မျက်စိဝေဒနာအကြောင်း တစေ့တစောင်း မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးကျော်နှင့် မေးမြန်းခြင်း

 ပိုဆိုးတာကတော့ ကိုယ်မသိနားမလည်တဲ့ အခုအပြင်မှာ ဝယ်လို့ရတဲ့ ဘဲနှုတ်သီးဆေးလို့ခေါ်တဲ့ အဲဒီ ဆေးတွေကိုသာ ထည့်ပေးခဲ့ရင်တော့ ဒါဟာပိုးပိုပြီးတော့ဝင်မယ်။ ပေါက်လွယ်ပါတယ်။ ပေါက်ခဲ့ရင်တော့ မျက်လုံးထုတ်ရပါမယ်။ ရခိုင်ပြည်နယ်မှာတော့ လောလောဆယ် ကျန်းမာရေးအသိပညာနည်းတဲ့နေရာတွေမှာ ဒီလိုမျိုး မျက်စိမှာ အမှုန့်ဝင်ကြတယ်။ ဒဏ်ရာနည်းနည်းရရင် ခြစ်ထုတ် မယ်၊ အမှုန့်ထုတ်မယ်ဆိုရင် အန္တရာယ်များပါတယ်။

12 May 2018

မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးကျော်။ (ဓါတ်ပုံ - နေဝင်းစံ)

နေဝင်းစံ မေးမြန်းသည်

မေး    ။  ။ မျက်စိဝေဒနာလို့ပြောရင် ဘယ်လိုမျိုးဝေဒနာတွေရှိ ပါလဲ။

ဒေါက်တာမိုးကျော် ။  ။  ကျွန်တော်တို့ မျက်စိဆရာဝန် (သို့) မျက်စိရောဂါကတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့မျက်လုံးတွေ၊ မျက်စိနဲ့ပတ်သက်တဲ့ရောဂါပါ။ ဒါကတော့ မျက်စိ၊ မျက်လုံး ပတ်ဝန်းကျင်မှာရှိတဲ့ မျက်ခွံတွေ နောက်အဲဒီနောက်မှာရှိတဲ့ မျက်နှာ နဲ့ပတ်သတ်တဲ့ တချို့မျက်ရည်လမ်းကြောင်းကိစ္စတွေ၊ နောက်တစ်ခုကတော့ ဦးနှောက်နဲ့ဆက်စပ်တဲ့ကိစ္စတွေပါ။

 ဘာလို့ဆိုတော့ မျက်လုံးဆိုတာ ဦးနှောက်ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက်ကြောင့် တချို့ရောဂါတွေဟာ ဦးနှောက်အာရုံကြောရောဂါနဲ့ဆက်စပ်နေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ မျက်စိဆရာဝန်တွေဟာဆိုရင် ရောဂါအနေနဲ့ ပြောရမယ်ဆိုရင်တော့ မျက်လုံးပြင်ပရောဂါအဖြစ်အများဆုံးကတော့ အတွင်းတိမ်ပေါ့။ နောက်တစ်ခုကတော့ ရေတိမ်။ မျက်လုံးရဲ့ပြင်ပမှာရှိတဲ့ မျက်ကြည်လွှာမှာ လာပြီးတော့အနာတည်တာပေါ့။ အဲတာလေးတွေက အဖြစ်များပါ တယ်။

