခဲ့တဲ့ ကာချုပ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

14 Feb 2021

"ကျနော်တို့က အပြစ်ပေးတာကို မခံခဲ့ရဘဲနဲ့ ဖိနှိပ်တာကိုခံခဲ့ရတယ်"

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စသည့်ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့ရသည့် စာရေးဆရာဝေဟင်အောင်သည် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုသို့ လွတ်မြောက်လာရခြင်းအပေါ်အမြင်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများကို DMG မှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ လွတ်မြောက်လာတဲ့အပေါ်မှာ စိတ်ခံစားချက်နဲ့ ပီတိစကားလေး ပြောပေးပါ။

ဖြေ။ အတိုင်းထက်အလွန်ပျော်တာပေ့ါဗျာ၊ မည်သူတစ်ဦးတစ်ယောက်မျှ ထောင်ထဲမှာ တစ်မိနစ်၊ တစ်စက္ကန့်မှ နေချင်ကြတာမဟုတ်ဘူးပေ့ါ။ လူတိုင်းက အဖမ်းခံရတယ်ဆိုကတည်းက ထောင်ထဲမှာနေချင်လို့ အဖမ်းခံရတာ မဟုတ်ဘူး။ပြဿနာတစ်စုံတစ်ရာကြောင့် အဖမ်းခံရတာဖြစ်တယ်။အဲတာကြောင့် လွတ်လာတဲ့အပေါ်မှာ အတိုင်းထက်အလွန်ပျော်တယ်၊ ဝမ်းသားမိတယ်လို့ ပြောချင်တယ်။

မေး။ တပ်မတော်အစိုးရလက်ထက် ပြည်ထောင်စုနေ့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းမှာပါဝင်လာပြီး လွတ်လာတဲ့ အပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ။ သူတို့က လွှတ်ချိန်တန်လို့ လွှတ်ပေးလိုက်တယ်လို့မြင်တယ်။ ရှေ့မှာ ရခိုင်ပြည်သူတွေက ဆန္ဒပြပြီး တစ်မျိုး၊ ဆုတောင်းပွဲတစ်မျိုး၊ လက်မှတ်ထိုးလို့တစ်မျိုး အမျိုးမျိုးတောင်းဆိုခဲ့ကြတယ်။ နောက်ဆုံးအနေနဲ့ဆိုရင် ANP က ထုတ်ပြန်ချက်တွေထုတ်ပြီးတော့ သူတို့တိုက်တွန်းပြီးတောင်းဆိုခဲ့တာရှိတယ်။ ဒီအကုန်လုံးဝိုင်းပြီး တောင်းဆိုခဲ့ကြတဲ့ လူတွေအပေါ်မှာလည်း ကျေးဇူးတင်ပါတယ်၊ လွှတ်ပေးခဲ့တဲ့ ကာချုပ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။ လွတ်မြောက်ဖို့အတွက် တောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေကို ဘာများပြောချင်လဲ။

ဖြေ။ ပြည်သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တိုလွတ်မြောက်ဖို့အတွက် စိတ်ဆင်းရဲခဲ့ကြရတယ်၊ ကိုယ်ဆင်းရဲခဲ့ကြရတယ်။ ဒီကြားထဲမှာ ကမ္ဘာမှာတစ်ခါမှမဖြစ်ဘူးတဲ့ ကိုဗစ်ကပ်ရောဂါဒဏ်ကိုလည်း ခံခဲ့ရတယ်။ နှစ်ပေါင်းသုံးလေးဆယ်လောက် ရခိုင်မှာတစ်ကြိမ်တစ်ခါမှ စစ်ပွဲမဖြစ်ဘူးတဲ့နေရာမှာ စစ်ဘေး ဒုက္ခသည်တွေဖြစ်လာတယ်၊ အိမ်တွေယာတွေမီးရှို့ခံခဲ့ရတယ်။ ပြီးတော့ တချို့လူတွေဖမ်းဆီးထောင်ချခံခဲ့ ရတယ်။ နောက်တချို့တွေဆိုရင် မိုင်းတွေကြောင့် ခြေပြတ်၊ လက်ပြတ်တွေဖြစ်တာ ဘဝတွေကအမျိုးမျိုးခံခဲ့ရပြီ။ ဒီဒုက္ခတွေဟာ ကုန်ဆုံးပြီလို့မပြောချင်ပေမယ့် ကျနော်တို့အတွက်နေပြီးတော့ အကောင်းဘက်ကိုဦးတည်လာပြီ၊ ရောင်ခြည်သန်းလာပြီလို့ပြောချင်တယ်။ ဆက်ပြီး အားတင်းထားကြပါ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျနော်တို့ဟာ ရခိုင်ပြည်အတွက် ဦးဆောင်ပေးပါမယ်၊ ပြည်သူနဲ့ တစ်သားတည်းရပ်တည်ပေးပါမယ်။ ရခိုင်ပြည်သူများအနေနဲ့ အားတင်းထားကြပါလို့ ပြောချင်ပါတယ်။

