ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နဲ့ သတင်းသမားတွေရဲ့ စကားသံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်အထိ ဖမ်းဆီးခံရတဲ့သတင်းသမားဦးရေမှာ ၁၀၀ ကျော် အထိရှိခဲ့ပြီး အဲဒီထဲကသေဆုံးသူတွေလည်းရှိခဲ့သလို ထောင်ဒဏ်ချခံရသူတွေ၊ တရားရင်ဆိုင်နေရသူတွေအပြင် ဖမ်းဝရမ်းထုတ်ခံထားရသူတွေ အများအပြားရှိပါတယ်။ ဒီနေ့(မေလ ၃ ရက်) ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ လက်ရှိသတင်းထောက်တွေရင်ဆိုင်နေရတဲ့ အခြေအနေတွေကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

03 May 2022

DMG ၊ မေ ၃
(Vox Pox)

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သည့်သတင်းမီဒီယာများကို စစ်ကောင်စီက ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။ မီဒီယာရုံးများကို ဝင်ရောက်စီးနင်းခြင်း၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း၊ ဆန္ဒထုတ်ဖော်ပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများကို ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်အထိ ဖမ်းဆီးခံရတဲ့သတင်းသမားဦးရေမှာ ၁၀၀ ကျော် အထိရှိခဲ့ပြီး အဲဒီထဲကသေဆုံးသူတွေလည်းရှိခဲ့သလို ထောင်ဒဏ်ချခံရသူတွေ၊ တရားရင်ဆိုင်နေရသူတွေအပြင် ဖမ်းဝရမ်းထုတ်ခံထားရသူတွေ အများအပြားရှိပါတယ်။ ဒီနေ့(မေလ ၃ ရက်) ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ လက်ရှိသတင်းထောက်တွေရင်ဆိုင်နေရတဲ့ အခြေအနေတွေကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဦးမြင့်ကျော် (ဝါရင့်သတင်းစာဆရာ)

သတင်းသမားတွေ ဘယ်လိုဆုံးရှုံးမှုတွေရှိနေလဲဆိုတော့ သတင်းဌာနတွေရပ်ဆိုင်းသွားတယ်။ လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေရှိသလို ဖမ်းဆီးတဲ့အန္တရယ်ကြောင့် ရပ်နားလိုက်ရတဲ့ သတင်းဌာနတွေလည်းရှိတယ်။ သတင်းသမားလို့ပြောရင် ဒီအချိန်မှာ အဖမ်းခံရနိုင်တဲ့ အန္တရာယ်က ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ဘယ်ဌာနမှာလုပ်တယ်။ ဘယ်လိုဌာနမှာလုပ်တယ်ဆိုတာတော့ ပုံမှန်တော့ အတိုင်းအတာတစ်ခုအထိမူတည်ပေမယ့် လွပ်လပ်တဲ့မီဒီယာက သတင်းသမားဆိုရင်တော့ ၇၀ ရာခိုင်နှုန်းကတော့ ဖမ်းဆီးခံရနိုင်ခြေရှိတယ်။ ဘယ်လိုအဖြစ်အပျက်တွေ တင်ပြတာလဲဆိုတဲ့အပေါ်မှာလည်း မူတည်တာပေါ့နော်။

သတင်းသမားတွေ တော်တော်များများ အိမ်နီးချင်းနိုင်ငံတို့၊ တတိယနိုင်ငံတို့ကို ရွှေ့ပြောင်းသွားကြ တာတွေကြောင့် ပြည်တွင်းကသတင်းသမားတွေက ဒီအချိန်မှာ ကျီးလန့်စာစားနေကြရတယ့် အခြေအနေမျိုး ရောက်နေကြတယ်။ ကမ္ဘာ့ဇာနယ်ဇင်းလွတ်လပ်ခွင့်နေ့၊ ဒီကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ သတင်းသမား ၅၀ ကျော်လောက်က ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ ကျန်တဲ့သမားတွေလည်း သတင်းသမားလို ခါတိုင်းလို ပွင့်ပွင့်လင်းလင်းပြောဆိုရဲ့တဲ့အနေအထား မရှိတော့ဘူးပေါ့နော်။ ဒီနေ့မှာပြောချင်တာတော့ သတင်းလွတ်လပ်ခွင့်အတွက် သတင်းအလုပ်ကိုမစွန့်လွှတ်ကြပါနဲ့။ နောက်တစ်ခုက လွတ်လပ်တဲ့ သတင်းမီဒီယာတစ်ခုအဖြစ်နဲ့ ရပ်တည်ဖို့ကြိုးစားနေတဲ့၊ လုပ်ဆောင်နေတဲ့ သတင်းသမားအားလုံးကို ဂုဏ်ယူပါတယ်။ နောက်တစ်ခုကတော့ ဒီလိုဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်အောက်မှာ ဒီသတင်းစာ professional သတင်းပညာကိုလည်း ကိုင်စွဲပြီးလုပ်နေတဲ့ သတင်းသမားတွေကိုလည်း အသိအမှတ်ပြုတယ်။

