မောင်တောတောင်ပိုင်း အခြေချသူများ ပြောင်းရွှေ့ခံရကိစ္စ နှစ်ဖက်မေးမြန်းမှု

မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့နှင့် ဆင်ခေါင်ကျေးရွာတွင် သံတွဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ကျောက်တော် စတဲ့ မြို့နယ်တွေက ပြောင်းရွေ့လာပြီး အခြေချနေထိုင်တဲ့ မိသားစု ၆၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ခိုင်တို့ လာရောက်တွေ့ဆုံပြီး အပြုသဘောဆောင်ရှင်းပြခဲ့တာဖြစ်ကြောင်း၊ အတင်းအားဓမ္မ နှင်ထုတ်ခဲ့တာမရှိကြောင်း၊ 

28 Feb 2018

(မောင်တောတောင်ပိုင်း အခြေချနေထိုင်သူ မိသားစုတစ်စုအားတွေ့ရစဉ်။ ဓါတ်ပုံ - စိမ်းကိုကို/DMG)

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။    ။   မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့နှင့် ဆင်ခေါင်ကျေးရွာတွင် သံတွဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ကျောက်တော် စတဲ့ မြို့နယ်တွေက ပြောင်းရွေ့လာပြီး အခြေချနေထိုင်တဲ့ မိသားစု ၆၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ခိုင်တို့ လာရောက်တွေ့ဆုံပြီး အပြုသဘောဆောင်ရှင်းပြခဲ့တာဖြစ်ကြောင်း၊ အတင်းအားဓမ္မ နှင်ထုတ်ခဲ့တာမရှိကြောင်း၊  အခုလက်ရှိနေထိုင်နေတဲ့ နေရာဟာ အစိုးရခွင့်ပြုချက်ကြောင်း ဆောက်လုပ်နေထိုင်နေခြင်းမဟုတ်ကြောင်း၊ အစိုးရအနေနဲ့ အင်းဒင်ရွာတောင်ဘက်မှာ အိမ်ခြေ ၁၀၀ ပါဝင်တဲ့  ကျေးရွာသစ်တည်ဆောက်မည်ဖြစ်ပါကြောင်း၊ အဲဒီကျေးရွာသို့ရွေ့ပြောင်းလိုလျှင် ပြောင်းလိုရပါကြောင်း၊ နေအိမ်တွေပါဆောက်ပေးမှာဖြစ်ကြောင်း၊ စားနပ်ရိက္ခာတွေပါ ထောက်ပံ့ပေးမယ်လို့ ပြောဆိုခဲ့ကြကြောင်း၊ ရေလုပ်ငန်းလုပ်ကိုင်လိုသူတွေလည်း ငါးဖမ်းပိုက်ပါပေးမယ်ဖြစ်ပါကြောင်း ပြောဆို ခဲ့ပါတယ်လို့  အင်းဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကျော်စိုးမိုးက အတည်ပြုပြောပါတယ်။

