ဥပေက္ခာပြုခံနေရသော ဝန်ထမ်းများ

မြို့တော်၏ အနားသတ်မျဉ်းများတွင် ဝန်ထမ်းများ စုဝေးနေတတ်သည်။ အထူးသဖြင့် ဈေး၊ ဆိပ်ကမ်းများတွင်ဖြစ်သည်။ တာဝန်ကျေလှသော ဝန်ထမ်းများ၊ အသက်အရွယ်နှင့် မမျှအောင် ဝန်ထမ်းနေသည့် ဝန်ထမ်းများ။ သူတို့သည် တာဝန်ကျေ ပွန်အောင်လည်း အလုအယက် ဝန်ဆောင်မှုပြုကြသည်။ သူတို့မှာ မြော်မြင်သော အတွေးအခေါ်မရှိ၊ ဝန်ထမ်းနေရလျှင် ကျေနပ်နေသည့်အသွင်။ နိုင်ငံတော်လစာကို ထုတ်ယူကာ ပြည်သူများအား ပမာမခန့် ဆက်ဆံနိုင်သော ဝန်ထမ်းတချို့ကဲ့သို့ မာန်မာနများလည်း သူတို့မှာမရှိ။ သူတို့ကို တွေ့ချင်လျှင် မြို့တော်စစ်တွေ၏ ရခိုင်ပြည်နယ်အစိုးရရုံးမှ သုံးဘီးဆိုင်ကယ် ၂၀၀ ဖိုး စီးလိုက်လျှင် စစ်တွေမြို့မဈေး၏ ဈေးဖောင်တော်များတွင် တွေ့နိုင်သည်။ ရခိုင်ပြည်နယ်လွှတ်တော် တည်ရှိရာနေရာမှလည်း တစ်နာရီသာသာ ခရီးသာရှိသည်။ ယင်းနေရာတွင် ဝန်ထမ်းချင်နေသည့် ဝန်ထမ်းများရှိနေသည်။

31 Jul 2017

ဇူလိုင်လ ၃၁၊ ၂၀၁၇ ခုနှစ် (DMG) ။   ။   မြို့တော်၏ အနားသတ်မျဉ်းများတွင် ဝန်ထမ်းများ စုဝေးနေတတ်သည်။ အထူးသဖြင့် ဈေး၊ ဆိပ်ကမ်းများတွင်ဖြစ်သည်။ တာဝန်ကျေလှသော ဝန်ထမ်းများ၊ အသက်အရွယ်နှင့် မမျှအောင် ဝန်ထမ်းနေသည့် ဝန်ထမ်းများ။ သူတို့သည် တာဝန်ကျေ ပွန်အောင်လည်း အလုအယက် ဝန်ဆောင်မှုပြုကြသည်။ သူတို့မှာ မြော်မြင်သော အတွေးအခေါ်မရှိ၊ ဝန်ထမ်းနေရလျှင် ကျေနပ်နေသည့်အသွင်။ နိုင်ငံတော်လစာကို ထုတ်ယူကာ ပြည်သူများအား ပမာမခန့် ဆက်ဆံနိုင်သော ဝန်ထမ်းတချို့ကဲ့သို့ မာန်မာနများလည်း သူတို့မှာမရှိ။ သူတို့ကို တွေ့ချင်လျှင် မြို့တော်စစ်တွေ၏ ရခိုင်ပြည်နယ်အစိုးရရုံးမှ သုံးဘီးဆိုင်ကယ် ၂၀၀ ဖိုး စီးလိုက်လျှင် စစ်တွေမြို့မဈေး၏ ဈေးဖောင်တော်များတွင် တွေ့နိုင်သည်။ ရခိုင်ပြည်နယ်လွှတ်တော် တည်ရှိရာနေရာမှလည်း တစ်နာရီသာသာ ခရီးသာရှိသည်။ ယင်းနေရာတွင် ဝန်ထမ်းချင်နေသည့် ဝန်ထမ်းများရှိနေသည်။ 