 နောက်တကယ်လို့ တချို့တွေမှာဆိုရင်လည်း အပြင်မှာအဖုအကျိတ်တွေပေါ်တာတွေ၊ အဲတာတွေကလည်း ကင်ဆာလို ဖြစ်ချင်ဖြစ်မယ်။ အရေပြားရောဂါလို ဖြစ်ချင်ဖြစ်မယ်။ ဒါကတော့ အပြင်နဲ့ပတ်သတ်တဲ့ကိစ္စတွေပါ။ အဖုအပိန်းတွေ ပိတ်နေရင်လည်း ဒါက မျက်စိရောဂါဖြစ်တတ်ပါတယ်။ တစ်ခုကတော့ ဦးနှောက်ထဲမှာဖြစ်တဲ့ရောဂါကြောင့် မျက်စိအမြင်ကွယ်စေသလို  မျက်စိမှာရှိတဲ့အာရုံကြောကြောင့်လည်း ဦးနှောက်ကိုဒုက္ခပေးရှိပါတယ်။ တကယ်တော့ မျက်စိရောဂါဆိုတာကတော့ မျက်လုံးမှာဖြစ်တဲ့ရောဂါ၊ မျက်လုံးပတ်ပတ်လည်မှာရှိတဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ရောဂါ၊ နောက်ဦး ဏှောက် အာရုံကြောကနေပြီးတော့ ဆက်စပ်တဲ့ရောဂါဆိုပြီးတော့ အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။

 မေး    ။           ။          ရခိုင်ပြည်နယ်အတွင်းမှာ အဖြစ်အများ ဆုံးမျက်စိဝေဒနာက ဘယ်ဟာပါလဲ။

ဒေါက်တာမိုးကျော် ။     ။          အဖြစ်များဆုံးဖြစ်တဲ့ Cataract လို့ခေါ်တဲ့ အတွင်းတိမ်ရောဂါဆိုရင် မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးလေးဟာ ပုံမှန်အားဖြင့်တော့ ကြည်နေရပါမယ်။ အဲဒီမှန်ဘီလူး နဲ့အကြည်နဲ့ရောပြီးဖြစ်သွားရင် အလင်းရောင်ဝင်တာနည်းသွားရင် ဒါဟာ အတွင်းတိမ်ရောဂါဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့   ရခိုင်လိုဖြစ်တဲ့ ကမ်းမြောင်ဒေသ၊ နေပူများတဲ့ဒေသတွေမှာ အလင်းရောင်အနေအထားရော၊ အပူချိန်ကရော သူများနေရာထက်စာရင် အတွင်းတိမ်ဖြစ်ဖို့ အခြေအနေပိုများပါတယ်။

 တစ်နည်းအားဖြင့်တော့ ရခိုင်ပြည်နယ်ဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ အတွင်းတိမ်အဖြစ် များတဲ့မြို့နယ်ဖြစ်ပါတယ်။  ဒါကိုလည်း ကျွန်တော်တို့မျက်စိကုသဆောင်အနေနဲ့ ဒီစစ်တွေဆေးရုံကြီးအနေနဲ့ကတော့ လာသမျှလူနာတွေကို အတတ်နိုင်ဆုံးကုသပေးနေပါ တယ်။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်ဒေသမှာဘဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ကလူနာတွေက စစ်တွေဆေးရုံကြီးကိုလာရောက်ခဲ့ရင်တော့ လာသမျှလူနာတွေကို ကုသဖို့အဆင်သင့်ပါဘဲလို့လည်း ပြောချင်ပါတယ်။