မေး။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်သွားမှာလဲ။

ဖြေ။ ရခိုင်ပြည်သူတွေအတွက် ရှေ့ဆက်ပြီးတော့လုပ်မှာပါ၊ အရင်တုန်းကလည်း စာပေ၊ ပရဟိတ စတဲ့နိုင်တဲ့ ဘက်က ကျနော်ထမ်းဆောင်ခဲ့တယ်။ နောက်ထပ် ကျနော်ထမ်းဆောင်မှာပါ။ ဒါပေမယ့် ဘာလုပ်မယ်ဆိုတာ ကိုတော့ လောလောဆယ်အကြံဉာဏ်မပေးနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ရှေ့မှာ ကျနော်သုံးနှစ် ကျော်လောက် အချိန်ပေးခဲ့ရတယ်။ အပြင်မှာဖြစ်နေတဲ့ကိစ္စတော်တော်များများကို ကျနော်မသိသေးဘူး။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုလောက်ထိကြည့်ပြီးရင်တော့ ကျနော်နိုင်တဲ့ဘက်က ဝင်ရောက် ထမ်းဆောင်မှာပါ။ ကျနော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်နိုင်သမျှဝိုင်းဝန်းပြီးတော့ကူညီမှာပါ။ ဒါတွေကတာ့ ယုံကြည်ပေးပါလို့ ပြောချင်ပါတယ်။

မေး။ အကျဉ်းကျခံခဲ့ရတဲ့အပေါ်မှာ ဘာများပြောချင်ပါလဲ။

ဖြေ။ တခါတခါမှာဖမ်းတာနဲ့ ပြန်ပြေးဆွဲတာနဲ့မတူဘူး၊ အပြစ်ပေးတာနဲ့ ဖိနှိပ်တာမတူဘူးဗျာ။ ကျနော်တို့က အပြစ်ပေးတာကို မခံခဲ့ရဘဲနဲ့ ဖိနှိပ်တာကိုခံခဲ့ရတယ်။ ဖမ်းတာကိုမခံခဲ့ရဘဲနဲ့ ပြန်ပြေးဆွဲတာကို ကျနော်တို့ ခံခဲ့ရတယ်။ ဒီအပေါ်မှာတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ဖြစ်တာက ဒီမိုကရေစီအစိုးရဆိုတဲ့ လက်ထက်မှာဖြစ်သွားတဲ့အတွက် ပိုပြီးတော့ခံစားရတာပေါ့။ နောက်နောင်ဒီဟာတွေကိုတော့ တိုင်းပြည် အုပ်ချုပ်မယ့်ခေါင်းဆောင်တွေလို့ ပြောတဲ့သူတွေက ဒီဟာလေးတွေကိုတော့ ဆင်ခြင်စေချင်တယ်လို့ ပြောချင်ပါတယ်။

မေး။ ကျန်ရှိနေတဲ့ အကျဉ်းသားတွေအတွက် ဘာများပြောချင်ပါလဲ။

ဖြေ။ အကျဉ်းထောင်မှတော့ ရခိုင်နဲ့ပတ်သက်တဲ့ AA နဲ့ပတ်သက်တဲ့လူတွေရှိမယ်၊ နောက်တစ်စုံတစ်ရာ နိုင်ငံရေးအရ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ကျနော်ညီကိုအုပ်စုတွေ ကျန်ခဲ့တယ်။ ဒီလူတွေလည်း အမြန်ဆုံးလွှတ်မြောက်စေချင်တယ်၊ လွတ်မြောက်ပါစေလို့လည်း မျှော်လင့်တယ်။ ကျနော် တို့လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သူတို့လွှတ်မြောက်ဖို့အတွက် ဆက်ပြီးတော့လုပ်ဆောင်လို့ရတဲ့အရာ ဟူသမျှ အကုန်လုံးကိုဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ ဖြည့်စွက်ပြီးတော့ ဘာများပြောချင်သလဲ။

ဖြေ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အပြင်ကိုထွက်လာခဲ့ပြီဖြစ်တယ်။ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်ဆိုတာ ကလည်း ရခိုင်ပြည်အတွက် တကယ်အလုပ်လုပ်တဲ့သူတွေပါ။ ကျနော်တို့ လွတ်လာပြီဆိုတော့ ကျနော်တို့ တက်နိုင်သမျှဦးဆောင်ပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားပါမယ်လို့ ထပ်လောင်ပြီးတော့ အားဖြည့်ပြောချင်ပါတယ်။

ဗီဒီယိုများ