“သူတို့ အသက်အရွယ်က တအားငယ်နေသေးတော့ အထုတ်အပိုးတွေ ထမ်းဖို့ခိုင်းရတာ မခိုင်းရက်ဘူး။ တစ်ခါတုန်းကလည်း ကျွန်တော့်ရှေ့မှာတင် မနိုင်မနင်း အထုပ်ကြီးနဲ့ လဲကျသွားတာ မြင်ဖူးတယ်။ အတော်လေးကို စိတ်မကောင်းဖြစ်ရတာ’’ ဟု ပေါက်တောမြို့နယ် စိုးမဲကျေးရွာမှ ကိုအောင်နိုင်က ပြောသည်။ 

သို့ဆိုလျှင် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တောင်များကို သိရှိကြပြီး ဖြစ်နေပါလိမ့်မည်။ ယင်းကဲ့သို့ မနိုင်ဝန်ထမ်းရင်း လောကဓံကို ရင်ဆိုင်နေသော လူငယ်များသည် အနာဂတ်ရခိုင်ပြည်၏ သားကောင်းရတနာများဖြစ်သည်။ လူငယ်တို့၏ ဖြတ်သန်းမှုသည် စာသင်ကျောင်းဆောင်ထဲတွင် ရှိရမည့်အစား မြို့တော်၏ ဘုတ်ဆိပ်များတွင် ရှိနေသည်။ သဘေ်ာဆိပ်များတွင် ရှိနေသည်။ နယ်မှတက်လာသည့် ခရီးသည်များ၏ ဆန်အိတ်များ၊ အထုတ်အပိုးများကို မနိုင်မနင်း ထမ်းနေကြရသည်။ သူတို့သည် ပညာရေးကို ဖြည့်ဆည်းရမယ့်အစား ဝမ်းရေးကိုဖြည့်ဆည်းနေရသည်။ နိုင်ငံတော်တာဝန်ကို ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်မည့် အနာဂတ်သားကောင်းရတနာများက လူတကာ၏ အထုပ်အပိုးများကို အသက်အရွယ်နှင့် မလိုက်အောင် ထမ်းဆောင်နေကြရသည်။

“ကျွန်တော်တို့က ဗျိုင်းဖြူရွာကလာကြတာပါ၊ တစ်နေ့မှာ သုံးထောင်လောက်ရတဲ့ နေ့တွေရှိပါတယ်။ မသယ်ပိုးနိုင်တဲ့ဝန် ထုပ်တွေကိုတော့ လူကြီးတွေက ကူသယ်ပေးကြပါတယ်’’ ဟု စစ်တွေမြို့ ဗျိုင်းဖြူရွာကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်စိုးဝင်းက သူ၏ လုပ်ငန်းကိုဖွင့်ဟသည်။

မောင်စိုးဝင်းသည် အတန်းပညာတတိယတန်းသာ သင်ကြားခဲ့ပြီး အိမ်၏စားဝတ်နေရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်နေရသည်ဟု ဆိုသည်။ စစ်တွေ ဈေးဆိပ်ကမ်းတွင် မောင်စိုးဝင်းကဲ့သို့ လူငယ် ၃၀ ကျော်ခန့် ရှိနေသည်။ တချို့လူငယ်များမှာ ဆေးလိပ်များကို လက်ကြားတွင် ဟန်ပါပါညှပ်ကာ ရှိုက်ဖွာနေကြသည်။ လူကြီးတစ်ဦးလို ရုန်းကန်နေရသည့်အခါ သူတို့၏ စိတ်ဓာတ်သည် ပြောင်းလဲမှုကြောင့် ရင့်ကျက်လာခြင်းမဟုတ်ပဲ အတုယူမှုဖြင့်ဘဝကို ဖြတ်သန်းကြတော့သည်။