အင်းဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကျော်စိုးမိုးက " ဟုတ်ပါတယ်။ ၂၄ ရက်နေ့က ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော်လည်းပါပါတယ်။ ဘာမှ မောက်မောက်မာမာ ပြောခဲ့တာမရှိပါဘူး။ အပြုသဘောနဲ့ ကျေးရွာသစ်ကိုလာဖို့ ဖိတ်ခေါ်တာသာဖြစ်ပါတယ်။ အခု ၎င်းဆင်ခေါင်းက ပြောင်းလာတဲ့ အိမ်ထောင်စု ၃၀ ကျော်ကို ရွာသစ်ဆောက်မယ့်နေရာသို့ ပြောင်းလာကြပါပြီ။ ပြောင်ရွေ့လိုသူကို ကျွန်တော်တို့က ကားပါစီစဉ်ပေးပါတယ်။ ဒီဖက်မှာ အိမ်ခြေ ၁၀၀ ပါတဲ့ ကျေးရွာသစ်တစ်ခု ကျွန်တော်တို့ တည်ဆောက်သွားမှာပါ။ အင်းဒင်ရွာကို မြို့အဆင့်အထိဖြစ်အောင် ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ကြိုးစားနေတာပါ။ အခု နွေရာသီမှာ သောက်ရေရှားပါးတာကြောင့် အထွေထွေအုပ်ချုပ်ရေး အစီအမံနဲ့ မီးသတ်ကားဖြင့်လာပြီး သောက်ရေတွေတောင် ဖြည့်စည်းပေးပါတယ်။ ရေလောင်တိုင်ကီ ၄ လုံးချပြီး ရေကိုထည့်ပေးထားတာပါ။ နောက်ပြီး ဆီ/ ဆား /ပဲ/ဆန် / အားလုံးထွေထွေက ထောက်ပံ့ထားပါတယ်။ ကျွန်တော်အမြင်ကတော အစိုးရနဲ့ပူပေါင်းပြီး ကျေးရွာသစ်တွေတည်ဆောက်ရာမှာ ပါဝင်သင့်ပါတယ်။ အခုက သူတို့ သဘောနဲ့သူတို့ နေထိုင်နေကြတယ်ဆိုတော မကောင်းဘူးပေါ့လေ။ ၎င်း ဆင်ခေါင်းရွာချတဲ့ နေရာနဲ့ အခုရွာချမယ့်နေရာက ၁ မိုင်ခွဲလောက်သာဝေးပါတယ်။ ဒါကို အကြောင်းပြပြီး သူတို့ လုပ်ငန်းခွင်ကိုသွားရတာ ဝေးတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ နောက် ဆင်ရိုင်းတွေဝင်တယ်။ အန္တရယ် များတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဆင်ရိုင်းတွေ မဝင်ဘူးလားဆိုတော့ ဝင်ပါတယ်။ ဒီရွာ တစ်ခု တည်းမဟုတ်ဘူး။ မေယုတောင်ခြေတစ်လျှောက် ရွာတိုင်းကို ဝင်နေကျပါ။ ယခုမှမဟုတ်ဘူး။ ဟို ယခင်ကတည်းက ဝင်ရောက်ခဲ့တာတွေရှိပါတယ်။ ဒါကို လူအင်အားနဲ့ အမြဲကာကွယ်နေကြတာပါပဲ။ ဒီမှာက နေအိမ်တွေ ဆောက်လာတဲ့အချိန်မှာ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာက အားလုံးလက်တွဲးပူးပေါင်းသင့်တယ်လို့မြင်မိပါတယ်။ အခု ၎င်းကျေးရွာသစ်မှာ အိမ်ထောင်စု ၄၀ ကျော်ရှိပြီး လူဦးရေ ၁၈၀ ကျော်လောက်ရှိပါတယ်။ " ဟု ပြောပါတယ်။

အင်းဒင်တောင်ပိုင်း ရွာသစ်ချမယ့်နေရာကို ပြောင်းရွေ့လာတဲ့ အိမ်ထောင်စု ၃၀ ကျော်မှ ကိုမိုးသီးအောင်က " ကျွန်တော်တို့အနေနဲ့ အခုလိုအချိန်မှာ သီးခြားရပ်တည်တာထက် အာဏာပိုင်တွေချပေးတဲ့နေရာမှာ တရားဝင်နေထိုင်သင့်တယ်လို့ထင်ပါတယ်။ နေအိမ်တွေ ဆောင်ပေးမယ်၊ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးလို့ ဒီဖက်ကို ပြောင်းလာတာတောမဟုတ်ဘူးဗျ။ သက်ဆိုင်ရာတွေက အကောင်းလုပ်တာပါ။ ဟို နေရာကလည်း တရားဝင်နေရာမဟုတ်ဘူး။ အခုက တရားဝင်နေရာချပေးတာဆိုတော့ အာမခံချက်ရှိတာပေါလေ။ နောင် လယ်မြေတွေပါပေးဖို့။ သူတို့က ပြောခဲ့ပါတယ်။ " ဟု ပြောပါတယ်။

