ရခိုင်ရိုးတောင်ဟာ ကတုံးဖြစ်သွားပြီလား

မြန်မာနိုင်ငံမှာ လူသိများတဲ့ သစ်ပင်တွေ၊ တောရိုင်းတိရိစ ္ဆာန်တွေနဲ့ အရမ်းလှပတဲ့ ရခိုင်ရိုးမတောင်ဟာ တကယ်ပဲ ပျက်စီးသွားပြီလား။ တကယ်ပဲ တောင်ကတုံးဖြစ်သွားပြီလား။ အဘွားနဲ့ ထိုအမျိုးသမီးပြောကြားတဲ့ စကားတွေ တကယ်မှန်ပါတယ်။ ရိုးမတောင်ကိုဖြတ်ပြီးသွားတဲ့ ခရီးသွားပြည်သူတွေ လက်ရှိဖြစ်နေတဲ့ အခြေအနေကို မြင်တွေ့ရမှာပါ။

By မိုးဇော်မြင့် 16 Jun 2015

မိုးဇော်မြင့် ရေးသားသည်။

လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်လောက်က မြင်တွေ့ခဲ့ရတဲ့ နေရာတွေ၊ မြင်ကွင်းတွေဟာ ဒီကနေ့ မြင်တွေ့နေရတဲ့ အခြေအနေနဲ့ အရမ်းကိုကွာခြားသွားပြီး နေရာအသစ်တခုရောက်သွားသလို ခံစားရတယ်လို့ မြောက်ဦးကနေ ရန်ကုန်ကိုလာတဲ့ အသက် (၆၀)အရွယ် အဘွားအိုတစ်ယောက်က ပြောပါတယ်။

တချိန်က ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့သို့ သွားပြီဆိုရင် ရခိုင်ရိုးမတောင်ဟာ သစ်ပင်ကြီးတွေ၊ အပင်တွေအများကြီးနဲ့ သိပ်လှတဲ့ သိပ်သဘာဝကျတဲ့တောင်လို့ ဆိုပါတယ်။

“ အဘွားတို့ အရင်က ရန်ကုန်သွားတုန်းကဆိုရင် ရိုးမတောင်ဖြတ်တဲ့ ကားလမ်းတစ်လျှောက်မှာ လူသုံးယောက်လောက် ဖက်လို့ရတဲ့ သစ်ပင်ကြီးတွေရှိတယ်။ ပြီးတော့ ရိုးတောင်မှာ သစ်ပင်တွေထူထပ်ပြီးတော့ စိမ်းစိုပြီးအရမ်းလှတဲ့ မြင်ကွင်းတွေရှိတယ်။ ဒါပေမဲ့ အခုမြင်လိုက်ရတာက ဝါးပင်လေးတွေတောင် သေးသေးလေးပဲ တွေ့ရတော့တယ်။ သစ်ပင်ကြီးတွေကိုတော့ မေးမနေနဲ့တော့ မမြင်တွေ့ရတော့ဘူး။ ” ဟု မြောက်ဦးမြို့က အသက်(၆၀) အဘွားအိုတစ်ဦးဖြစ်တဲ့ ဒေါ်မအေးစိန်းက ပြောတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ရိုးမတောင်ကို ဖြတ်တဲ့လမ်းဟာ Express ကားတစ်စီးသာ သွားလို့ရတဲ့အပြင် လမ်းကလည်းအရမ်းကြမ်းတော့ အချိန်နှစ်ရကန်ခန့်သွားရပြီး အခုလိုမျိုး အထူးကားတွေ မပေါ်သေးတဲ့အတွက် ရိုးရိုးကားစုတ်လေးနဲ့ သွားနေရတော့ ခရီးသည်တွေဟာ ခြေ၊ လက်၊ ညောင်းတာတွေ၊ မောပန်းတာတွေကို ရိုးမတောင်ရဲ့ သစ်ပင်ကြီးတွေနဲ့ စိမ်းစိုလှပတဲ့ သဘာဝအလှတရားလေးကို ခံစားပြီး ဖြေသိမ့်ခဲ့ရတယ်လို့လည်း အဘွားအိုက ပြောကြားခဲ့ပါသေးတယ်။