ကောင်းမွန်သော အတုယူစရာများကလည်း သူတို့အနီးအနားတွင် အဆင်သင့်ရှိမနေ။ ကွမ်းယာဆိုင်များက အဆင်သင့်ရှိနေသည်။ ကွမ်းစားတတ်သူများ၊ ဆေးလိပ်သောက်တတ်သူ၊ အဖော်အပေါင်းနှင့်အရက်သေစာ သောက်စားတတ်သူများက သူတို့၏ နောင်တောင်ကြီးများဖြစ်သည့် ဝန်ထမ်းဖော်များ။ ယင်းကဲ့သို့ အခြေအနေများသည် စစ်တွေမြို့၏ အနီးတဝိုက်တည်း။ တခြားမြို့နယ်များတွင်လည်း ရှိနေသည်။  အစိုးရစနစ်ပြောင်းလာ၍ ဒီမိုကရေစီအသွင်ပြောင်းသည်ကိုလည်း သူတို့မသိ၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ မေးခွန်းများ၊ အဆိုများကိုလည်း သူတို့နားမလည်။ ယုတ်စွအဆုံး ၂၀၁၅ က ကြွေးကြော်ခဲ့သော ပြောင်းလဲချိန်တန်ပြီဆိုသော စာသားကိုပင် သူတို့မကြားသယောင်။ သူတို့ မပြောင်းလဲသည်ကတော့ သူတို့သည် လာလာသမျှ ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ပေးရန် အဆင်သင့်ရှိနေခြင်း။ ကျောင်းအားလပ်သည့်အချိန်တွင် ငယ်ရွယ်နုပျိုသော ကလေးသဘာ၀ မုန့်များအလုအယက်စားနေမည့် အရွယ်များက သူတို့အားခိုင်းစေမည့်သူတို့၏ အထုပ်အပိုးများကို အလုအယက်ထမ်းဆောင်ရန် တိုးဝှေ့နေကြရသည်။  လူစည်ကားသော စစ်တွေဈေးဆိပ်ဖောင်တော်တွင် သူတို့ကို တစ်နေကုန်လိုလို မြင်တွေ့နေရသည်။

ယင်းအခြေ အနေများသည် ရခိုင်ပြည်၏ လက်ရှိအနေအထားအတွက်သော်လည်းကောင်း အနာဂတ်အတွက်သော်လည်းကောင်း ပေါ့လျော့မနေသင့်သော ကိစ္စရပ်ဖြစ်ကြောင်း မြင်တွေ့နေရသူများက သုံးသပ်ပြသည်။

စစ်တွေမင်းကံရပ်ကွက်မှ ကိုညီချေမှ “ငါ့ဝမ်းပူဆာ မနေသာဆိုသလိုပေါ့။ စားရေးနဲ့ ပညာသင်ရေးမှာ ပညာငတ်တာက နောက် ထမင်းငတ်တာကျတော့ တစ်ရက်မခံနိုင်ကြဘူးလေ။ အဲဒါကြောင့် သူတို့ ဒီအသက်အရွယ်နဲ့ ဒီလိုအလုပ်မျိုးကို ရွေးချယ်လာကြတာပါ။ ကျောင်းတက်နေရတဲ့ ကလေးငယ်တွေဆိုရင် ကျောင်းတက်ပျင်းရင် ပျင်းမယ်၊ ဒါပေမယ့် အခုလို ပင်ပန်းတကြီး ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းချင်ကြမှာ မဟုတ်ပါဘူး။’’ ဟု သူ့အမြင်ကိုပြောသည်။

