ဗျာလကို မေးပေးပါ

၂၀၁၅ ခုနှစ် နှောင်းပိုင်းကာလက ဖြစ်၏။ ရခိုင်ပြည်နယ်ထဲတွင် နိုင်ငံရေးပါတီများနှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများသည် ပြည်သူများကြားထဲ၌ အင်တိုက်အားတိုက်မဲဆွယ်လျှက်ရှိနေကြသည်။ ရခိုင် ပြည်သူလူထုတို့ထံတွင်လည်း ၎င်းတို့ထောက်ခံသော ပါတီတံဆိပ်များ၊ ပါတီအလံများနှင့် ပါတီဆောင်ပုဒ်များ ကို နဖူးစည်းနှင့် အင်္ကျီများအဖြစ်ဝတ်ဆင်လျှက် တွေ့မြင်နေရ၏။ ဆိုက်ကားသမားတို့က ၎င်းတို့၏ဆိုက်က္ကား လက်ကိုင်များပေါ်တွင် ပါတီအလံများကိုစိုက်ထူထားကြသည်။

By ရက္ခ 18 Aug 2018

ရက္ခ ရေးသားသည်။                                                                                       

                                                                                         (၁)

၂၀၁၅ ခုနှစ် နှောင်းပိုင်းကာလက ဖြစ်၏။ ရခိုင်ပြည်နယ်ထဲတွင် နိုင်ငံရေးပါတီများနှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများသည် ပြည်သူများကြားထဲ၌ အင်တိုက်အားတိုက်မဲဆွယ်လျှက်ရှိနေကြသည်။ ရခိုင် ပြည်သူလူထုတို့ထံတွင်လည်း ၎င်းတို့ထောက်ခံသော ပါတီတံဆိပ်များ၊ ပါတီအလံများနှင့် ပါတီဆောင်ပုဒ်များ ကို နဖူးစည်းနှင့် အင်္ကျီများအဖြစ်ဝတ်ဆင်လျှက် တွေ့မြင်နေရ၏။ ဆိုက်ကားသမားတို့က ၎င်းတို့၏ဆိုက်က္ကား လက်ကိုင်များပေါ်တွင် ပါတီအလံများကိုစိုက်ထူထားကြသည်။ ဆိုင်ကယ်ကယ်ရီသမားများ၊ သုံးဘီးနှင့် အငှား ယာဉ်သမားများကလည်း ၎င်းတို့၏ယာဉ်များတွင် ၎င်းတို့ကြိုက်နှစ်သက်သော ပါတီအလံနှင့်တံဆိပ်များကို ကပ်ထားကြ၏။ လက်ဖက်ရည်ဆိုင်များ၊ အရက်ဆိုင်များနှင့် လူစုလူဝေးများရှိသောနေရာတိုင်းတွင်လည်း ဟို ပါတီ၊ သည်ပါတီစသဖြင့် ကိုယ့်အကြိုက်သူ့အကြိုက် ဆွေးနွေးငြင်းခုံသံများညံနေသည်။ ထိုမြင်ကွင်းများသည် ၂၀၁၅ ခုနှစ်၊ နိုင်ဘာလ(၈) ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအကြိုမြင်ကွင်းများပင်ဖြစ်၏။

          ရခိုင်ပြည်နယ်ထဲတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အောင်နိုင်ခြေအလားအလာအကောင်းဆုံး သော အင်အားကြီးပါတီကြီး (၃) ခု ရှိနေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်အနိုင်ရရှိထားသော လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသားဒီမို ကရေစီအဖွဲချုပ်ပါတီ(NLD) နှင့် ရခိုင်အမျိုးသားပါတီ(ANP) တို့ပင်ဖြစ်၏။ ထိုပါတီကြီးသုံးခုထဲတွင် ရခိုင်အမျိုး သားပါတီ (ANP) သည် ရခိုင်လူထုကိုသာမက မြန်မာလူထုကိုပါဖမ်းစားနိုင်သောပါတီတစ်ခုဖြစ်နေသည်။ ထို အချိန်ကာလသည် ပူပူနွေးနွေးမွေးဖွားသန့်စင်ပြီးစ ရခိုင်အမျိုးသားပါတီ (ANP)၏ အရိပ်အောက်တွင် ရခိုင် ခေါင်းဆောင်များအားလုံး စုစည်းဝင်ရောက်နေချိန်ပင်ဖြစ်သည်။ ထိုသို့စုစည်းမှုအားဖြင့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို အနိုင်နွှဲနိုင်ခဲ့အနိုင်ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ထိုအကြောင်းအရာများသည် ရွှေထီးဆောင်းခဲ့ သောအတိတ်တစ်ခုအဖြစ် မှုန်ဝါးကျန်ရစ်ခဲ့ပြီဖြစ်၏။