စာရေးသူအနေနဲ့လည်း သိပ်မကြာတဲ့ ရက်ပိုင်းအနည်းငယ်လောက်က စစ်တွေကနေ ရန်ကုန်မြို့ကို ရွှေပြည်သစ်ကားနဲ့ သွားခဲ့ပါတယ်။ ရိုးမတောင်ကိုလည်းဖြတ်တော့ ဘေးနားကထိုင်တဲ့ တခါမှမရောက်ဖူးသေးတဲ့ အသက် ၄၀ ကျော်လောက်ရှိမယ့် အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ ဒီတောင်ဟာ ရိုးမတောင်လား၊ ကျမကြားဖူးတာကတော့ ရိုးမတောင်ဟာ လမ်းတွေကွေ့ကောက်ပြီးတော့ သစ်ပင်တွေ အများကြီးနဲ့ အရမ်းလှပတဲ့တောင်လို့ ကြားဖူးတယ်။ အခုမြင်နေရတာနဲ့ ကြားဖူးတာက တခြားစီပါလား။ အားလုံးက တောင်ကတုံးတွေပါလား။ အကုန်လုံးက မီးရှို့ထားကြတယ်နော်။ ဟိုနားလေးတွေမှာလည်း သစ်ပင်တွေမရှိဘဲ မြေသားတွေ၊ မြေနီလေးတွေပဲ မြင်နေရတယ်နော်။ အရင်တုန်းကဆိုရင် ဝါးပင်တွေ အများကြီးရှိမှာပဲနော်။ ” ဆိုပြီး တစ်ယောက်တည်း ညဉ်းတွားပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ လူသိများတဲ့ သစ်ပင်တွေ၊ တောရိုင်းတိရိစ ္ဆာန်တွေနဲ့ အရမ်းလှပတဲ့ ရခိုင်ရိုးမတောင်ဟာ တကယ်ပဲ ပျက်စီးသွားပြီလား။ တကယ်ပဲ တောင်ကတုံးဖြစ်သွားပြီလား။ အဘွားနဲ့ ထိုအမျိုးသမီးပြောကြားတဲ့ စကားတွေ တကယ်မှန်ပါတယ်။ ရိုးမတောင်ကိုဖြတ်ပြီးသွားတဲ့ ခရီးသွားပြည်သူတွေ လက်ရှိဖြစ်နေတဲ့ အခြေအနေကို မြင်တွေ့ရမှာပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ သဘာဝပတ်ဝန်းကျင်အဖွဲ့၊ ဌာနရှိပါတယ်။ အဲဒီအဖွဲ့၊ အဲဒီဌာနတွေဟာ ဒါတွေကို ကာကွယ်ဖို့၊ သစ်ပင်တွေကို ပြန်လည်ပျိုးထောင်ပေးဖို့ ဖွဲ့ထားတာ မဟုတ်ဘူးလား။ ရောင်းစားဖို့၊ စီးပွားသမားတွေနဲ့ နှစ်ပါးသွားဖို့ ဖွဲ့ထားတာလားဆိုတာကို မေးမြန်းစရာတွေ ဖြစ်နေပါတယ်။ အလားတူပဲ အစိုးရအဖွဲ့မဟုတ်တဲ့ ရခိုင်ပြည်သူလူထုကိုအခြေခံပြီး ဖွဲ့စည်းထားတဲ့ ရခိုင်သဘာဝသယံဇာတွေကို ကာကွယ်ဖို့ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့ကကော ဒါတွေကို မမြင်ဘူးလား၊ အိမ်နားက ချောင်း၊ မြောင်းပိတ်နေတာကိုလည်း ကန့်ကွက်ပြောဆိုရုံနဲ့ ပြီးသွားမှာလား။ စစ်တွေဟိုတယ်နားက ကမ်းခြေမှာ ပလက်စတစ်အိတ်ခွံတွေ၊ ဗူးခွံတွေ ကောက်ရုံနဲ့ပဲ ကျေနပ်နေပြီလား။ တဆင့်တိုးပြီး ရခိုင်ပြည်သူ တစ်ရပ်လုံးနဲ့ဆိုင်တဲ့ ရခိုင်ရိုးမတောင် အပါအဝင် အခြားနေရာဒေသတွေမှာရှိတဲ့ တောတောင်တွေနဲ့ ပတ်သက်ပြီး မပြောဆိုတော့ဘူးလား၊ မကန့်ကွက်တော့ဘူးလား မေးစရာတွေ ဖြစ်နေပါတယ်။