ဆင်ခေါင်းကျေးရွာသစ်ကို ဦးဆောင်တည်ဆောက်တဲ့ ကိုထွန်းမြတ်ဦးကတော" သူတို့က ကျေးရွာသစ် တည်ဆောက်တဲ့နေရာ အိမ်ထောင်စုတွေရရှိဖို့အတွက် ရည်ရွယ်ပြီး အခုလိုလုပ်တာလို့ ကျွန်တော်တို့က သတ်မှတ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ရွာကို ပြောင်းခိုင်တယ်။ ပြောင်းလည်းပြောင်း ဖျက်လည်းဖျက်ပေါ့။ ဒီလို အမိန့်ပေးခဲ့တာ ကျွန်တော်တို့က ဒီရွာကို သံဃနာယာက ဥက္ကဌတို့ ရခိုင်ပါတီဥက္ကဌ တို့ ပါဝင်ပူပေါင်းမူနဲ့ တည်ဆောက်တာပါ။ ဒီလို လူကြီးတွေပါဝင်ပြီး တည်ဆောက်ထောင်ထားတဲ့ ရွာဖြစ်တဲ့အတွက် သူအနေ့နဲ့ လက်လွတ်စပယ် မပြောသင့်ဘူးပေါ့ဗျာ။ တကယ့် စေတနာနဲ့ ပြောင်းပေးချင်တာကို ပြောမယ်ဆိုမယ်ဆိုရင်လည်း ဆရာတော် သံဃာတော်တွေနဲ့ လျှောက်ထားပြီးတော့ ပြောသင့်တာပေါ့။ နောက်ပြီး ကျွန်တော်တို့က ဘုန်ကြီးကျောင်းလည်း အခိုင်အမာတည်ဆောက်ပြီးပါပြီ။ ဓမ္မာရုံလည်း သွပ်မိုးမယ့်အဆင့်ကို တောင်ရောက်နေပါပြီ။ ဆရာတော်တောင် ကျောင်းထိုင်နေပါပြီ။ တားဆီးမယ်ဆို ရွာစတည်တဲ့အချိန်ကတည်းက တားသင့်တာပေါ့။ နေက်ပြီး ဒီဒေသမှာ ဒီရွာက ပထမ ဦးဆုံးစတည်တဲ့ဲရွာလည်းဖြစ်နေတယ်။ ဒါတွေကို လေးစားမူမပြုဘဲ့ အာဏာရှင်ဆန်ဆန် လာလုပ်သွားတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒေသအာဏာပိုင်တွေအနေနဲ့ ဒီရွာကို ဘယ်လောက်ဖျက်ဖျက်နေပါစေ။ ဒီနေရာကနေ လုံးဝဖယ်မပေးနိုင်ပါဘူး။ ဖယ်မပေးနိုင်ဘူးဆိုတာက ကျွန်တော်တို့ ဆင်းရဲသား လက်လုပ်လက်စားတွေအတွက် အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။ ရှာဖွေစားသောက်ရတာ လွယ်တဲ့ နေရာလည်းဖြစ်တယ်။ နောက်တစ်ခုက ဆင်အန္တရာယ်အကင်းဆုံးနေရာလည်းဖြစ်ပါတယ်။ သူတို့ ပြောင်းသေချင်တဲ့ သဘောက ဒီရွာကို ပျက်စေချင်တဲ့ သဘောသာဖြစ်ပါတယ်။ ဒီရွာကလူတွေထွက်သွားတာနဲ့ ရွာတည်ပေးမယ် မတည်ဘူးဆိုတာ ဘယ်သူမှအာမခံနိုင်ပါဘူး။ အမှန်တကယ်သာ ကျေးရွာသစ်တွေ တည်ဆောက်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဒီရွာကိုဖျက်ပြီး ရွေ့ခိုင်းနေစရာလုံးဝမလိုပါဘူး။ တည်ပြီးသားရွာကို အားပေးမူပြုမှသာ နောက်ထပ် ကျေးရွာသစ်တွေလည်း ပေါ်ပေါက်လာမှာပါ။ အခုက ရှိနေတဲ့ရွာကို ဒီလို ဖိအားပေးနေတယ်ဆိုတော့ သူတို့တည်ပေးမယ်ဆိုတဲ့ ရွာဆိုတာ ယုံကြည်စရာမရှိဘူးလို့ မြင်ပါတယ်။ သူတို့ ချပေးတဲ့နေရာက လုပ်ကိုင်စားသောက်လို့ လုံးဝမဖြစ်နိုင်တဲ့ နေရဖြစ်ပါတယ်။ ဆင်အန္တရာယ် အမြဲရှိပါတယ်။ နောက် ရေရှားပါးမှုရှိပါတယ်။ သူတို့ပို့ပေးတဲ့ ရေဆိုတာ မီးသတ်ကားနဲ့ လာချပေးတဲ့ ရေဆိုတာက ဘယ်က သယ်ယူလာတဲ့ ရေးမှန်းမသိပါဘူး။ ရရာကနေသယ်လာတာပါ။ ကျန်းမာရေးအတွက် လုံးဝစိတ်မချရပါဘူး။ ကျွန်တော်တို့ ဖက်မှာက ရေအတွက် ပူပင်စရာမလိုပါ။ တူးတာနဲ့သန့်ရှင်းတဲ့ရေရနိုင်ပါတယ်။ နောက်တစ်ခုက ရွာတည်ဆောက်မယ့် အနေအထားက စခန်းအဟောင်းကို အင်းဒင်ကျေးရွာအနီးထိ တည်ဆောက်လိုက်တယ်။ စခန်းဟောင်းနားမှ ရွာသစ်တည်လိုက်တယ် ဆိုကတည်းကိုက မြို့ပြစီမံကိန်းအနေအထားနဲ့လည်း မညီညွတ်ပါဘူး။ ဘာအတွက်လဲဆိုတော့ ၎င်းရဲစခန်းကို အကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရင် ဒီရွာသစ်က ရှေ့ကကာပေးထားရမယ့် အနေအထားပါ။ ရဲစခန်းဆိုတာ ရွာရဲ့အပြင်ဘက်မှာ ရှိရမှာပါ။ အခုက ရွာ ၂ ရွာ ကြားမှာရှိနေတာ သဘာဝမကျပါဘူး။ " ဟု ပြောပါတယ်။