                                                                                        (နှစ်)

ရခိုင်လူမျိုးတို့၏နိုင်ငံရေးသည် လက်ရှိအချိန်တွင် ဇာတ်ပျက်နေချိန်ဟု ဆိုရမည်ထင်၏။  အထူးသဖြင့် ရခိုင့်နိုင်ငံရေးကို ရခိုင်ပြည်သူများစိတ်ပျက်နေချိန်ဟု ဆိုနိုင်သည်။ ရခိုင်ပါတီများနှင့် ရခိုင့်ခေါင်းဆောင်များ အပေါ်တွင် ပြည်သူလူထု၏မျှော်လင့်ခြင်းများ လျှော့ကြိုးကုန်ချိန်ဟုလည်း ပြောနိုင်သည်။ လူမျိုး၊ ဘာသာ သာသနာ၊ ဓလေ့ရိုးရာယဉ်ကျေးမှုနှင့် နေရာဒေသစွဲကြီးမားလွန်းသောရခိုင်ပြည်သူများသည် ခေတ်အဆက် ဆက်တွင် ရခိုင်လူမျိုးခေါင်းဆောင်နှင့် ရခိုင်လူမျိုးပါတီများအပေါ်တွင်ဝန်းရံလာခဲ့ကြသည်။ ခေါင်းဆောင်များ အတွက် နိုင်ငံရေးရပ်တည်ခွင့် ပလက်ဖောင်းများရရှိစေရန် ဝိုင်းဝန်းမတင်ပေးခဲ့ကြသည်။ သို့သော် လက်ရှိရခိုင့် နိုင်ငံရေးသည် အဖြည့်ခံရခိုင်ပြည်သူများ၏ နိုင်ငံရေးစိတ်ကုန်ချိန်သို့ ချဉ်းနင်းဝင်ရောက်နေခဲ့ပြီဖြစ်သည်။

မျက်မှောက်ကာလ၏ရခိုင့်နိုင်ရေးဟုဆိုလျှင် ၂၀၁၀ ကာလမှ စတင်ရမည်ထင်၏။ ၂၀၁၀ ရွေးကောက် ပွဲကြီးကျင်းပရန် တာစူနေသောအချိန်တွင် ရခိုင်ပြည်နယ်၌ ရခိုင်လူထုကိုကိုယ်စားပြုနိုင်သော နိုင်ငံရေးပါတီ ပြတ်လပ်ချိန်နှင့်ကြုံနေရ၏။ ယခင်ရှိရင်းစွဲပါတီတစ်ခုဖြစ်သော ALD ပါတီရှိနေသော်လည်း ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံထားရသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ပြိုင်ရန်အတွက် ပါတီပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့ ချေ။ ထိုအချက်မှာ ခေါင်းဆောင်ပိုင်းများနှင့် ပါတီ၏ ရပ်တည်ချက်မူဝါဒအတိုင်းသာဖြစ်၏။ ထိုအချိန်မျိုးတွင် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ပြိုင်နိုင်ရန်အတွက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ပေါ်ထွက်လာ ခဲ့သည်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကို အင်တိုက်အားတိုက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီတံခါးဆွဲဖွင့်စအချိန်တွင် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးပါတီ တစ်ခုဖြစ်လာခဲ့သည်။  ၂၀၁၀ ရွေးကောက်ပွဲတွင် ၄၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် (၇) ဦး၊ ပြည်သူ့လွှတ်တော် (၉) ဦး၊ ပြည်နယ်လွှတ်တော် (၁၈) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းရင်းသား ရေးရာဝန်ကြီးတစ်ဦးတို့ ရွေးချယ်ခံခဲ့ရသည်။