ထစ်ခနဲ့ဆို ဆန္ဒပြကန့်ကွက်နေကြတဲ့ အဖွဲ့တွေအနေနဲ့ရော ရေငုံနုတ်ပိတ်ပြီး နေသွားကြမှာလား။ တချိန်လုံး ဘင်္ဂလီကုလားတွေနဲ့ နှစ်ပါးသွားနေတဲ့ လူထုခေါင်းဆောင်တချို့အနေနဲ့ကရော တခြားကဏ္ဍလေးတွေကို လုပ်ဆောင်သွားဖို့ မျက်စိမပွင့်တော့ဘူးလား။ ရခိုင်ပြည်နယ် အကျိုးစီးပွားဆိုပြီး ကိုယ်နာမည်ရမယ့် အလုပ်တွေ၊ ကဏ္ဍတွေကိုပဲ ဆောင်ရွက်သွားကြမှာလား ပြောဆိုစရာတွေ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်က ထွက်ရှိသမျှ သဘာဝသယံဇာတတွေအားလုံးကို ထုတ်ယူသုံးစွဲနေတဲ့ အစိုးရအနေနဲ့လည်း တော်တော်တရားလွန်နေပါပြီ။ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ဒေသခံတိုင်းရင်းသားတွေရဲ့ ဘဝအခြေအနေကိုလည်း ငှဲ့ညှာသင့်နေပါပြီ။ အကျိုးအမြတ်တွေကို သေချာခွဲဝေပြီး တိတိကျကျဆုံးဖြတ်ဖို့ အချိန်တန်ပါပြီ။ စစ်အာဏာရှင်ခေတ်က သုံးစွဲခဲ့တဲ့ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် ထွက်ရှိသမျှကို အစိုးရကသာ ပိုင်ဆိုင်တယ်ဆိုတဲ့ အယူအဆကိုပဲ အမြဲတမ်းကျင့်သုံးသွားတော့မှာလား။ အဲဒီလိုသာဆိုရင် “ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်နေပါတယ်၊ သွားနေပါတယ် ” ဆိုတဲ့စကားဟာ အလကားဖြစ်သွားပါလိမ့်မယ်။

ရခိုင်ရိုးမတောင်ကို တောင်ကတုံးဖြစ်သွားအောင်၊ ပျက်စီးသွားအောင်၊ သစ်ပင်တွေ နလန်မထူနိုင်အောင် လုပ်တာမှာ ရခိုင်ပြည်နယ်က ခရိုနီရခိုင်စီးပွားရေးသမားတွေလည်း ပါနေပါတယ်။ အခြားတိုင်းရင်းသားတွေလည်း ပါပါတယ်။ နာမည်တွေကိုတော့ ထုတ်ဖော်မပြောလိုတော့ပါဘူး။ ဘယ်သူတွေ ဘာလုပ်တယ်၊ ဘယ်သူတွေက ဘာဖြစ်တယ်ဆိုတာကို ပြည်သူတွေသိသွားတဲ့တနေ့မှာ ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။

တချိန်က မကောင်းခဲ့တဲ့ အရမ်းကြမ်းတဲ့ ရိုးမတောင်ကိုဖြတ်တဲ့လမ်းကို အစိုးရက မဖြစ်စလောက်ငွေလေးနဲ့ နည်းနည်းကောင်းအောင် ကတ္တရာလမ်းလေး လုပ်ပေးထားပါတယ်။ ရခိုင်ပြည်သူတချို့ကတော့ ချီးမွမ်းစကားတွေ ပြောကြပါတယ်။ ရန်ကုန်ကို လမ်းကောင်းလို့ မြန်မြန်ရောက်တယ်ဆိုပြီး ပြောဆိုကြပါတယ်။ ရခိုင်ပြည်သူတွေကတော့ ဒါကို ကျေနပ်နေပြီလား မသိဘူး။ တကယ်တော့ ဒါကကျေနပ်စရာ မဟုတ်သေးပါဘူး။ ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝသယံဇာတတွေက ရရှိတဲ့ငွေက အများကြီးပါ။ တကယ်လုပ်ပေးမယ်ဆိုရင် ဒီထက်အဆပေါင်းများစွာ ကောင်းတဲ့လမ်းကို လုပ်ပေးလို့ ရပါတယ်။ ဒါပေမယ့် အစိုးရကတော့ စေတနာမရှိလို့လား မသိဘူး။ မလုပ်ပေးဘူး။

အရင်နှစ်ပေါင်းများစွာက ရခိုင်လူမျိုးတွေဟာ တိုင်းပြည်တစ်ခုအဖြစ်နဲ့ နေထိုင်ခဲ့စဉ်က ရိုးမတောင်ကို တံတိုင်းသဖွယ် အားကိုးခဲ့တဲ့ တောင်တန်းဟာ ကျိုးပေါက်သွားပါပြီ။ အရင်နှစ်တွေကလို ရိုးမတောင်ရဲ့ အလှတရားကို ခံစားချင်ပါတယ်။ သစ်ပင်ကြီးတွေနဲ့အတူ ဝါးပင်လေးတွေကိုလည်း မြင်တွေ့ချင်ပါသေးတယ်။ အဲဒီအရင်းအမြစ်တွေကို အစိုးရအနေနဲ့ ထုတ်ယူသုံးစွဲမယ်ဆိုရင်လည်း ဒေသခံတွေရဲ့ ရပိုင်ခွင့်ကိုလည်း ပြန်ကြည့်ပေးပါဆိုတဲ့ ရခိုင်ပြည်သူတွေရဲ့ ညဉ်းတွားသံနဲ့အတူ စောင့်မျှော်နေတယ်ဆိုတာကို အစိုးရသိပါစေလို့ ဆုတောင်းပါရစေ။ ။

(ဤဆောင်းပါးကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

 

 

 

ဗီဒီယိုများ