ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့အပေါ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာမောင်မောင်စိုး၏ သဘောထားအမြင်

“ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ ၁၂၂ ပေါ့ဗျာ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တင်တဲ့ မှုပုဒ်မ ကတော့ ပြင်းထန်လွန်းတယ် ထင်ပါတယ်။ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုလောက်ဆိုရင်တော့ မများလောက်ဘူးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်း သားပေါ်ထွက်လာတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး”

By သက်နိုင် 21 Mar 2019

နိုင်ငံတော်အကြည်ညိုပျက်စေမှု နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတို့ဖြင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်သည်။ထို့ကြောင့် နိုင်ငံရေး သမားနှင့်စာရေးဆရာကို စာပေဟောပြောခြင်းနှင့်ပတ်သက်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို လူထု ကြားဝေဖန်မှုမြင့်တက်နေသည်။၎င်းတို့ကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး၏ သဘောထားအမြင်များကို  DMG ကဆက်သွယ်မေးမြန်းထားသည်။

သက်နိုင် ဆက်သွယ်မေးမြန်းသည်။

မေး။    ။ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး     ဘယ်လိုမြင်လဲ။

ဖြေ။     ။ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ ၁၂၂ ပေါ့ဗျာ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တင်တဲ့ မှုပုဒ်မ ကတော့ ပြင်းထန်လွန်းတယ် ထင်ပါတယ်။ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုလောက်ဆိုရင်တော့ မများလောက်ဘူးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်း သားပေါ်ထွက်လာတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

ဒေါက်တာအေးမောင်အနေနဲ့ ANP ပါတီကနုတ်ထွက်ထားပြီ ဖြစ်သော်လည်း ရခိုင်လူထုကြားထဲမှာ သြဇာရှိတဲ့ သို့မဟုတ် ရခိုင်လူထု နဲ့ လက်ရှိအနေအထားမှာ နိုင်ငံရေးအရတင်းမာမှုတွေ ရှိနေတဲ့အချိန်မှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင် တစ်ဦးကို အခုလို အမိန့်ချလိုက်တာဟာ ရခိုင်ပြည်မှာ လူမှုရေးတင်းမှာမှုကို ပိုပြီးတော့ ဖြစ်စေတယ်။ ဒီတင်းမာမှုတွေကို လျော့ချပြီးတော့ စေ့စပ်ဆွေးနွေးအဖြေရှာခြင်းနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း မှုကိုရနိုင်မယ်လို့ မြင်ပါတယ်။

ကျွန်တော်တို့ ဗမာပြည်မှာ ၈၈ ကစပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးထွက်ပေါ်ခဲ့တယ်။ နှစ်ရှည်ထောင်ချတာတွေ ပြုလုပ်ခဲ့တယ်။ ပြဿကို ဖြေရှင်းနိုင်လားဆိုတော့ မဖြေရှင်းနိုင်ပါဘူး။ ပိုပိုပြီးတော့ ဆိုးလာတယ်။ ၂၀၁၀ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်တယ် ပေးတယ်။ဖြေလျော့မှုတွေ လုပ်လာတဲ့ အခါမှာ ပြည်မ မှာရှိတဲ့ နိုင်ငံရေးတင်းမှာမှု လျော့ကျသွားခဲ့တယ်။

အဲလိုပဲ ရခိုင်မှာလည်း နိုင်ငံရေးတင်းမာမှုတွေ လျော့ကျသွားဖို့ ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေကို ဖြေလျော့ပြီးတော့ တွေ့ဆုံဆွေးနွေးအဖြေရှာတာကတော့ အကောင်းဆုံးနည်းလမ်းဖြစ် တယ်လို့ မြင်ပါတယ်။

မေး။    ။ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းနေတဲ့အခါ စာပေဟောပြောတာနဲ့ပတ်သက်ပြီး ဖမ်ဆီး၊ ထောင်ချတာကို ဘယ်လိုမြင်လဲ။

ဖြေ။     ။ စာပေဟောပြောပွဲတွေနဲ့ ပတ်သတ်လို့ကတော့ လွတ်လပ်ခွင့်တွေ ရှိဖို့တော့ လိုအပ်တာပေါ့ဗျာ။ ပြောတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ခါ  စွဲချက်တွေ တင်ကြတာကို စွဲချက်တွေတင်တဲ့ အခါမှာလည်း ဘယ်လိုအမြင်တွေရှိတယ်ဆိုတာမျိုးနဲ့ပတ်သက်လာရင် အမြင်မျိုးစုံရှိကြတယ်။ ဒါတွေကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာတော့ ညင်ညင်သာသာနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တာပေါ့။ မလိုအပ်တဲ့ ဆိုးကျိုးတင်းမာမှုတွေ ဖြစ်မလာအောင်တော့ ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။

မေး။    ။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အခုလို အမိန့်ချလိုက်တော့ ဘာတွေ သက်ရောက်မှုရှိလာနိုင်လဲ။