 မေး    ။           ။          နောက်ထပ်အဖြစ်များတဲ့ မျက်စိဝေဒနာတွေရောရှိပါသေးလား။

ဒေါက်တာမိုးကျော် ။     ။          အန္တရာယ်များတဲ့ရောဂါက ရေတိမ်ရောဂါပါ။ ရေတိမ်ရောဂါဆိုတာ ကုသလို့ရပါတယ်။ ဒါပေမယ့် နောက်ကျခဲ့ရင်တော့ မရတော့ပါဘူး။ အခုနက အတွင်းတိမ် ရောဂါကတော့ သူ့ဟာနဲ့သူ ဘယ်အချိန်မဆို ခွဲစိတ်လို့ရတာပဲဖြစ်ဖြစ် ရေတိမ်ရောဂါဆိုတာသိခဲ့ရင်တော့ အရင်ဆုံးရေတိမ်ကိုထိန်းရပါတယ်။  ထိန်းချုပ်လို့ရတဲ့အချိန်မှာ ဒီအတိုင်းထားပြီးတော့ မထိန်းနိုင်တဲ့အခြေအနေရောက်ရင်တော့ လေဆာဖြင့်ကုသခြင်းသော် လည်းကောင်း၊ ဒါမှမဟုတ်လည်း ခွဲစိတ်ကုသရပါမယ်။ ရေတိမ်ဖြစ်တယ်၊ မဖြစ်ကို သူ့ဟာသူမသိဘူး။ တတ်ကျွမ်းတဲ့မျက်စိဆရာဝန် တွေနဲ့ တိုင်ပင်သင့်တယ်၊ ပြသသင့်တယ်။ ဖြစ်လာခဲ့ရင် စောစောစီးစီး ဆေးဝါးနဲ့ကုသခြင်းဖြင့်သော်လည်းကောင်း၊ လေဆာဖြင့် ကုသ ခြင်းသော် လည်းကောင်း၊ လိုအပ်ရင်ခွဲစိတ်ကုသရပါမယ်။ တကယ်လို့ရေတိမ်ကိုမကုဘဲ အလင်းရောင်တွေပျောက်ပြီးမှ လာကုရင်တော့ အာရုံကြောပျက်စီးသွားတဲ့အတွက်ကြောင့် ကျွန်တော်တို့ အဲတာကို ကုလို့မမှီတော့ပါဘူး။

 နောက်တစ်ခုကတော့ မျက်ကြည်လွှာရောဂါပါ။ အဲဒါက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ အနေအထားပါ။ ဘာလို့ဆိုတော့ သူ့ဟာက အမှိုက်ကစပြသာဒ် မီးလောင်ဆိုသလိုဘဲ သူ့ရဲ့မျက်ကြည်လွှာဆိုတာ အကောင်းဆုံးမျက်လုံးမှာရှိတဲ့ အကြည်လွှာလေးပါ။ အဲဒါဆိုရင်တော့ မပေါက်၊ မနာဘူး။ ဒါပေမယ့် ပိုးဝင်သွားမယ်၊ မျက်လုံးကိုခြစ်လိုက်မယ်၊ ဒဏ်ရာရရင်တော့  ဒီဟာပိုးဝင်တတ်ပါတယ်။ ပိုးဝင်ရင်မျက်ကြည်လွှာ corneal Ulcer ဖြစ်မယ်။ ဖြစ်သွားခဲ့ရင်တော့ အဲဒီ corneal Ulcer က မျက်စိပိုးဝင်တာက နေပြီးတော့ ပေါက်ထွက်တတ်ပါတယ်။ သူ့အလိုလိုတော့ မပေါက်နိုင်ဘူး။ ဘယ်ဟာကပိုပြီးတော့ပေါက်စေလဲဆိုရင် တစ်စုံတစ်ယောက်ကို၊ မသိနားမလည်သူကို သွားပြီး တော့ ခြစ်ခိုင်းမယ်။ အမှုန့်ထုတ်ခိုင်းမယ်ဆိုရင် ဒီဟာကပေါက်နိုင်တယ်။

