ရခိုင်ဒေသ လမ်းခရီးပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန် စစ်ကောင်စီကို ဆာဆာကာဝါ တွန်းအားပေးသင့်

မစ္စတာ ဆာဆာကာဝါမှာ ရခိုင်တိုက်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးခဲ့သူဖြစ်၍ ယခုခရီးစဉ်အတွင်း ရခိုင်တွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကို ပြန်လည်ဖွင့်ပေးရန် ပြောဆိုသင့်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။ 

By Admin 02 Dec 2023

မစ္စတာ ဆာဆာကာဝါနှင့် စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ နိုဝင်ဘာ ၂၈ ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - MRTV) 
မစ္စတာ ဆာဆာကာဝါနှင့် စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ နိုဝင်ဘာ ၂၈ ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - MRTV) 

DMG ၊ ဒီဇင်ဘာ ၂ 

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စစ်ကောင်စီနှင့်တွေ့ဆုံကာ ကယား၊ ကရင်၊ မွန်၊ ရှမ်းနှင့် ရခိုင်ပြည်တို့တွင် နီပွန်ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

မစ္စတာ ဆာဆာကာဝါမှာ ရခိုင်တိုက်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးခဲ့သူဖြစ်၍ ယခုခရီးစဉ်အတွင်း ရခိုင်တွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကို ပြန်လည်ဖွင့်ပေးရန် ပြောဆိုသင့်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။ 

“လူသားချင်းစာနာမှုအကူအညီတွေကို လွတ်လပ်စွာကူညီပေးလို့ရအောင် ရခိုင်မှာ လမ်းဖွင့်ပေးဖို့အတွက် မစ္စတာ ဆာဆာကာဝါအနေနဲ့ စစ်ကောင်စီကို ပြောဆိုသင့်တယ်၊ ဖိအားပေးသင့်တယ်” ဟု ၈၈ မျိုးဆက် ရခိုင်ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း နိုဝင်ဘာ ၁၃ မှစတင်ကာ တိုက်ပွဲများပြန်ဖြစ်လာခဲ့ပြီး ယင်းနေ့မှာပင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများနှင့် မြို့အဝင်အထွက်များကို ပိတ်ဆို့လိုက်သည်။ ထို့ကြောင့် ပြည်တွင်း၌ စားသုံးကုန်နှင့် စက်သုံးဆီများ ပြတ်လပ်လာနေပြီး ပြည်သူများမှာ အဘက်ဘက်တွင် အခက်ခဲဖြစ်နေကြသည်။ 

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “အိမ်မှာ ဆန်လည်း ကုန်နေပြီ။ ဆိုင်ကယ်မှာထည့်ဖို့ ဆီလည်းဝယ်မရတော့ ဘယ်မှသွားလို့မရတော့ဘူး။ စစ်ကောင်စီက ပြည်သူတွေ ဒုက္ခရောက်အောင် တမင်လုပ်ထားတာလို့ မြင်တယ်။ ဒီအတိုင်း ရေရှည်ဆက်သွားရင် အငတ်ဘေးဆိုက်ကြတော့မှာ” ဟု ပြောသည်။ 

လမ်းခရီးပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီပြတ်လပ်နေသဖြင့် အရေးပေါ် လူမှုကူညီရေးအသင်းများမှာလည်း လုပ်ငန်းများ ရပ်နားထားကြရပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများမှာလည်း လူသားချင်းစာနာမှုအကူညီများ ပေးအပ်ရန် အခက်အခဲများ ရှိနေကြသည်။  

လက်ရှိ စစ်ကောင်စီပိတ်ဆို့ထားသည့် လမ်းခရီးများအား ပြန်လည်ဖွင့်ပေးရန် မစ္စတာ ဆာဆာကာဝါအနေဖြင့် စစ်ကောင်စီထံ တောင်းဆိုသော်လည်း စစ်ကောင်စီဘက်မှ အပစ်အခတ်ရပ်စဲမည့် အပေးအယူကို တောင်းဆိုလာနိုင်သည်ဟု နိုင်ငံရေးသမားများက ရှုမြင်ကြသည်။  

“ဆာဆာကာဝါက ပုဂ္ဂလိကအနေနဲ့လာပြီး ဒါတွေကိုညှိနှိုင်းလို့ စစ်ကောင်စီဘက်က လက်ခံမှာမဟုတ်ဘူး။ ကြားဝင်ညှိနှိုင်းဖို့ဆိုရင် စစ်ကောင်စီဘက်က အပေးအယူတစ်ခုခု တောင်းဆိုလာမှာ ဖြစ်တယ်၊ ULA/AA ဘက်က တိုက်ပွဲတွေ ရပ်စဲပေးဖို့ကို တောင်းဆိုလာမှာ သေချာတယ်။ အပေးအယူမလုပ်ဘဲတော့ စစ်ကောင်စီက ဆာဆာကာဝါ တောင်းဆိုတိုင်း လုပ်ပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခု ပြည်သူတွေဒုက္ခရောက်နေတဲ့ အခင်းအကျင်းကို ဖန်တီးထားတာက စစ်ကောင်စီဖြစ်တာကြောင့်ပဲ” ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ 

လတ်တလောတွင် နိုင်ငံအနှံ့ကျယ်ပြန့်နေသော ၁၀၂၇ စစ်ဆင်ရေးသည် AA၊ MNDAA၊ TNLA အဖွဲ့တို့က ဦးဆောင်နေခြင်း ဖြစ်သည်။ မစ္စတာ ဆာဆာကာဝါသည် လက်ရှိ ရခိုင်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးပြင်းထန်နေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

#D004 #DMG

ဗီဒီယိုများ