ရခိုင်ရှိ ကုန်းလမ်းနှင့် ရေလမ်းကြောင်းများကို မြန်မာစစ်တပ်က ရက်တာရှည်ပိတ်ထား၍ ဒေသခံများအခက်အခဲဖြစ်နေ

ရခိုင်ပြည်အတွင်းရှိ အချက်အချာကျသည့် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းအချို့ကို မြန်မာစစ်တပ်က ရက်တာရှည်ပိတ်ထားသဖြင့် ဒေသခံများ၏ လူမှုဘဝထိခိုက်နေရကြောင်း သိရသည်။

17 Sep 2022

DMG ၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်အတွင်းရှိ အချက်အချာကျသည့် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းအချို့ကို မြန်မာစစ်တပ်က ရက်တာရှည်ပိတ်ထားသဖြင့် ဒေသခံများ၏ လူမှုဘဝထိခိုက်နေရကြောင်း သိရသည်။

မြန်မာစစ်တပ်သည် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း၊ အငူမော်-မောင်တောကားလမ်း၊ ရေချမ်းပြင်-အငူမော်လမ်း၊ ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းများကို ပြီးခဲ့သည့်လများက စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ရွှေပြည်တန်အမြန်ရေယာဉ်ကို ပိတ်လိုက်သဖြင့် ဒေသခံများမှာ အခက်အခဲများစွာဖြစ်နေကြရသည် ရသေ့တောင်မြို့ခံ ကိုဆံထုံးကပြောသည်။

“ရေလမ်းလည်းပိတ်၊ ကုန်းလမ်းလည်းပိတ်ဆိုတော့ စားဝတ်နေရေးအခက်အခဲတွေက ပေါင်းစုံပါပဲ။ အခုဆို ရသေ့တောင်မှာ ကုန်ဈေးနှုန်း မိုးမျှော်အောင်အထိ ထိုးတက်နေပြီ။ ကိုယ်အဆင်မပြေရင် မိသားစုရဲ့ ကျန်းမာရေး၊ ပညာရေးတွေကိုလည်း ဘာမှ မထောက်ပံ့နိုင်ပါဘူး။ တိုင်းပြည်မှာက မြင်နေကြားနေရတဲ့အတိုင်းပါပဲ။ အခက်အခဲဘယ်လောက်ထိ ကြုံလာရနိုင်လဲဆိုတာ ကိုယ်တိုင်တောင် မတွေးရဲဖြစ်လာပါတယ်“ဟု ၎င်းကပြောသည်။

ပလက်ဝ-ကျောက်တော်

ထို့ပြင် ပလက်ဝ-ကျောက်တော်သို့ပြေးဆွဲနေသော စစ်ကောင်စီပိုင် ဇက်ရေယာဉ်ကို လွန်ခဲ့သည့်နှစ်ပတ်ခန့်မှစတင်ကာ ပိတ်ထားခဲ့သဖြင့် သွားလာရေးအခက်အခဲနှင့်ရင်ဆိုင်နေရသကဲ့သို့ ကုန်ဈေးနှုန်းများမှာလည်း နှစ်ဆခန့်မြင့်တက်နေသောကြောင့် စားဝတ်နေရေး ထိခိုက်နေကြသည်ဟု ဒေသခံများကဆိုသည်။

“လူတွေစားဖို့သောက်ဖို့က အရမ်းကိုအခက်အခဲဖြစ်နေကြပြီ။ ရိုးရိုးဆန်ကြမ်းတစ်အိပ်က ၇ သောင်းကျော်ဖြစ်နေတယ်။ ပေါ်ဆန်းမွှေးဆန်ဆိုရင် ၁ သိန်းကျော်နေပြီ။ ကြက်ဥလည်း ၁၀၀၀ ဖိုး ၃ လုံး။ ဆီတစ်လီတာကို ၆၀၀၀ ကျပ်ဖြစ်နေပါတယ်။ ကျွန်တော့်တစ်သက် ပလက်ဝမှာ ဒီလိုကုန်ဈေးနှုန်းတွေတက်လာတာ တစ်ခါမှမကြုံဖူးပါဘူး“ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

အငူမော်-မောင်တောကားလမ်းနှင့် ရေချမ်းပြင်-အငူမော်ကားလမ်း

ထိုနည်းတူ သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနှင့် ကိုးတန်ကောက်အနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဘက်မှ အငူမော်-မောင်တောကားလမ်းနှင့် ရေချမ်းပြင်-အငူမော်ကားလမ်းတို့ကို ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ရွှေပြည်တန်ရေယာဉ်လိုင်းများကို ရပ်တန့်လိုက်သဖြင့် အခက်အခဲများစွာဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။

“ခုလောလောဆယ်မှာ ကျန်းမာရေး၊ ပညာရေးကိုထားလိုက်ပါအုံး။ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ပဲလိုတယ်။ လုံးဝအဆင်မပြေတဲ့ အတိုင်းအတာကိုရောက်နေကြပြီ။ သြဂုတ် ၁၃ တိုက်ပွဲပြီးကတည်းက နည်းနည်းပါးပါးရှိတာလေးတွေကို စုဆောင်းခဲ့ကြပြီး စားသောက်နေကြရတာ။ အခုဆို ရိက္ခာတွေပြတ်လို့ တစ်ယောက်နဲ့တစ်ယောက် ချေးစားနေတဲ့ အတိုင်းအတာကလည်း ဂိတ်ဆုံးကိုရောက်နေပါပြီ“ဟု မောင်တောမြို့နယ်မြောက်ပိုင်းမှ သစ်တုံးနားခွဆုံကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

လတ်တလောတွင် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေသဖြင့် လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုကြောင်း ၎င်းကဆက်၍ပြောသည်။

“ကျွန်တော်တို့မှာ စားကုန်သောက်ကုန်တွေအားလုံးက မောင်တောမြို့ကနေ အဓိကသယ်ယူပြီး စားသောက်နေကြရတာပါ။ ကုန်လမ်းကြောင်းကို ဖွင့်ပေးဖို့တောင်းဆိုချင်ပါတယ်။ ကားနဲ့ ဆန်သယ်ယူလို့မရရင်တောင် ဆိုင်ကယ်နဲ့သယ်ခွင့်ရချင်ပါတယ်“ဟု သူကပြောသည်။

လက်ရှိ ရသေ့တောင်၊ မြောက်ဦး၊ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း တဖြည်းဖြည်းများလာနေသည်။

ဗီဒီယိုများ