 ပိုဆိုးတာကတော့ ကိုယ်မသိနားမလည်တဲ့ အခုအပြင်မှာ ဝယ်လို့ရတဲ့ ဘဲနှုတ်သီးဆေးလို့ခေါ်တဲ့ အဲဒီ ဆေးတွေကိုသာ ထည့်ပေးခဲ့ရင်တော့ ဒါဟာပိုးပိုပြီးတော့ဝင်မယ်။ ပေါက်လွယ်ပါတယ်။ ပေါက်ခဲ့ရင်တော့ မျက်လုံးထုတ်ရပါမယ်။ ရခိုင်ပြည်နယ်မှာတော့ လောလောဆယ် ကျန်းမာရေးအသိပညာနည်းတဲ့နေရာတွေမှာ ဒီလိုမျိုး မျက်စိမှာ အမှုန့်ဝင်ကြတယ်။ ဒဏ်ရာနည်းနည်းရရင် ခြစ်ထုတ် မယ်၊ အမှုန့်ထုတ်မယ်ဆိုရင် အန္တရာယ်များပါတယ်။ အန္တရာယ်များတဲ့အပြင် ကိုယ်ရဲ့ရွာမှာရှိတဲ့ ဘဲနှုတ်သီးဆေးလို့ခေါ်တဲ့ ဆေးတွေကိုထည့်လာခဲ့လို့ မျက်လုံးဟာပြည်တက်ပြီးတော့ ပေါက်ထွက်သွားတာတွေအများကြီးပါ။ အဲ့လိုပေါက်ထွက်ရင် မျက်လုံးထုတ်ရပါလိမ့်မယ်။ မမြင်နိုင်တော့ပါဘူး။ ဒါကြောင့် မျက်ကြည်နာရောဂါလို့ခေါ်တဲ့ corneal Ulcer ဆိုရင်တော့ အမှုန့်တွေကို အရမ်းမထွင်ပါနဲ့၊ မသိတဲ့ဆေးဝါးတွေ၊ ဘဲနှုတ်သီးဆေးတွေကို သွားမထည့်ပါနဲ့။ ဖြစ်နိုင်ရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်တွေဆီကို စောစောစီးစီးလာပြခြင်း အားဖြင့် အမြင်အာရုံကို ကာကွယ်နိုင်ပါတယ်။

 မေး    ။                       ။ မျက်စိနာဝေဒနာတွေဖြစ်တတ်တဲ့အကြောင်းနဲ့ ကာကွယ်ရမယ့် အကြောင်းကို ရှင်းပြပေးပါ။

ဒေါက်တာမိုးကျော် ။     ။ မျက်စိနာရောဂါမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ရာသီလိုက်ဖြစ်တတ်တဲ့ မျက်စိနာရောဂါ၊ အဲတာကျတော့ ကျွန်တော်တို့ဘာလဲဆိုရင် အဲဒီမျက်စိနာရောဂါ ဖြစ်တဲ့ရာသီမှာ သန့်ရှင်းရေးလုပ်ရမယ်။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့တဲ့ကိစ္စဟာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာက ရောဂါကာကွယ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျက်စိနာရောဂါဟာ သူ့အလိုလိုကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ပြင်းထန်တဲ့လူ တွေဆိုရင်တော့ မျက်စိဆရာဝန် ဒါမှမဟုတ် မျက်စိကုသဆောင်မှာ လာပြပြီးတော့ သင့်တော်တဲ့ဆေးသွင်းပေးတာအကောင်းဆုံးပါဘဲ။

အဲတော့ ဒီမျက်စိနာရောဂါဟာ ကူးစက်တတ်တဲ့ရောဂါဖြစ်သလို တချို့ကျတော့လည်း အခုခေတ်မှာအသွားအလာ များကြတယ်။ လမ်းခရီးသွားရင် ဆိုင်ကယ်စီးရင်သော်လည်းကောင်း ကားအစီးများရင် လေတိုး၊ ဖုန်မှုန့်တွေမှာပါတဲ့ အမှုန်အမွှားတွေက Allergic ဖြစ်စေပါတယ်။ မတည့်တဲ့အတွက်ကြောင့် Allergic Conjuctivitis Virus လို့ခေါ်တဲ့ မတည့်တဲ့ဖုန်ဝင်ပြီး ရောဂါတွေဖြစ်တတ်ပါ တယ်။ တစ်ချို့ကလေးတွေကတော့ အခုမီးကောင်ပေါက်တယ်ပေါ့လေ။  ၅ နှစ် ၁၅ နှစ်ကြားထဲမှာရှိတဲ့ ယောကျာ်းလေး၊ မိန်းကလေးတွေဆိုရင် နေပူဒဏ်မခံနိုင်ပါဘူး။ တစ်နည်းအားဖြင့် ခရမ်းလွန်ရောင်ခြည်ကို သူများထက်စာရင်တော့ သူတို့တွေက ပိုပြီးထိလွယ် တယ်။ အဲဒီကလေးတွေမှာဆိုရင်တော့ မျက်စိနာ ရောဂါဖြစ်တတ်ပါတယ်။ အဲဒါက ရာသီပေါ်မျက်စိ နာရောဂါပါ။ အဲတော့Conjunctivitis  ဆိုရင်လည်း အဖြစ်များပါတယ်။