ကိုထွန်းသာ (လက်ထောက်အယ်ဒီတာ) (Western News)

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သတင်းဌာနတွေကို ပိတ်ထားတယ်။ သတင်းထောက်တွေလည်း ထောင်ချခံရတယ်။ ခြိမ်းခြောက်ခံရတယ်။ တရားစွဲခံရတယ်။ အဲဒီလိုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် လက်ရှိမြန်မာတစ်နိုင်ငံလုံးအနေနဲ့ သတင်းဌာနတွေ၊ သတင်းထောက်တွေအနေနဲ့ လွတ်လပ်ခွင်ဟာ လုံးဝဆုံးရှုံးနေရတယ်လို့ပြောလို့ရပါတယ်။ ရခိုင်ပြည်အနေနဲ့ ဆိုရင်လည်း ရခိုင်ပြည်မှာ သတင်းဌာနအဓိက ၃ ခုရှိတယ်။ အခုဆို ၅ ခုအထိရှိလာတယ်။ အဓိကဌာန ၃ ခု စလုံးဟာ တရားစွဲခံထားရတယ်။ တရားရင်ဆိုင်နေရတယ်။ အခုလက်ရှိ western News တရားစွဲ ခံထားရတယ်။ သတင်းဌာနကိုလည်း လွတ်လွတ်လပ်လပ်လုပ်လို့မရ။ သတင်းထောက်တွေလည်း ရှောင်ပြေးပြီးနေရတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် ဒီကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့၊ ကမ္ဘာဇာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ဘာတောင်းဆိုချင်လဲဆိုတော့ ကျွန်တော်တို့သတင်းသမားတွေကို လွတ်လွတ်လပ်လပ် သတင်းရေးပိုင်ခွင့်ပေးပါ။

ကျွန်တော်တို့သတင်းသမားတွေဟာ မည်သူတစ်ဦးတစ်ယောက်အတွက်မှ သတင်းရေးနေတာမဟုတ်။ ပြည်သူတွေအတွက် ကိုယ့်ပြည်ကိုယ့်နိုင်ငံကောင်းစားရေးအတွက် ဒီဟာကို လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ဟာ ဘယ်သူ့မျက်နှာမှ ကြည့်ပြီးအလုပ်လုပ်နေတာမဟုတ်။ အဲဒါကြောင့် ကျွန်တော်တို့ကို လွတ်လပ်စွာသတင်းရေးခွင့်ပေးပါ။ ပြည်သူတွေ၊ အစိုးရစီမံခန့်ခွဲ့ပြီးလုပ်နေကြတဲ့ သတင်းထောက်တွေဟာ သတင်းကိုမှန်မှန်ကန်ကန်မရခဲ့ဘူးဆိုရင် ဒီဟာက နိုင်ငံရေးကောင်းကျိုးတွေကိုလည်း လုပ်ပိုင်ခွင့်ရမှာမဟုတ်။ နိုင်ငံတစ်နိုင်ကောင်းစားဖို့အတွက်၊ ကုမ္ပဏီတစ်ခုကောင်းစားလာဖို့အတွက် information (သတင်းအချက်အလက်)စီးဆင်းမှု မှန်မှန်ကန်ကန်နဲ့ တိတိကျကျရနိုင်မှ နိုင်ငံတစ်နိုင်ငံအတွက် အထောက်အကူပြုမှာပါ။ အဲဒါကြောင့် သတင်းဌာနတွေကို လွတ်လွတ်လပ်လပ်နဲ့ မေးခွင့်ပြုပါ။ သတင်းတွေကို စီးဆင်းခွင့်ပြုပါလို့ပဲ ကျွန်တော်တို့ကပြောလိုပါတယ်။

ကောင်းမြတ်နိုင် (အယ်ဒီတာချုပ်) ၊(Border News Agency)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေ သတင်းမီဒီယာတွေ အကုန်ပါတာပေါ့နော်။ မြန်မာနိုင်ငံမှရှိတဲ့ သတင်းထောက်တွေ သတင်းမီဒီယာတွေဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောလို့ရမယ်ထင်တယ်။ ဘာလို့လည်းဆိုတော့ အရင်တုန်းက ဒီလိုစစ်အာဏာသိမ်းတဲ့ အခြေအနေတွေဖြစ်ခဲ့ဖူးလည်း  သတ်ဖြတ်ခံရတာတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေ မဖြစ်ခဲ့ဘူးလေ။ ဒီတစ်ကြိမ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာအားလုံးဟာ အဆိုးဝါးဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ပြောလို့ရတယ်။