သို့ဆိုလျှင် ယင်းကဲ့သို့ အနာဂတ်မဲ့နေသော ကလေးငယ်များအတွက် လွှတ်တော်ကသော်လည်းကောင်း၊ အစိုးရက သော်လည်းကောင်း ဘာတွေစီစဉ်ထားပြီးပြီလဲ။  ရခိုင်ပြည် ၁၇ မြို့နယ်အနှံ့တွင် ယင်းကဲ့သို့ မနိုင်ဝန်ထမ်းနေရသော ဝန်ထမ်းများရှိနေသည်။ သူတို့အတွက် လစာတိုးပေးရန်လည်း စဉ်းစားပေးစရာမလို၊ နိုင်ငံတကာ အဆင့်မီအောင်လည်း သင်တန်းများပို့ချနေစရာ မလို၊ ၎င်းတို့ကို လိုအပ်သူများက နယ်တကာမှ မြို့ကိုရောက်လာကာ အထုပ်အပိုးများများ ယူဆောင်လာသူများသာ ဖြစ်နေသည်။  အစိုးရသက်တမ်း နှစ်ဆက်ပြောင်းလဲလာသည့်တိုင် သူတို့၏ ဘဝအနေအထားမှာ ပိုနေမြဲကျားမြဲသာဖြစ်နေသေးသည်။  ရခိုင်လူဦးရေ ၃.၂ သန်းထထဲတွင် နေရပ်စွန့်ခွာကာ ရွေ့ပြောင်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေရသူများ၊ ပညာအဆင့်တန်းမြင့်မြင့် မသင်ခဲ့ရသူများက ယခုလက်ရှိတွင်ရှိနေသည်။ ယင်းသို့ရှိနေသည့်အထဲတွင် အမှန်တကယ် ကျောင်းတွင်ပျော်မယ့်အရွယ်၊ အရွယ်ငယ်ငယ်များက ရထားလမ်းဘေး၊ ကားလမ်းဘေးများတွင် ပလက်စတစ်အိတ်များလိုက် ကောက်လိုက်၊ ဘုတ်ဆိပ်၊ သင်္ဘောဆိပ်များတွင် အထုပ်အပိုးများသယ်ပိုးရန် အလုအယက် တိုးဝှေ့လိုက်လုပ်ဆောင် နေကြသည်ကို မြင်တွေ့နေရခြင်းသည် ရခိုင့်အနာဂတ်ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်သည်။ သူတို့အတွက် ဘယ်သူတွေက ခံစားပေးပြီး ရခိုင့်အနာဂတ်အတွက် စဉ်းစားနေကြသလဲ။ လူမှုအဖွဲ့အစည်းများလား၊ ရခိုင်ပြည်လွှတ်တော်ရုံးမှ ကိုယ်စားလှယ်တော်ကြီးများလား၊ အစိုးရရုံးမှ ဝန်ကြီးများလား။ ရခိုင်ပြည်နယ် ကျောက်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဦးထွန်းဝင်းမှ ရခိုင်ပြည်နယ်တွင် ကျောင်းဝင်ဦးရေ ၅၄ ရာ ခိုင်နှုန်းသာရှိပြီး ကျောင်းပြင်ပတွင် ၄၆ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကလေးအလုပ်သမားဦးရေ ၅ ရာခိုင်နှုန်းရှိပြီး ကလေးလုပ်သားဦးရေ ၆ သိန်းကျော်ရှိကြောင်းသိရသည်။ ပညာရှင်တချို့သုံးသပ်ချက်တွင် ကလေးလုပ်သားများပေါများခြင်းမှာ အစဉ်အလာလာခံမှုနှင့်လည်း ပတ်သက်နေကြောင်း ၎င်းမှဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရသော နိုင်ငံများတွင် ကလေးငယ်တစ်ဦးအား အလုပ်ခိုင်းစေမှုကိုတွေ့လျှင် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းရှုတ်ချကာ မနှစ်သက်မှုများကို ပြသသော်လည်း မြန်မာနိုင်ငံကဲ့သို့ ဖွဲ့ဖြိုးတိုးတက်ဆဲနိုင်ငံ၊ အစဉ်အလာအရလည်း လူကြီးများက ကလေးငယ်များကို လက်တိုလက်တောင်း ခိုင်းလေ့ရှိသော နိုင်ငံများတွင် ကလေးငယ်များကို အလုပ်စေခိုင်းမှုမှာ အစဉ်အလာအရ ရိုးအီနေသော မြင်ကွင်းများဖြစ်သည်ဟုဆိုသည်။ ယင်းအတွက်ကြောင့်လည်း အရွယ်မရောက်သေးသော အိမ်ဖော်၊ အရွယ်မရောက်သေးသော စားပွဲထိုး၊ အရွယ်မရောက်သေးသော စပယ်ယာ၊ အရွယ်မရောက်သေးသော အထုပ်အပိုးထမ်းပိုးနေသူများကို နေရာတိုင်းလိုလိုမှာ တွေ့မြင်နေရခြင်းပင်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ချီတက်နေသော အစိုးရလက်ထက်တွင် အဆိုပါကလေးငယ်များမှာ ဒီမိုကရေစီ ကျင့်စဉ်တရား၏ တစ်ဖက်ကမ်းတွင် ရောက်နေသလိုဖြစ်နေသည်။ ဒီမိုကရေစီကျင့်စဉ်တရားများထဲမှ အခြေခံလူ့အခွင့်အရေးကဏ္ဍ အပိုဒ် ၇ တွင် အရွယ်မရောက်သေးသော ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် မိဘများမှစ၍ နိုင်ငံသားတိုင်းနှင့် အစိုးရထံတွင် တာဝန်ရှိသည်။ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များ အရွယ်မရောက်မချင်း တာဝန်ယူရန် သဘာဝတရားက ပေးအပ်သော တာဝန်များရှိကြ၏။ အကယ်၍ အခြေအနေအမျိုးမျိုးကြောင့် မိဘများက မိမိတို့၏ ရင်သွေးငယ်များကို တာဝန်ယူနိုင်ခြင်းမရှိပါက၊ နိုင်ငံသားများနှင့် အစိုးရကတာဝန်ယူရမည်။ အခွန်ဆောင်ခြင်းအားဖြင့် သော်လည်းကောင်း၊ ရရှိလာသော အခွန်တော်ငွေများကို အသုံးပြု၍ အရွယ်မရောက်သေးသော ကလေးငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို နည်းလမ်းမျိုးစုံဖြင့် တာဝန်ယူဆောင်ရွက်ရမည်။ ဟု ဖော်ပြပါရှိထားသည်။ 