            နောက်တစ်ခုကတော့ လူတိုင်းမရှောင်နိုင်တဲ့ eye injury လို့ခေါ်တဲ့ မျက်စိထိခိုက်ဒဏ်ရာပါ။ မျက်စိထိခိုက်ဒဏ်ရာမှာ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ ရိုးရိုးတန်းတန်း မတော်တဆဖြစ်တာ။ တချို့ကလည်း လုပ်ငန်းခွင်ထဲမှာမတော်တဆဖြစ်တာ။ အဲဒါကြောင့် လုပ်ငန်းခွင်ထဲမှာဖြစ်တာက ကာကွယ်နိုင်တဲ့ကိစ္စတွေပါ။ သဘောက လယ်သမားတွေဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်းခွင်မှာမထိခိုက်ရအောင် ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ စူးနိုင်ရှနိုင်တဲ့အရာတွေကို သတိထားရမယ်။ စက်ရုံမှာ လုပ်တဲ့သူဆိုရင်လည်း ကိုယ့်စက်ရုံမှာ ထိခိုက်နိုင်တဲ့ ကိစ္စတွေကို သတိထားရမယ်ဆိုရင် မျက်စိထိခိုက်တာနည်းပါတယ်။

 မေး    ။           ။          ဘယ်လုပ်ငန်းတွေက မျက်စိကိုဒုက္ခဖြစ်စေနိုင်ပါလဲ။

ဒေါက်တာမိုးကျော် ။     ။ သဘောကပြောရမယ်ဆိုရင်တော့ အဖြစ်များတဲ့မျက်စိနဲ့ ပတ်သက်တဲ့ထိခိုက်ဒဏ်ရာကတော့ သံမှုန့်လို ဖြစ်နေ ပါတယ်။ အခုဒီခေတ်မှာ  မျက်စိနဲ့ပတ်သက်ပြီး သံမှုန့်ဝင်တာတွေ များပါတယ်။  ဒီခေတ်မှာ သံဖြတ်တာတွေ၊ ဂဟေဆော် တာတွေမှာ သံဖြတ်စက်တွေသုံးလာပါတယ်။ ဒါတွေက ရိုးရိုးတန်းတန်းနဲ့ဆိုရင် အရှိန်နဲ့ဖြတ်တော့ မီးပွားတွေက သံစတွေပါဘဲ။ အဲဒီ သံစတွေက မျက်စိထဲကိုအလွယ်တကူဝင်နိုင်ပါတယ်။ ဝင်ပြီးစိုက်နေခဲ့ရင်တော့ သေချာမလုပ်ရင်တော့ မျက်စိပျက်စီး သွားတတ်ပါတယ်။ ဒါကြောင့်လည်း သံဖြတ်စက်တွေသုံးတဲ့အခါမှာ အကာကွယ်မျက်မှန်လေးတွေ သုံးနိုင်ရင်အကောင်းဆုံးပါဘဲ။ ဖြစ်လာခဲ့ရင်လည်း တတ်ကျွမ်းတဲ့လူကိုပြတာ အကောင်းဆုံးပါဘဲ။ နောက်ပြီးတော့ သုံးမယ့် ဆေးဝါးတွေကိုသိတဲ့ ဆေးဝါးတွေကိုသုံးဖို့လိုပါတယ်။ ဒါကတော့ injury နဲ့ပတ်သက်တဲ့ သိသင့်တဲ့ကိစ္စတွေပါ။