ဖြေ။     ။လောလောဆယ်မှာတော့ အေအေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပြီးတော့ တင်းမာမှုတွေ ရှိနေတဲ့ အချိန်မှာ တစ်ဖက်ကလည်း နိုင်ငံတော် လှိုဝှက် ဥပဒေအတွင်းလမ်းကြောင်းမှာလည်း ပိုပြီးတော့  နိုင်ငံရေးအကျဉ်သား ၊နိုင်ငံရေးပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချတဲ့အခါကျတော့ ပိုပြီးတော့ တင်းမာမှုတွေ ပိုဆိုးစေတယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်  လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ ဥပဒေနဲ့ နိုင်ငံရေးကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်။

မေး။    ။ သူတို့ကို အမိန့်ချလိုက်မှုကြောင့် ရခိုင်တွေနဲ့ NLD အစိုးရကြားမှာ ဆက်ဆံရေး တင်းမာမှု ရှိလာမယ့် အလား အလာတွေကို ရှိလာနိုင်လား။

ဖြေ။     ။အခုအချိန်ထိကတော့ တင်းမာနေပါတယ်။ အရင်တုန်းကလည်း တင်းမာတယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ရခိုင်လူထုအများစုရွေးချယ်ထားတဲ့ ANP ပါတီနဲ့ NLD ကတွေ့ဆုံဆွေးနွေးဖို့ ငြင်းဆိုခဲ့တဲ့နောက်ပိုင်း ဒီနေ့အထိ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့နောက်ပိုင်းမှာ တင်းမာမှုကတော့ တစ်ဖြည်းဖြည်း မြင့်တက်နေတယ်လို့ ထင်ပါတယ်။

မေး။    ။တင်းမာမှုတွေ ဖြစ်လာတဲ့နောက် အကျိုးဆက်ကဘာတွေ ဖြစ်လာနိုင်လဲ။

ဖြေ။     ။တင်းမာမှုရဲ့နောက်မှာတော့ ဘာဖြစ်လာမလဲဆိုတာကတော့ ဒီ NLD ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်တိုင်းကို အမြဲကန့်ကွက်နေကြတယ်။ ပြဿကိုညင်ညင်သာသာနဲ့ ကိုင်တွယ်မဖြေရှင်းနိုင်တာဟာ  အကျိုးဆက်လို့ထင်ပါတယ်။

မေး။    ။ ရခိုင်တွေရဲ့ အနေအထားက အခုအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ အခုလို အမိန့်ချလိုက်မှုကြောင့် ဒီလို အမျိုးသားရေးပြင်းထန်မှုကနေ ဘယ်လိုမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထင်လဲ။

ဖြေ။     ။ဒီအခြေအနေမျိုးမှာတော့ မီးလောင်ရာလေပင့်သလို ဖြစ်တာပေါ့။ အဲတော့ ကျွန်တော်တို့ မီးလောင်ရာ လေ့ပင်သလိုမဖြစ်အောင်၊ စစ်ရေးအရ တိုက်ပွဲတွေကို လျော့ချနိုင်ဖို့ဆိုရင် နိုင်ငံရေးပါဖို့ လိုအပ်တယ်။ နိုင်ငံရေး မပါဘူးဆိုရင်တော့ စစ်ရေးကပိုကျယ်လာနိုင်တယ်။

မေး။    ။ ရခိုင်အရေးက တော်တော်လေး ရှုပ်ထွေးနေတဲ့အခါမှာ သူတို့နှစ်ဦးအမှုနဲ့ပတ်သက်ပြီး အစိုးရ ဘယ်လို ကိုင်တွယ်ခဲ့သင့်လဲ။

 ဖြေ။     ။ အမှန်မှာတော့ ခုနားကကျွန်တော်ပြောသလိုပဲပေါ့ဗျာ။ သင့်လျော်တဲ့ ပုဒ်မတစ်ခုခုနဲ့ပေါ့နော်။ နိုင်ငံတော် ပုန်ကန်မှု ဆိုတာလည်း သင့်တော်တဲ့ ပုဒ်မတစ်ခုခုတပ်တာကောင်းပါတယ်။ NLD အစိုးရပြောတာလည်း ရှိတာကို နိုင်ငံရေး အကျဉ်းသားတစ်ယောက်ရှိရင်တောင် များလှတယ်လို့ ပြောတဲ့အချိန်မှာ အခု နိုင်ငံရေးပုဒ်မတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်တိုးလာတာကတော့ တိုင်းပြည်ရဲ့ အမျိုးသားရေး ရင်ကြားစေ့ရေး ကာလမှာတော့ မကောင်းဘူးပေါ့။

မေး။    ။အခုလိုအမိန့်ချလိုက်တာဟာ အမျိုးသားရေး ရင်ကြားစေ့ရေးလုပ်ငန်းကို ဘယ်လောက်ထိခိုင်စေလဲ။

ဖြေ။     ။ လောလောဆယ်မှာတော့ တိုင်းရင်းသားဒေသတွေမှာ ဒီဟာတွေက ဆက်တိုက်ဖြစ်နေတော့ NLDအစိုးရအနေနဲ့ပြန်လည်သုံးသပ်သင့်တယ်လို့မြင်တယ်။

 

ဗီဒီယိုများ