စစ်အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အစိုးရပဲဖြစ်ဖြစ် စစ်မှန်တဲ့ပြည်သူ့အသံကို နားထောင်ပြီး ကိုယ့်ဟာကိုယ်အစိုးရအဖြစ် မှတ်ယူမယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်တွေ၊ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်တွေ၊ ပြည်သူ့အသံကို နားထောင်ဖို့အတွက်  မီဒီယာရဲ့အခန်းကဏ္ဍကိုအသိအမှတ်ပြုပြီး သတင်းမီဒီယာတွေကို သတင်းမီဒီယာများ၏ တည်ဆဲဥပဒေနဲ့အညီ လွတ်လပ်စွာရေးသားခွင့်တွေ၊ လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အဝ ပေးသင့်တယ်လို့ပြောချင်ပါတယ်။ NLD အစိုးရလက်ထက်ကနေ ရခိုင်မီဒီယာတစ်ချို့ကို တရားစွဲဆို ထားတာတွေ၊ အမှုဖွင့်ထားတာတွေလည်းရှိတယ်။ အဲဒါတွေနဲ့ပတ်သတ်ပြီး သတင်းသမားတွေက ပြစ်မှုကျူးလွန်တာမဟုတ်တဲ့အတွက် အဲဒီအမှုတွေအားလုံးကို ရုတ်သိမ်းပေးပါလို့ပြောချင်ပါတယ်။

မာန်ယုကျော် (လက်ထောက်အယ်ဒီတာ) နိရဉ္စရာသတင်းဌာန

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်က ဆုံးရှုံးသွားတယ်လို့ပြောလို့ရတယ်။ ဘာလို့ဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ဆိုင်တဲ့သတင်းတွေကို အများကြီးချင့်ချိန်ပြီး ရေးနေရပါတယ်။ သူတို့က ဘယ်အချိန်မှာမဆို လုပ်ပိုင်ခွင့်က လုံးဝအပြည့်အဝရသွားတဲ့အခါ စစ်အုပ်ချုပ်ရေးစနစ်ဖြစ်သွားတဲ့အခါ သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကိုရေးရင် တစ်ခုခုချွတ်ချော်သွားရင် သူတို့က ဘယ်အချိန်မှာမဆို ကျွန်တော်တို့ကို ဖမ်းဆီးအရေးယူမှုတွေ ဖမ်းဆီးထောင်ချမှုတွေ ရှိလာနိုင်ပါတယ်။ အဲဒါကြောင့် သူတို့နဲ့ပတ်သတ်တဲ့ သတင်းဆိုရင် အများကြီးဂရုစိုက်ပြီး ရေးနေရပါတယ်။ အစိုးရနဲ့ပတ်သက်တဲ့ သတင်းတွေဆိုရင်လည်း ချင့်ချိန်ပြီးရေးရပါတယ်။ ဘာလို့ဆို အစိုးရတို့မည်သည်က သတင်းသမားတွေဆိုရင် သူတို့ရဲ့ရန်သူသဖွယ် သတ်မှတ်ထားတဲ့အခါ သူတို့နဲ့သက်ဆိုင်တဲ့သတင်းတွေကို အတည်ပြုဖို့ ဆက်သွယ်ရတဲ့အခါ အခက်အခဲ ရှိပါတယ်။ ဖုန်းမကိုင်တာတွေ သူတို့မဖြေချင်တာတွေ၊ အဲလိုအမျိုးမျိုးအခက်အခဲတွေကြားကနေ ကျွန်တော်တို့ ရေးသားတင်ပြနေရတဲ့အခါ ကျွန်တော်တို့အတွက် ဘက်လိုက်မှုဆိုတဲ့စကားလုံးအောက်မှာ စွပ်စွဲခံနေရပါတယ်။ ကျွန်တော်တို့က သတင်းတွေကို မျှမျှတတရေးချင်ရင်လည်း သူတို့ရဲ့အသံ၊ အစိုးရရဲ့အသံ၊ စစ်တပ်ရဲ့အသံကို မရတဲ့အခါ ကျွန်တော်တို့မှာမဖော်ပြလိုက်နိုင်တဲ့ သတင်းတွေရှိသလို ဖော်ပြလိုက်ပြန်ရင်လည်း သူတို့အသံ မပါတဲ့အတွက် ကျွန်တော်တို့မှာ သူတို့ရဲ့အရေးယူခံမှုတွေ ရှိလာနိုင်ပါတယ်။ အဲဒါကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အများကြီးဆုံးရှုံးနေတယ်လို့ပြောလို့ရပါတယ်။

ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့မှာ ကျွန်တော်တောင်းဆိုချင်တာက ရခိုင်ကသတင်းသမားတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးက သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေ ရချင်ပါတယ်။ ဘာလို့ဆို မီဒီယာဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတစ်ခု ဖွံဖြိုးတိုးတက်ဖို့၊ ကျေးရွာတစ်ရွာဖွံဖြိုးတိုးတက်ဖို့၊ မြို့တစ်မြို့ဖွံဖြိုးတိုးတက်ဖို့အတွက် ကောင်းကောင်းအရေးပါတဲ့ မဏ္ဍိုင်ဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ရချင်ပါတယ်။ လွတ်လပ်ခွင့်မရှိဘဲဓားသွားထက်မှာ ရပ်နေရသလို စာရေးနေရတဲ့အခါ ကျွန်တော်တို့အတွက်လည်း မကောင်းသလို ပြည်သူတွေအတွက်လည်း နားမျက်စိတွေကို ပိတ်ထားသလိုဖြစ်နေပါတယ်။

နောင်ခိုင်အောင် (အယ်ဒီတာချုပ်) (Voice of Westland)

သတင်းသမားတိုင်းရဲ့ပြသနာက ဘာလဲဆိုတော့ ခြိမ်းခြောက်မှုပေါ့။ ဥပဒေကို အမျိုးမျိုးပြုပြင်ပြီး ခြိမ်းခြောက်မှုတွေရှိတယ်။ အဲဒါတောင်မက ပြည်မဘက်မှာဆိုရင်လည်း ဖမ်းဆီးတာတွေရှိလာတယ်။ ရခိုင်ပြည်အတွင်းမှာဆိုရင်လည်း တစ်ချို့သတင်းဌာနတွေက ခေါင်းဆောင်တွေကို အလုပ်လုပ်နေကြတဲ့လူတွေကို တရားစွဲတာတွေလည်း ဖြစ်လာကြတယ်။ ပြီးရင် အခုစစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဆိုရင် ဖမ်းဆီးမယ်ဆိုတာတွေလည်း ရှိလာတယ်။ အဲဒါတွေက သတင်းလွတ်လပ်ခွင့်ကို အများကြီး‌ နှောင့်နှေးစေတယ်။ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တယ်လို့ယူဆတယ်။ ဒီနေ့လိုရက်မျိုးမှာ သတင်းသမားတွေကို လွှတ်ပေးစေချင်တယ်။ ဖမ်းဆီးထားတဲ့ သတင်းသမား ၅၀ ကျော်လောက်ကိုလည်း ဒီလိုရက်မျိုးမှာ လွှတ်ပေးစေချင်တယ်။

နှစ်သစ်ကူးနေ့တွေမှာ ထောင်ထဲကလူတွေကို လွှတ်ပေးသလို သတင်းသမား လွတ်လပ်ခွင့်နဲ့ဆိုင်တဲ့ ကမ္ဘာလုံးနဲ့ဆိုင်တဲ့ဒီနေ့လိုရက်မျိုးမှာ သတင်းသမားတွေကို လွှတ်ပေးစေချင်တယ်။သတင်းသမားအလုပ်ကို သတင်းသမားလုပ်လို့ရအောင်အထိ သူတို့အနေနဲ့ ခွင့်ပြုပေးသင့်တယ်။ တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကလည်း သတင်းသမားရဲ့ မျက်စိ၊နားထဲမှာရှိတယ်ပေါ့။ သတင်းသမားတွေရဲ့ တင်ပြချက်တွေအပေါ်မှာ ဝေဖန်သုံးသပ်ခံနိုင်တဲ့ တိုင်းပြည်နိုင်ငံအုပ်ချုပ်တဲ့လူတွေလို ဖြစ်စေချင်တယ်။ မီဒီယာသမားတွေဟာ များသောအားဖြင့် တိုင်းပြည်ကို ဆုတ်ယုတ်စေတဲ့ကိစ္စတွေကို ဘယ်တော့မှ လုပ်သွားမှာမဟုတ်။ တိုင်းပြည်ဖွံ့ဖြိုးရေးကာလမှာ မီဒီယာသမားတွေကို လွတ်လပ်စွာတင်ပြခွင့်ပေးပါလို့ပဲ ပြောချင်ပါတယ်။

ဗီဒီယိုများ