 နောက်တစ်ခုက ဒီကြားမှာကြုံတုန်းပြောချင်တာကတော့ မျက်စိနဲ့ပတ်သက်တာတွေကတော့ မဖြစ်သင့်တာတွေပါ။ ဒါကဘာလဲဆိုတော့ ကလေးကစားစရာတွေရောင်းတဲ့ကိစ္စပါ။ ဘုရားပွဲတွေမှာ သော်လည်းကောင်း၊ အလှူတွေမှာ ကလေးကစားစရာတွေရောင်းတဲ့ထဲမှာ လေသေနတ်တွေပါပါတယ်။ အဲဒီလေသေနတ်တွေထဲမှာ ပလတ်စတစ် ကျည်ဆံတွေနဲ့ ကလေးချင်းကစားကြပါတယ်။ ကစားကြတဲ့အချိန်မှာ အဲဒီလေသေနတ်ကြောင့် မျက်လုံးရဲ့အတွင်းမှာရှိ တဲ့ သွေးကြောတွေ ပေါက်ပြီးတော့ မျက်လုံးထဲမှာသွေးယိုသွားတတ် ပါတယ်။ အဲဒီတော့ ဒီမျက်လုံး သွေးယိုတာတွေဖြစ်ခဲ့ရင် နည်းနည်းပါးပါးဆိုရင် ပြန်ကုလို့ရပေမယ့် တကယ့်တကယ်သွေးကြောကြီးပေါက် ပြီးတော့ သွေးမတိတ်ခဲ့ရင် မျက်လုံးတစ်ခုလုံး ပျက်စီးသွားတတ်ပါ တယ်။ ရေတိမ်ရောဂါဝေဒနာတွေခံစားရတတ်ပါတယ်။ ဒါကြောင့် လည်း ဒီကြားထဲမှာကြုံတုန်းအကြံပြုထားသော အလှူပွဲတွေမှာ ကလေးကစားစရာတွေရောင်းတဲ့ထဲမှာ ပလတ်စတစ်လေသေနတ် ဒီသေနတ်ပစ်တဲ့ကိစ္စတွေကိုတော့ သက်ဆိုင်ရာက ထိန်းချုပ်သင့်တယ်ဆိုပြီးတော့ အကြံပြုချင်ပါတယ်။ ဘာလို့ဆိုတော့ တချို့ကလေးတွေဟာဆိုရင် ပလက်စတစ်လေသေနတ်ကျည်ဆံကြောင့် မျက်စိပျက်စီးသွားတာတွေအများကြီးပါ။ ကျွန်တော့မှာ မှတ်တမ်းမှတ်ရာတွေရှိပါ တယ်။ အဲတာကတော့ ဒီထိခိုက်ဒဏ်ရာနဲ့ပတ်သတ်တဲ့ သိထားသင့် တဲ့အကြောင်းတွေပါ။

 မေး     ။          ။ လူသားတွေအတွက် မျက်မှန်ကဘယ်လိုအရေးပါလဲ၊ မျက်မှန်တပ်ထားခြင်းအားဖြင့် ဘာတွေကိုကာကွယ်နိုင်ပါလဲ။