အင်းဒင်ကျေးရွာသစ်သို့ မပြောင်းရွေ့ဘဲ ဆင်ခေါင်းရွာသစ်မှာကျန်နေတဲ့ အိမ်ထောင်စု ၂၀ ကျော်ထဲက ကိုအောင်နိုင်ကတော့ " ကျွန်တော်တို့ကိုတော့ အေးအေးဆေးဆေး ပြောသွားတာပါ။ အတင်းအဓမ္မ ပြောင်းခိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု ရွာချပေးမယ်ဆိုတာက ယုံကြည်လို့မရပါ။ ယင်းနေရာက ရွာတည်ဖို့အတွက် လုံးမနေရာမကျပါ။ အခု ကျွန်တော်တို့ဆီက  အိမ်ထောင်စု ၃၀ ကျော်လောက် ပြောင်းသွားပါတယ်။ ဒီမှာ ၂၀ ကျော်လောက် ကျန်နေပါတယ်။ ကျွန်တော်တို့က ဘာကြောင်းမပြောင်းချင်သလဲ ဆိုရင်တော့ သူတို့က အိမ်ဆောက်ပေးမယ်ဆိုပေမယ့် ယုံကြည်လို့မရပါ။ သူတို့သဘောက ဒီဖက်မှာမှ လုံးဝမနေစေချင်တဲ့ သဘော။ ဒီရွာမှာနေတဲ့ လူတွေအားလုံးထွက်သွားရင်ပြီးပြီ။ တာဝန်ခံမူ တာဝန်ယူမှု မရှိနိုင်လို့မြင်ပါတယ်။ လည့်ကွက်တစ်ခုသာ ဖြစ်ဖို့များပါတယ်။ အခု ဒီဆင်ခေါင်းရွာမှာ ကျနော်တို့ နေလာတာ (၃) လကျော်လာပါပြီ နေသားကျနေပါပြီ။ ဘုန်းကြီးကျောင်းလည်း ရှိနေပါပြီ။ ဓမ္မာရုံလည်းပြီးပါပြီ။ နောက်ဆုံး အိမ်လေးငါးအိမ်နဲ့ဆိုယင်တောင် နေထိုင်ဖို့အသားကျနေပါပြီ ရေလည်းအဆင်ပြေပါတယ်။ အလုပ်အကိုင်ကလည်း ဒီဖက်မှာ စေတီပြင်လမ်းဆောက်လုပ်ရေးဆိုက်တွေနဲ့ ကျောက်ပန်းဒူက ဆောက်လုပ်ရေးဆိုက်တွေကို သွားရောက်အလုပ်လုပ်ကိုင်နိုင်ပါတယ်။ ဟိုဘက်ကျတော့ နည်းနည်းဝေးပါတယ်။ ကယ်ဆယ်းရေးမရရင်လည်း ကိစ္စမရှိပါ။ ဒီရွာကနေ လုံးဝမပြောင်းပါ။ ၎င်းရွာသစ်ချမယ့် နေရာကလည်း အာဖရိကလို နေပူပြင်ကြီးဆိုတော့ ကျွန်တော်တို့က ဒီမှာပဲဆက်နေသွားမှာဖြစ်ပါတယ်။ ရွာသစ်တည်ဆောက်ပေးမယ်ဆိုတာက ဒီရွာကို ဖြိုခွဲးချင်လို့ပြောတဲ့ လှည့်ကွက်တစ်ခုသာ ဖြစ်နိုင်ပါတယ်။ " ဟု ပြောပါတယ်။