ရခိုင်လူမျိုးတို့၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ရခိုင်ပြည်နယ်ထဲတွင်သာမက ပြည်ထောင်စုထိတိုင် ပေါက်ရောက်ထင်ရှားသော ခေါင်းဆောင်ကောင်းများနှင့် ပါတီများရှိခဲ့ကြဖူး၏။ ၁၉၈၈ ခုနှစ် အရေးအခင်းကာ လနောက်ပိုင်း၊ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ရခိုင်အမျိုးသားသမဂ္ဂနှင့်ရခိုင်သဟာရအသင်း (ရန်ကုန်)တို့ပူးပေါင်းထူထောင်ခဲ့ကြသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) သည် ရခိုင်ခေါင်းဆောင်ကောင်း များအမြုတည်ခဲ့ရာ ပါတီဖြစ်၏။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်ထဲတွင် အမတ်နေရာ (၁၁) နေရာအနိုင်ရရှိခဲ့ဖူးသော ပါတီလည်းဖြစ်သည်။ သို့သော် ၆.၃.၁၉၉ ၃ ခုနှစ်တွင် ပါတီကိုဖျက်သိမ်းခံခဲ့ရသည်။ စင်စစ် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန်ဖွဲ့စည်းခဲ့ကြသော ရခိုင် တိုင်းရင်းသားတိုးတက်ရေးပါတီ(RNDP) ကိုစတင်ထူထောင်ခဲ့ကြသူများထဲတွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ လူဟောင်းများ ပါဝင်နေသည်သာဖြစ်၏။

                                                                                        (သုံး)

ရခိုင်လူမျိုးတို့တွင် စကားပုံတစ်ခုရှိသည်။ “ သူများနှင့်ပေါင်းလျှင် ကောက်ညင်းပေါင်းလည်း မကျက်” ဟူ၍ဖြစ်၏။ ရခိုင်လူမျိုးတို့သည် အပြင်ပန်းမှကြည့်လျှင် စုစည်းညီညွတ်သယောင်ထင်ရသော်လည်း အတွင်း သဏ္ဍာန်ထဲတွင် ထင်သလောက်အဖြစ်မရှိကြသည်ကို စကားပုံကဖော်ပြ၏။ စုစည်းညီညွတ်မှုမရှိသဖြင့်ကောက် ညင်းပေါင်းအိုးတစ်အိုးကို အဖြစ်ရှိအောင် ချက်နိုင်ရန်ခက်ခဲကြောင်းပြဆိုနေ၏။ ထိုစကားပုံဥပမာသည် ရခိုင့်နိုင် ငံရေးထဲ၌သာမက ရခိုင်လူမှုအသိုင်းအဝိုင်းအသီးသီးတွင်လည် အကျုံးဝင်နေသည်ဟုဆိုနိုင်သည်။ ၂၀၁၀ မှ စ တင်လာခဲ့သော ရခိုင့်ပါတီနိုင်ငံရေးထဲတွင်လည်း ထိုစကားပုံကို ခိုင်းနှိုင်းရန် သင့်တော်လိမ့်မည်ဖြစ်၏။

          ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအချိန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီသည် ရွေးကောက်ပွဲဝင် ရန်အတွက် ပါတီကိုပြန်လည်မှတ်ပုံတင်ခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပြန်လည်ဖြစ်ပေါ်လာပြီးနောက် တွင် ရခိုင်ပြည်သူလူထုက ALD နှင့် RNDP ကို တစ်ခုတည်းအဖြစ်ပေါင်းစည်းရန်တောင်းဆိုခဲ့ကြသည်။ နှစ်ဖက် ခေါင်းဆောင်များသည် ပါတီပေါင်းစည်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တစ်ပါတီ တည်းပူးပေါင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ၆.၃.၂၀၁၄ ခုနှစ်တွင် ပါတီမှတ်ပုံတင်ခြင်းခွင့်ရရှိခဲ့ပြီး ရခိုင် အမျိုးသားပါတီ(ANP) ဖြစ်လာခဲ့သည်။ နှစ်ပါတီပူးပေါင်းရန်သဘောတူညီချက်များအရ မူလပါတီများမှ C.E.C ၁၅ ဦးစီပါဝင်ပြီး စုစုပေါင်း (၃၀) ဦးဖြင့် ပါတီသစ်ကို ယာယီဖွဲ့စည်းခဲ့ကြသည်။  ထို့အပြင် နဂိုမူလပါတီဝင်များ အားလုံးသည် ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီထဲတွင် အလိုအလျှောက်ပါတီဝင်များ ဖြစ်ခွင့်ရကြသည်။ အသစ်ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားပါတီ (ANP) တံဆိပ်တွင် RNDP ဖက်မှ ရခိုင်ဝေသာလီခေတ်သုံး  ဒင်္ဂါးပါ သီရိဝစ္စနှင့် ALD ဖက်မှ ညာလက်တစ်ဖက်ထောင်ထားသော တိုက်ခိုက်ရေးဗျာလပုံကို ပေါင်းစပ်သည်။ ပါတီအလံတွင် ALD ဖက်မှ ဝံလက်ငှက်(ခေါ်) ဒေါင်းရန်ငှက်ကို သုံး၍ RNDP ဖက်မှ ကြယ်နီလေးစင်းကို ပေါင်း စပ်အသုံးပြုခဲ့ကြသည်။

                                                                                        (လေး)

          ရခိုင်လူမျိုးခေါင်းဆောင်များသည် အရည်အသွေးနှင့် အရည်အချင်းပြည့်ဝကြသူများသာဖြစ်၏။ သို့ သော် ရခိုင်ခေါင်းဆောင်အများစုသည် အချင်းချင်းယုံကြည့်ရန်ခဲယဉ်းခြင်း၊ အားမလိုအားမရဖြစ်တတ်ခြင်းနှင့် မိမိကိုယ်ကိုယ်အမှန်မြင်မှုလွန်ကဲခြင်းများကြောင့် တစ်ဦးနှင့်တစ်ဦး တာရှည်လက်တွဲနိုင်ရန်ခဲယင်းသည်ဟုဆို ရမည်ထင်၏။ လက်ရှိရခိုင့်နိုင်ငံရေးလောကတွင် ရခိုင်အမျိုးသားပါတီ(ANP) သည် အရည်အချင်းပြည့်သော ခေါင်းဆောင်များကို ပေါင်းစည်းနိုင်ခဲ့သော်လည်း ထိုသို့ပေါင်းစည်းနိုင်ခြင်းမှာ တာရှည်မခံခဲ့ပဲ ဒုံရင်းမှာ ဒုံရင်း သာ ပြန်ဖြစ်သွားခဲ့၏။ အဆိုးဆုံးမှာ ရခိုင်အမျိုးသားပါတီကိုပေါင်းစည်းစဉ်က မူလပါတီနှစ်ခုသာရှိခဲ့သော်လည်း ပြန်လည်ကွဲကြချိန်တွင် ပါတီအများအပြားဖြစ်လာခြင်းပင်ဖြစ်၏။ ထိုအချက်သည် ခေါင်းဆောင်များကို တစ်နေ ရာတည်းတွင်စုစည်း တည်ရှိစေလိုသော ရခိုင်လူထုကို စိတ်အပျက်ကြီး ပျက်စေခဲ့သောအချက်ဖြစ်သည်။  

          ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်ပိုင်းသဘောထားကွဲလွဲမှုသည် သက်ဆိုင်ရာခေါင်းဆောင်များကို သာမက ပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် အကျိုးသက်ရောက်မှုရှိခဲ့သည်။ စင်စစ် ရခိုင်လူထုတို့သည် ခေါင်း ဆောင်ကြိုက်နိုင်ငံရေးထဲတွင် ကျင်လည်နေကြသူများဟု ဆိုနိုင်သည်။ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်ပိုင်း များ ခွဲထွက်သွားသောအခါ ပြည်သူများသည်လည်း မိမိကြိုက်နှစ်သက်ရာခေါင်းဆောင်နောက်သို့ ထပ်ကြပ်မ ကွာ လိုက်ပါသွားကြ၏။ အခြားတစ်ဖက်တွင် ရခိုင်ခေါင်းဆောင်များကိုယ်တိုင်သည်လည်း ၎င်းတို့၏ မိခင်ပါတီ စွဲကို မချွတ်နိုင်ခဲ့ကြသူများဖြစ်ကြောင်း သိသာထင်ရှားလာခဲ့၏။ ရခိုင်လူထု၏ အမျိုးသားအကျိုးစီးပွားသည် ပါ တီထဲတွင် ရှိသလား၊ ခေါင်းဆောင်များတွင်ရှိသလား(သို့မဟုတ်) မူဝါဒထဲတွင်ရှိသလားဆိုသည်ကို စဉ်းစားစ ရာသာဖြစ်၏။