ဒေါက်တာမိုးကျော် ။     ။  လူအများစုကတော့ ကိုယ့်ဟာကိုမြင်ပေမယ့် တချို့တလေကျတော့ မျက်မှန်လိုအပ်ပါတယ်။ မျက်မှန်မှာ ရိုးရိုးတန်းတန်းအသက်ကြီးလာလို့ အနီးမှုန်လာလို့ အနီးကြည့်မျက်မှန်တပ်သလို ကျွန်တော်တို့က အဝေးမှုန်တဲ့သူတွေလည်း အဝေး မှုန်မျက်မှန်တပ်ကြပါတယ်။ ဒါပေမယ့် ဒီမြန်မာနိုင်ငံမှာ တော့ အနီး မှုန်တပ်တာဟာ အသက် ၄၀ ကျော်တွေတပ်ကြပါတယ်။ ကျန်တဲ့ လူတွေကတော့ အဝေးမှုန်တွေတပ်ကြပါတယ်၊ အဝေးမှုန်ရာခိုင်နှုန်း အားဖြင့်ဆိုရင် မြန်မာနိုင်ငံမှာတော့ သိပ်တော့မများပါဘူး။ အဲဒါတော့ ဒါကတော့ သင့်လျော်တဲ့မျက်စိ ဆရာဝန်တွေနဲ့ပြသင့်ပါတယ်။ ဒါပေမယ့် ကလေးတွေဆိုရင်တော့ မျက်မှန်တပ်ဖို့လိုခဲ့ရင် စောစောစီးစီးတပ်ဖို့လိုသင့်ပါတယ်။ နောက်ကျမှတပ်ခဲ့ရင်တော့ က လေးတွေအာရုံကြောဟာ အာရုံကြောဖွံ့ဖြိုးမှုနည်းပြီးတော့ မျက်မှန်တပ်ရင်တောင်မှ အမြဲတမ်းမတပ်တော့ပါဘူး။ ဒါတနည်းအားဖြင့် ကလေးဘဝက မျက်စိအမြင်ချို့တဲ့တဲ့ရောဂါပါ။ အဲတော့ဒါတွေက မျက်လုံးနဲ့ပတ်သက်တဲ့ဖြစ်နေကျပေါ့။ ဒါပေမယ့် ဒီခေတ်မှာတော့ ဘာဖြစ်လဲဆိုတော့ ဆီးချိုတွေ၊ သွေးတိုးတွေဖြစ်လာတတ်တယ်။ အဲဒီဟာရဲ့နောက်ဆက်တွဲအနေနဲ့ကတော့ မျက်လုံးရဲ့အတွင်းထဲမှာ ဆီးချို၊ သွေးတိုးတွေကြောင့် မျက်စိအာရုံကြောတွေ၊ သွေးကြောတွေပျက်စီးတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ဆီမှာ လေဆာလို့ခေါ်တဲ့စက်တွေနဲ့ အဲဒီဆီးချို သွေးချိုလို့ခေါ်တဲ့ရောဂါကို ကုတဲ့စက်တွေကို လုပ်လာရပါတယ်။ မဆိုးချင်ရင်တော့ ဆီးချို၊ သွေး ချို၊ သွေးတိုးရှိတဲ့လူတွေဟာ သက်ဆိုင်ရာသမားတော်တွေနဲ့ ကုသသင့်ပါတယ်။ တကယ်လို့မျက်စိအမြင်တစ်ခုခုထူးခြားတယ်ဆိုရင်လည်း မျက်စိဆရာဝန်တွေနဲ့ လာရောက် ပြီးတော့ မျက်စိအခြေအနေကိုစစ်ဆေးတာအကောင်းဆုံးပါဘဲ။ ဒါကတော့ ဒီခေတ်မှာဖြစ်နေတဲ့ သွေးတိုး၊ ဆီးချိုတွေ ကဏ္ဍပါ။

 ကျွန်တော်ပြောသလိုပေါ့ မျက်လုံးနဲ့ဆိုင်တဲ့ရောဂါတွေရှိတယ်။ မျက်လုံးအပြင်ဘက်ဆိုင်ရာ မျက်ရေခွံ၊ မျက်ရည်လမ်း ကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေရှိတယ်။ နောက်တစ်ခုကတော့ ကုသအာရုံကြောနဲ့ဆက်စပ်တဲ့ရောဂါတွေရှိတယ်။ နောက်တစ်ခုက တစ်ကိုယ်လုံး သွေးတိုး၊ ဆီးချို တစ်ကိုယ်လုံးပတ်သတ်တာတွေက မျက်စိကိုထိခိုက်တာတွေရှိကြပါတယ်။ ဒီခေတ်မှာဆိုရင်တော့ ပိုပြီးတော့ထူးခြားတာက AIDS လိုရောဂါတွေဆိုရင်လည်း မျက်လုံးမှာလာပြီး ရောဂါ လာပေးတာတွေရှိပါသေးတယ်။ ဒါကလည်း မျက်လုံးရောဂါကို အကြမ်းအားဖြင့်ပြောရင်တော့ မျက်လုံးအလုံးထဲကဖြစ်တဲ့ရောဂါတွေရှိ တယ်။ မျက်လုံးပြင်က မျက်ခွံတွေနဲ့ပတ်သတ်တဲ့ ရောဂါတွေရှိတယ်။ နံပတ်သုံးကတော့ ဦးနှောက်အာရုံကြောနဲ့ပတ်သတ်တဲ့ရောဂါတွေရှိ တယ်။ နံပတ် ၄ ကတော့ တကိုယ်လုံးမှာဖြစ်တဲ့ သွေးတိုး၊ ဆီးချို အစရှိတဲ့ ဒါတွေနဲ့ပတ်သတ်တဲ့ရောဂါတွေရှိတယ်။ ဒါတော့ မျက်စိရောဂါတွေပါ။