သို့ရာတွင် စစ်တွေဈေးဆိပ်မှ ဝန်ထမ်းကလေးငယ်များမှာ အဆိုပါ ကျင့်စဉ်တရားကို လက်တွေ့ အကောင်အထည်ဖော်ပေးမည့် ဒီမိုကရေစီလိုလားသူများ ပျောက်ဆုံးနေသည်။ ပုံမှန်အထုပ်သယ်ပိုးရန် ခိုင်းစေသူများကိုတော့ နိစ္စဓူ၀ တွေ့နေရသည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စာချုပ်တွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသော လူသားအများအားလုံးကို ဆိုလိုသည်ဟု ဖော်ပြထားပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ  ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကလေးအခွင့်အရေး ဆိုင်ရာသဘောတူစာချုပ်ကို ပြဌာန်းခဲ့သည်။ သတ်မှတ်ထားသည့်နိုင်ငံ အရေအတွက် ၂၀ ပြည့်သွားသဖြင့် ၁၉၉၀ တွင် စာချုပ်အသက်ဝင်လာခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်အား ၁၉၉၁ ခုနှစ်၊ ဇူလိုင်(၁၅) ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။ အဆိုပါ ကလေးသူငယ် အခွင့်အရေးစာချုပ်ကို နိုင်ငံတကာမှလည်း အထူးလေးစားထောက်ခံခဲ့ကာာ စာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံက အတည်ြ့ပုလက်မှတ်ထိုးခဲ့ကြသည်ဟုလည်း သိရသည်။

ထိုစာချုပ်တွင် ကလေးသူငယ်များ၏ အခွင့်အရေးများကို (၁) အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးများ၊ (၂) ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ၊ (၃) ကာကွယ်မှုဆိုင်ရာ အခွင့်အရေးများနှင့် (၄) ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများဟူ၍ အကြမ်းအားဖြင့် အမျိုးအစားလေးမျိုးခွဲခြား လေ့ရှိကြောင်းသိရသည်။ အသက်ရှင်ရပ်တည်မှု အခွင့်အရေးဆိုသည်မှာ ကလေးငယ်များ၏ အသက်ရှင်နိုင်ရန်လိုအပ်သော အခြေခံလိုအပ်ချက်များကို ဆိုလိုဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆိုရာတွင် ကလေးသူငယ်များအတွက် လုံလောက်သော နေထိုင်မှုအဆင့်အတန်း၊ အိမ်ယာ၊ အဟာရနှင့် ဆေးဝါးကုသမှုဆိုင်ရာများ ရယူခွင့်စသည်တို့ဖြစ်နေရာ လက်ရှိရခိုင်ပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိသော ကလေးငယ်များအတွက် ယင်းကဲ့သို့ စီမံဆောင်ရွက်ပေးမှုများကို  ဘယ်ရွှေ့ဘယ်မျှ လုပ်ေဆောင်ပေးနိုင်ခဲ့ပြီလဲ။ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်းမှ ကလေးငယ်များကို စီမံပေးမှုရှိမရှိဆိုသည်မှာ အညတြ ဝန်ထမ်းငယ်များက သက်သေပြနေသလိုရှိသည်။  

ကျော်လင်း(ရောင်စုံ)

ဗီဒီယိုများ