                                                                                      (ငါး)

          လက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီမှခွဲထွက်လာသော  မူရင်းခေါင်းဆောင်များသည် ဖျက်သိမ်းခဲ့ပြီး သောမိခင်ပါတီ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ALD) ကိုပြန်လည်ထူထောင်ကြ၏။ နဂိုမိခင်ပါတီ၏ တံဆိပ်ဖြစ်သော တိုက်ခိုက်ရေးဗျာလပုံကိုပင် ပါတီတံဆိပ်အဖြစ် ပြန်လည်အသုံးပြုသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗျာလပုံကို ပြန်လည်သုံးခြင်းသည် ANP ကိုထောက်ခံသူများအတွက် အငြင်းပွာစရာဖြစ်နေခဲ့၏။ ဗျာလချင်း ပုံမှားရိုက်ရန် ကြိုးစားခြင်းဟု သုံးသပ်ကြ၏။ သို့သော် ရခိုင်ဒီမိုကရေစီအဖွဲချုပ်မှ ဦးဦးလှမြင့်က ALD ပါတီ၏မူဝါဒ၊ စည်းကမ်း နှင့် သစ္စာအဓိဌာန်အရ နဂိုဗျာလပုံကို ပြန်လည်အသုံးပြုခြင်းသာဖြစ်ကြောင်း ရှင်းပြ၏။ အမှန်စင်စစ်တွင်လည်း ရခိုင်အမျိုးသားပါတီ၏ ဗျာလပုံသည် သီရိဝိစ္စကိုရင်ခွင်ပိုက်ထားပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင်တော့ ဗျာလ တစ်ရုပ်တည်း သီးသန့်သာဖြစ်သည်။ တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးဖေကြွယ်က ရခိုင်အမျိုး သားပါတီခေါင်းဆောင်ပိုင်းကွဲလွဲမှုများနှင့်ပတ်သက်၍ ပြည်သူများကို သနားကြောင်းဆိုသည်။

          လက်ရှိအချိန်တွင်တော့ တစ်နှစ်ကျော်ခန့်မျှအချိန်သာကျန်တော့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူများရင်လေးနေသံကို အတိုင်းသားကြားနေရ၏။ ၂၀၂၀ တွင် ဗျာလချင်းအတူတူ၊ ဒေါင်းရန်ငှက် (သို့မ ဟုတ်) ဝံလက်ငှက်ချင်းအတူတူ၊ ရခိုင်လူမျိုးနှင့် ရခိုင်ပါတီချင်းအတူတူအတွက် ရခိုင်လူထုက မဲခွဲ၍ပေးကြရ မည်ဖြစ်၏။ မည်သည့်ဗျာလကို မဲပေးကြမည်နည်းဆိုသည်မှာလည်း ခက်ခဲကြလိမ့်မည် ဖြစ်၏။ နောက်ဆုံးတွင် ရခိုင်ပြည်သူများသည် ၎င်းတို့မဲပေးရမည့်ပါတီနှင့်ခေါင်းဆောင်ကို နံရိုးတွင်လက်ထောက်၍ ဆုံးဖြတ်ချက် ချရမည့် ကိန်းဖြစ်၏ သို့မဟုတ်ပါက ပါတီတံဆိပ်များထဲမှ ဗျာလကို မေးကြရလိမ့်မည်ဖြစ်၏။ ဗျာလအစစ် ဘယ်သူလဲဟု။ ။    

ဗီဒီယိုများ