 မေး    ။           ။ တစ်နှစ်မှာ မျက်စိကုသဖို့လာရောက်တဲ့လူနာ ဘယ်လောက်ထိရှိပါလဲ။

ဒေါက်တာမိုးကျော် ။     ။ ကျွန်တော်တို့တစ်နှစ်တစ်နှစ်ကို လူနာ တစ်ထောင်ကျော် နှစ်ထောင်လောက်ရှိတာကနေ အခု ၂၀၁၇ ခုနှစ် ကနေ ကျွန်တော်တို့စစ်တမ်းအရပေါ့နော် သုံးထောင်ငါးရာ၊ လေးထောင် ပတ်ဝန်းကျင်လောက်တော့ ပုံမှန်ကုသနေပါတယ်။ ဒီဆေး ရုံကြီးတစ်ခုလုံးမှာ လူနာတစ်သောင်းကျော်ရှိတဲ့ထဲမှာ ကျွန်တော့်ရဲ့ မျက်စိလူနာကတော့ လေးပုံတစ်ပုံ (သို့) ငါးပုံတစ်ပုံလောက်တော့ ကျွန်တော့်ဖက်က တာဝန်ယူကုသနေပါတယ်။ လာသမျှလူနာတွေကို လည်း ကျွန်တော်တို့ မျက်စိဆောင်က လက်ခံပြီးကုသပေးနေပါ တယ်။ ခွဲစိတ်မယ့်လူနာတွေကို လာသမျှလူနာတွေကို ကျွန်တော်တို့ ရက်ချိန်းပေးပြီးတော့ ကုသပေးနေပါတယ်။ အခမဲ့ဆေးဝါးတွေ ပေးပြီးတော့ အခမဲ့ခွဲ စိတ်ကုသပေးနေကြောင်းလည်း ကျွန်တော် ပြောပြချင်ပါတယ်။

 လာပြတဲ့လူနာတွေထဲမှာ နံပတ် ၁ ရောဂါအနေနဲ့သေချာ ကြည့်ရင်တော့ အတွင်းတိမ်လို့ခေါ်တဲ့ caratact ဟာလည်း ပုံမှန်အတိုင်းတာတစ်ခုထိ ခွဲစိတ်ပေးလို့ရပါတယ်။ အဲတော့ နောက်တစ်ခုက ရေတိမ်ရောဂါပေါ့။ တတိယကတော့ မျက်ကြည်နာရောဂါပေါ့။  အဲတော့ ဒီသုံးခုကတော့ ပုံမှန်ကုသနေရတဲ့ လူနာတွေပါဘဲ။ ကျန်တာတွေကလည်း ရံဖန်ရံခါပေါ့နော်။ အတွင်းတိမ်ကတော့ ရခိုင်ပြည်နယ်ထဲမှာ ကျွန်တော်ကတော့ တစ်နေ့တစ်နေ့ကို ဒီမှာလာပြတဲ့ လူနာတွေထက် ဆေးရုံကြီးတွေမှာ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ခွဲစိတ်ရ ပါတယ်။

မျက်စိဝေဒနာခံစားနေရသော ရခိုင်အမျိုးသမီးတစ်ဦး။ ဓါတ်ပုံ - နေဝင်းစံ

ဗီဒီယိုများ