ဆင်ခေါင်းရွာသစ်က ကျောင်းထိုင်ဆရာတော် ဦးသောဘဏက " အာဏာပိုင်တွေအနေနဲ့ လောလောဆယ် ဘုန်းကြီးကျောင်းကို တောဒီအတိုင်းထားပါ။ ဆရာတော်လည်း ဆက်လက် သတင်းသုံးနိုင်ပါတယ်။ ရွာကိုတော့ ဟိုဘက်ကို ပြောင်းပေးပါ။ ဒီနေရာက တရားဝင်ချပေးတာမဟုတ်ဘူး။ ဒါ့ကြောင်းဟိုဘက်က တရားဝင်ချပေးမယ့်ရွာကို ပြောင်းပေးပါလို့ပြောပါတယ်။ ဆရာအနေနဲ့ကတော့ ရွာသူရွာသားတွေ အနေနဲ့ ဒီဘက်မှာနေတာ ပိုသင့်တော်မယ်ထင်ပါတယ်။ ရေလည်းအဆင်ပြေတယ်။ ချက်ပြုတ်ဖို့ ထင်းလည်းလိုသလို ရပါတယ်။ ဟိုမှာက အခက်တွေ့နေပါပြီ။ နောင်တစ်ခုက ဒီလိုဟိုရွာဒီရွာ လွန်ဆွဲးပွဲးလို ဖြစ်နေတာက ကြားကနေ သွေးထိုးနေတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကြောင့် လို့ထင်ပါတယ်။ အရင်လဲည်း ဒီဆင်ခေါင်းရွာမှာ နေထိုင်တဲ့သူတွေကို CRR က ဆွဲခေါ်လို့ ခေါင်းဆောင်ပိုင်းတွေ စကားများပြီးကြပါပြီ။ ကိုးတန်ကောက်မှာဆောက်ထားတဲ့ နေအိမ်တွေမှာ နေမယ့်လူမရှိတော့ ဒီကလူတွေကိုပဲ မက်လုံးပေးပြီး ဆွဲခေါ်နေတာပါ။ ခေါ်ချင်ရင် နောက် ရခိုင်ပြည်နယ်အနှံ့ကနေခေါ်ပေါ့။ အခုက ဒီဆင်းခေါင်းကိုပဲ မြင်နေကြပါတယ်။ အခု အာဏာပိုင်တွေလည်း ဒီအတိုင်းပါပဲ။ ရွာသစ်ချမယ့် ဒီကလူတွေကိုပဲ ဆွဲခေါ်နေတာပါ။ ဒီကလူတွေက အခုဆိုအိမ်ထောင်စု ၃၀ ကျော် ဟိုဘက်ရောက်ကုန်ပြီ ဒီမှာကျန်နေတဲ့ အိမ်ထောင်စု ၂၀ ကျော်က အကြောက်တရားတွေ ဝင်နေကြပါပြီ။ တားဆီးမယ်ဆိုရင် အစကတည်းကတားပါလား။ အခုက ၃ လကျော် ၄ လ နေထိုင်ပြီးနေပြီ အိမ်တွေလည်း အတည်ဖြစ်နေပြီ ဘုန်းကြီးကျောင်းကအစပေါ့လေ။ ဒီမှာ နေသားကျနေကြပါပြီ။ " ဟု ဆရာဦးသောဘဏက မိန့်ကြားပါတယ်။

 

(မောင်တောတောင်ပိုင်းဒေသသို့ အခြေချနေထိုင်ဖို့ ရခိုင်ပြည်နယ်အတွင်းက ပြောင်းရွှေ့လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဒီအင်ကျေးရွာအနီးမှာ ရွာသစ်တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ ဓါတ်ပုံ - စိမ်းကိုကို/DMG)

ဗီဒီယိုများ